Article
အာရှလက်နက်ပြိုင်ဆိုင်မှုတွင် အောင်မြင်ရန် နီးစပ်လာသော တရုတ် နျူကလီးယား ရေငုပ်သင်္ဘော
လွန်ခဲ့သော တစ်နှစ် က
တရုတ်နိုင်ငံ၏ မျိုးဆက်သစ် နျူကလီးယား ရေငုပ်သင်္ဘောကို ပထမဦးဆုံးအကြိမ် ထုတ်လုပ်ရန် စတင် လုပ်ဆောင်လာသည့်အတွက် ရေငုပ်သင်္ဘောပြိုင်ဆိုင်မှု ပြင်းထန်လာပြီး အမေရိကန်နှင့် မဟာမိတ်များအတွက် ၎င်းသင်္ဘောကို ခြေရာခံစောင့်ကြည့်ရန် ခက်ခဲစေမည်ဖြစ်သည်။
အမေရိကန် ရေကြောင်းစစ်ပွဲကောလိပ်မှ တရုတ်ရေကြောင်းလေ့လာမှုအဖွဲ့အစည်းက ပြုစုခဲ့ပြီး မေလတွင် ဆွေးနွေးခဲ့ကာ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် သုတေသနက ရေယာဉ်အသစ်သည် ၎င်း၏ လှုပ်ရှားသွားလာမှု များကို စောင့်ကြည့်ရန် များစွာ ခက်ခဲမည်ဟု ခန့်မှန်းထားသည်။ လေ့လာဆန်းစစ်သူ ၇ ဦးနှင့် အာရှအခြေစိုက် တွဲဖက်စစ်ရေးအရာရှိများ၏ အဆိုအရ ၎င်းအနှစ်ချုပ်သုံးသပ်ချက်မှာ ယုံကြည်ရသည်။
“096 အမျိုးအစားများတွေက ခြောက်ခြားဖွယ် အိပ်မက်ဆိုးဖြစ်လာမယ်။” ဟု သုတေသနပြုခဲ့သူများအနက် တစ်ဦးဖြစ်သူ အငြိမ်းစား ရေငုပ်သင်္ဘောသားနှင့် ရေကြောင်းပညာရပ်ဆိုင်ရာ ထောက်လှမ်းရေး လေ့လာ ဆန်းစစ်သူ Christopher Carlson က ပြောကြားသည်။ "သူတို့ကို စုံစမ်းထောက်လှမ်းဖို့ အလွန့် အလွန် ခက်ခဲပါလိမ့်မယ်။”
တရုတ်၏ နျူကလီးယားစွမ်းအင်နှင့် ပဲ့ထိန်းဒုံး လက်နက်တပ်ဆင်ထားသော ရေငုပ်သင်္ဘောများသည် SSBN (Sub-surface ballistic nuclear) ဟု လူသိများကြပြီး ၎င်းတို့ကို လျှို့ဝှက် ခြေရာခံရန် အားထုတ်မှုသည် အင်ဒို-ပစိဖိတ်ဒေသမှ အမေရိကန်ရေတပ်နှင့် အခြား စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၏ တိုးချဲ့လာသော တပ်နေရာ ချမှုများနှင့် မမျှော်မှန်းနိုင်သည့်အခြေအနေများအတွက် အစီအမံများ၏ အဓိက မောင်းနှင်အားပင် ဖြစ်သည်။
တရုတ်ရေတပ်သည် တောင်တရုတ်ပင်လယ် ဟိုင်နန်ကျွန်းမှ ထွက်ခွာလာသည့် လက်နက်အပြည့်အစုံ တပ်ဆင် ထားသော ၎င်းတို့၏ ပုံစံဟောင်း 094 သင်္ဘောများဖြင့် နျူကလီးယား အဟန့်အတား ကင်းလှည့်မှုများ ပုံမှန် ပြုလုပ်နေသည်ဟု ပင်တဂွန်က နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။ ၎င်းကဲ့သို့ လှုပ်ရှားမှုများကို အမေရိကန်၊ ဗြိတိန်၊ ရုရှားနှင့် ပြင်သစ်တို့လည်း နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။
သို့သော် တရုတ်၏ အဆင့်အမြင့်ဆုံး ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သည့် JL-3 ဒုံးကျည်များသယ်ဆောင်ထားသည့် 094 ယာဉ်များသည် ဆူညံမှုရှိသည်ဟု ယူဆနိုင်ပြီး စစ်ဘက်ဆိုင်ရာ ရေငုပ်သင်္ဘောများအတွက် အားနည်းချက် ဖြစ်စေသည်။
096 ရေငုပ်သင်္ဘောအမျိုးအစားများသည် ရုရှား၏ အဆင့်အမြင့်ဆုံး ရေငုပ်သင်္ဘောများနှင့် ကိုယ်ယောင်ဖျောက် နိုင်မှု၊ အာရုံခံကိရိယာများနှင့် လက်နက်များတွင် နှိုင်းယှဉ်နိုင်ကြောင်း သုတေသနတွင် မှတ်ချက်ပြု ဖော်ပြထားသည်။ ယင်းကဲ့သို့ စွမ်းဆောင်နိုင်လာမှုများသည် အမေရိကန်နှင့် ၎င်း၏ အင်ဒို-ပစိဖိတ် မဟာမိတ်များအတွက် "ပြင်းထန်သည့်” ဂယက်ရိုက်မှု ဖြစ်စေမည်ဟု ဖော်ပြထားသည်။
096 အမျိုးအစားများတွေက ခြောက်ခြားဖွယ် အိပ်မက်ဆိုး ဖြစ်လာမယ်၊ သူတို့ကို စုံစမ်းထောက်လှမ်းဖို့ အလွန့် အလွန် ခက်ခဲပါလိမ့်မယ်
တရုတ်စစ်ဘက်ဆိုင်ရာစာစောင်များ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army-PLA) မှ အကြီးတန်းအရာရှိများ၏ ဌာနတွင်း မိန့်ခွန်းများနှင့် တီထွင်ဖန်တီးမှု မှတ်ပုံတင်အချက်အလက်များကို တစ်စိတ်တစ်ပိုင်းအခြေခံကာ PLA ၏ နှစ်ငါးဆယ်ကျော် မကြာခဏ နှေးကွေးသွားလေ့ရှိသည့် နျူကလီးယား ရေငုပ်သင်္ဘော တည်ဆောက်မှုဇယားကို သုတေသနတွင် ဖော်ပြခဲ့သည်။
၎င်းဖော်ပြမှုတွင် တရုတ်၏ Huludao သင်္ဘောကျင်းအသစ်တွင် ကြီးမားသော ရေငုပ်သင်္ဘောတစ်စီး၏ ကိုယ်ထည်ပိုင်း ဆောက်လုပ်နေမှု ဂြိုဟ်တုပုံရိပ်များလည်း ပါဝင်သည်။ ၎င်းပုံရိပ်များအရ သင်္ဘောများ တည်ဆောက်မှုအစီအစဉ်သည် ၂၀၃၀ ခုနှစ်တွင် ပြီးစီးမည်ဟု ပင်တဂွန်၏ နှစ်ပတ်လည် တရုတ်စစ်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရုရှားနည်းပညာမှ "အတုယူ တီထွင်ခြင်း" ကို အခြေခံ၍ ရေအားဖြင့် တွန်းကန်ခြင်း၊ အတွင်းပိုင်း အသံငြိမ် ကိရိယာများအပါအဝင် အချို့နယ်ပယ်များတွင် ဖြစ်နိုင်ချေရှိသည့် အောင်မြင်မှုများကိုလည်း သုတေသနတွင် ဖော်ပြထားသည်။
ရိုက်တာ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ရုရှားနှင့် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနများက တုံ့ပြန်မှုမရှိခဲ့ပေ။
ရေယာဉ်သည် ပုံစံ 094 ထက် အဆမတန် ကြီးမားဖွယ်ရှိပြီး ရုရှား၏ ပုံစံအတိုင်း ရောစပ်ထားသည့် ရာဘာအထောက်အကူတွင် တပ်ဆင်ထားသည့် အတွင်းပိုင်း "လေထည့်သွင်းထားသည့်လှေ” ပါဝင်ခြင်းဖြင့် အင်ဂျင်သံနှင့် အခြားအသံများ လျော့နည်းစေမည်ဖြစ်သည်။
တရုတ်က ရေတပ်နယ်ပယ်မှာ ရုရှားရဲ့ ရန်သူမဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့အတွက် အခက်အခဲ မဖြစ်စေပါဘူး။ သူတို့က အမေရိကန် အတွက်ပဲ ပြဿနာတွေ ဖန်တီးနေတာပါ
တရုတ်သည် ရုရှား၏ နောက်ဆုံးပေါ်နည်းပညာကို ရရှိခဲ့သည်ဟု ၎င်းမယုံကြည်ကြောင်း သို့သော် ရုရှား၏ အဆင့်မြှင့်ထားသည့် Akula သင်္ဘောများကိုမူ ကိုယ်ယောင်ဖျောက်ရာတွင် နှိုင်းယှဉ်ရန် လုံလောက်သည့် ထုတ်လုပ်မှု ရှိနိုင်သည်ဟု Carlson က ရိုက်တာကို ပြောကြားခဲ့သည်။
“အဆင့်မြှင့်ထားတဲ့ Akula ကို ကျွန်တော်တို့ ဘယ်လို ရှာဖွေရမယ်၊ ခြေရာခံရမယ်ဆိုတာ အခက်အခဲတွေ့နေပါတယ်။” ဟု Carlson က ပြောသည်။
သူတို့ နောက်မှာ ပြတ်ကျန်ခဲ့တာ သူတို့သိတယ်။ ဒါကြောင့် အသံတိတ်ဆိတ်မှုနဲ့ တွန်းအားနည်းပညာတွေမှာ အမှီလိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်
သုတေသနသည် တရုတ်၏ SSBN များကို တိုးတက်ရန် လျှို့ဝှက်သုတေသနစီမံကိန်းအပေါ် ပြူတင်းတစ်ချပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ၎င်း၏ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်လိုက် ခြင်း ဖြစ်သည်ဟု စင်ကာပူအခြေစိုက် ကာကွယ်ရေးဆိုင်ရာပညာရှင် Collin Koh က ပြောကြားသည်။
“သူတို့ နောက်မှာ ပြတ်ကျန်ခဲ့တာ သူတို့သိတယ်။ ဒါကြောင့် အသံတိတ်ဆိတ်မှုနဲ့ တွန်းအားနည်းပညာတွေမှာ အမှီလိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်” ဟု စင်ကာပူနိုင်ငံ S. Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်းမှ Koh က ပြောကြားသည်။
တရုတ်၏ မဟာဗျူဟာရေးဆွဲသူများသည် ရုရှားကဲ့သို့ပင် SSBN များကို ကမ်းရိုးတန်းနှင့် နီးပြီး အကာအကွယ် ပြုထားသည့် "ခံတပ်များ" အတွင်း ထိန်းသိမ်းထားမည်ဖြစ်ပြီး အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း လတ်တလော ခုခံရန် ပြင်ဆင်ကာကွယ်ထားသည့် ထိန်းချုပ်နယ်မြေများတွင် အသုံးချသွားမည်ဟု ယုံကြည် ကြောင်း Carlson က ပြောဆိုခဲ့သည်။
စစ်အေးတိုက်ပွဲ၏ ပဲ့တင်သံ
အဆင့်မြင့် SSBN များ၏ အလားအလာသည် တင်းမာမှုဖြစ်ပေါ်နေနှင့်ပြီးသော ရေအောက် စောင့်ကြည့်ကြပ် ရေးတိုက်ပွဲများကို အဆများစွာ ရှုပ်ထွေးစေမည်ဖြစ်သည်။
စစ်အေးခေတ်တွင် ဆိုဗီယက် “Boomers(နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားပဲ့ထိန်းဒုံး တပ်ဆင်ထားသော ရေငုပ်သင်္ဘောများ - SSBNs)” ကို လိုက်လံရှာဖွေခဲ့ကြရသကဲ့သို့ပင် တရုတ်ရေငုပ်သင်္ဘောများကို ခြေရာခံခြင်းကိုလည်း အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ကို ဂျပန်နှင့် အိန္ဒိယစစ်တပ်များမှ အကူအညီ ပေးခြင်းဖြင့် နိုင်ငံတကာမှ တိုးမြှင့် အားထုတ်ကြိုးပမ်းလာကြရသည်ဟု လေ့လာဆန်းစစ်သူများ၊ တွဲဖက်စစ်ရေး အရာရှိများက ပြောကြားကြသည်။
ရေငုပ်သင်္ဘောရှာဖွေရေး P-8 Poseidon လေယာဉ်များ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာတွင် နေရာယူ ချထားရပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုများလည်း တိုးမြင့်လာသည်။
Sonobuoys (ရေအောက်အသံများကို ထောက်လှမ်းစစ်ဆေး၍ ရေဒီယိုဖြင့် ပြန်လည်ပေးပို့သည့်စနစ် တပ်ဆင်ထားသော ဗော်ယာ) များ အသုံးပြုသည့် အဆင့်မြင့်လေယာဉ်များ နှင့် အခြားပိုမိုအဆင့်မြင့်သည့် ရေအောက်အနက်များစွာမှ ရေငုပ်သင်္ဘောများကို ရှာဖွေရန် ပင်လယ်မျက်နှာပြင်ဖတ်ရှုစစ်ဆေးခြင်းတို့ကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဗြိတိန်နှင့် နယူးဇီလန်တို့က အသုံးပြုနေကြသည်။
ရိုက်တာမှ စက်တင်ဘာလတွင် ဖော်ပြသကဲ့သို့ပင် အမေရိကန်နိုင်ငံသည်လည်း တရုတ်၏ ဖြစ်တည်မှု ကြီးထွားလာသည်ကို ရင်ဆိုင်ရန် ၁၉၅၀ ခုနှစ်များမှပင် စတင်၍ ၎င်း၏ ထိပ်တန်း လျှို့ဝှက် ပင်လယ်အောက် စောင့်ကြည့်စစ်ဆေးရေး ကွန်ရက်ကို အကြီးစားပြင်ဆင်တည်ဆောက်မှု ပြုလုပ်နေသည်။
ကျွန်တော်တို့ စိတ်ဝင်စားစရာအခြေအနေတစ်ခုကို ရောက်နေပြီ။ တရုတ်က AUKUS ရဲ့ ပထမဆုံးသင်္ဘော တွေထက် ရှေ့ပြေးပြီး မျိုးဆက်သစ် ရေငုပ်သင်္ဘောလုပ်ဆောင်ရေး လမ်းပေါ် ရောက်နေပြီ
ပိုမို အသံငြိမ်သည့် တရုတ် SSBN ၏ တွန်းအားပေးမှုကြောင့် ဩစတြေးလျအနောက်ပိုင်းတွင် ဗြိတိသျှနှင့် အမေရိကန် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ တိုးမြှင့်ချထားရန် ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့အကြား AUKUS (၎င်းသုံးနိုင်ငံ လုံခြုံရေး သဘောတူညီမှု) ပြုလုပ်ခဲ့ကြသည်။ ၂၀၃၀ ခုနှစ်များတွင် ဩစတြေးလျသည် ၎င်း၏ ပထမဆုံးသော ဗြိတိသျှ နည်းပညာ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ် သင်္ဘော စတင်အသုံးပြုရန် မျှော်မှန်ထားသည်။
“ကျွန်တော်တို့ စိတ်ဝင်စားစရာအခြေအနေတစ်ခုကို ရောက်နေပြီ။ တရုတ်က AUKUS ရဲ့ ပထမဆုံးသင်္ဘော တွေထက် ရှေ့ပြေးပြီး မျိုးဆက်သစ် ရေငုပ်သင်္ဘောလုပ်ဆောင်ရေး လမ်းပေါ် ရောက်နေပြီ။” ဟု Hawaii's Pacific Forum think-tank မှ Neill မှ ပြောကြားသည်။
တရုတ်ရေငုပ်သင်္ဘောများသည် နည်းပညာအရ တန်းတူလိုက်နိုင်သည်ဆိုလျှင်ပင် AUKUS စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်ရန် နောက်ထပ် ဆယ်စုနှစ်တစ်ခုခန့် အပြင်းအထန် လေ့ကျင့်ရဦးမည်ဟုလည်း ၎င်းက ပြောသည်။
မော်စကိုအခြေစိုက် HSE တက္ကသိုလ်မှ တရုတ်စစ်တပ်ရေးရာ ပညာရှင် Vasil Kashin က အစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ပင် တရုတ်အင်ဂျင်နီယာများ အောင်မြင်မှုရရှိသည်မှာ ဖြစ်နိုင်ကြောင်း ပြောသည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၀ ခုနှစ်များတွင် တရုတ်က ရုရှား၏ အရေးပါသော နည်းပညာများ ရရှိခဲ့သည်မှာ ဖြစ်နိုင်သော်လည်း ၂၀၁၀ ခုနှစ် ဘေဂျင်း၊ မော်စကို နျူကလီးယား ဓာတ်ပေါင်းဖို သဘော တူညီမှုမှလွဲ၍ အခြားသော သဘောတူညီမှုများ မသိရှိရပါဟု Kashin က ပြောသည်။
တရုတ်သည် ရုရှား၏ ပုံစံဒီဇိုင်းများကို ပြောင်းလဲသုံးစွဲခြင်းနှင့် သူလျှိုလုပ်ခြင်းအပါအဝင် အခြားအရင်းအမြစ် များမှတဆင့် တိုးတက်မှုရရှိလာခြင်းဖြစ်နိုင်သော်လည်း နောက်ဆုံးပေါ် မျိုးဆက်သစ် ရုရှားစနစ်ကို ရရှိထားပုံ မပေါ်ပါဟု ၎င်းက ပြောသည်။
“တရုတ်က ရေတပ်နယ်ပယ်မှာ ရုရှားရဲ့ ရန်သူမဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့အတွက် အခက်အခဲ မဖြစ်စေပါဘူး။ သူတို့က အမေရိကန်အတွက်ပဲ ပြဿနာတွေ ဖန်တီးနေတာပါ။” ဟု Kashin က ပြောကြားသည်။
ကိုးကား - Reuters
ပုံစာ - ဧပြီလ ၂၃ ရက် ၂၀၁၉ ရက်နေ့က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား ရေတပ်ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် တရုတ်ရေတပ်၏ နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော။ (Photo: REUTERS/Jason Lee/File Photo )
Burma Associated Press
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၄ ရက် က
လွန်ခဲ့သော ၁၄ ရက် က