Article
လာအိုတွင် မက်သမ်ဖတမင်းက ဘီယာထက် ဈေးပေါလာ
လွန်ခဲ့သော တစ်နှစ် က
Keo သည် ရာဘ အများအပြားသုံးစွဲပြီး "စိတ်လွတ်” သွားသည့် နေ့ရက်ကို အမှတ်ရနေသည်။
အသက် ၃၇ နှစ်အရွယ်ရှိ လာအိုမှ Keo သည် အားပြင်းသည့် မက်သမ်ဖတမင်းနှင့် ကဖင်းအရောအနှောကို ၎င်းသုံးစွဲဖူးသည့် ပမာဏထက်ပို၍ သုံးစွဲမိခဲ့သည်။
“ကျွန်တော် ၁၀ ပြားလောက် သုံးလိုက်တာ လုံးဝလွတ်သွားတယ်။ ကျွန်တော် ကျွန်တော့် မိသားစုကိုတောင် မမှတ်မိတော့ဘူး။ ကျွန်တော့်သားသမီးတွေကိုတောင် မမှတ်မိတော့ဘူး။” ဟု ကလေးနှစ်ဦး၏ ဖခင်က ၎င်းကု သမှု ခံယူနေသည့် လာအိုမြို့တော် ဗီယင်ကျန်းမှ ၂၅ ကီလိုမီတာ (၁၆ မိုင်) ခန့် ဝေးကွာသည့် မူးယစ်ဆေးဝါး သုံးစွဲမှုမှ ပြန်လည်ထူထောင်ရေးဌာနဖြစ်သော ပြုပြင်ပြောင်းလဲရေးစင်တာတွင် Al Jazeera ကို ပြောကြားသည်။
“ကျွန်တော် မအိပ်နိုင်ဘူး။ မစား၊ မသောက်ဘဲနဲ့ အားတွေပြည့်နေသလို ခံစားရတယ်။”
၎င်း၏ မိသားစုက ၎င်းကို အကူအညီရယူစေခဲ့သည်ဟု ပြောသည်။ ၁၇ နှစ်ခန့် ရာဘသုံးစွဲခဲ့သည့် ၎င်းက အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရှုမျှော်ခင်းသည် ၎င်းအချိန်တွင် ပြောင်းလဲခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော် ၁၀ ပြားလောက် သုံးလိုက်တာ လုံးဝလွတ်သွားတယ်။ ကျွန်တော် ကျွန်တော့် မိသားစုကိုတောင် မမှတ်မိတော့ဘူး။ ကျွန်တော့်သားသမီးတွေ ကိုတောင် မမှတ်မိတော့ဘူး။”
“ကျွန်တော် စသုံးတုန်းက မူးယစ်ဆေးဝါးတွေ ဒီလောက် မလွယ်ဘူး။ အခုတော့ နေရာတိုင်းမှာ ဗီယင်ကျန်း မှာတောင် အများကြီးမှ အများကြီးပဲ။” ဟု ၎င်းက ပြောသည်။
Keo ကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲသူများ တွေ့မြင့်ခဲ့သည့်အတိုင်း လာအိုနိုင်ငံတွင် မက်သမ်ဖတမင်းရရှိနိုင်မှု တိုးပွားလာခြင်းသည် ယနေ့ "မကြုံစဖူး” အဆင့်ထိ နိုင်ငံအနှံ့ တင်သွင်းမှုမြင့်တက်လာခြင်း၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများက Al Jazeera ကို ပြောကြားသည်။
ပြဿနာ၏ တစ်စိတ်တစ်ပိုင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အကြမ်းဖက် ပဋိပက္ခများနှင့် ဥပဒေစိုးမိုးရေးလစ်ဟာမှုများ ဖြစ်ပေါ်လာကာ မူးယစ်ဂိုဏ်းများ ရှင်သန်ခွင့် ရရှိလာကြသည်။
လာအိုသည် အာရှ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် အရေးကြီးသော ကုန်ကူးမှု စင်္ကြံဖြစ်လာစဉ်အတွင်းမှာပင် အရင်းအမြစ်နိမ့်ကျသည့် ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါး အကြီးကျယ်လွှမ်းမိုးပျံ့နှံ့မှုကို ရင်ဆိုင်နေရသည်။ ယင်းပျံ့နှံ့မှုက ဈေးနှုန်းများကို မှတ်တမ်းဝင် နိမ့်ကျသည်အထိ ထိုးကျစေခဲ့ပြီး ရှေ့တန်းမှ အလုပ်လုပ် နေသူများက ဆေးပြားတစ်ပြားလျှင် $၀.၂၄ ဆင့်ခန့်သာ ရှိသည့်အတွက် အစားအသောက်နှင့် ရေကဲ့သို့သော အခြေခံကုန်စည်အတော်များများထက် ဈေးပေါနေပြီး အာရှ၏ အဆင်းရဲဆုံးနိုင်ငံများမှ နိုင်ငံတစ်ခုအတွက် မူးယစ်ဆေးဝါးကို အများပြည်သူ လက်လှမ်းမီစေရန် ပြုလုပ်နေသည်ဟု ပြောကြားကြသည်။
လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ကာလအတွင်း "အစစ အရာရာ ဈေးပိုကြီးလာတဲ့အချိန်မှာ၊ မူးယစ်ဆေးတွေက ဈေးပိုပေါလာတယ်။ အများကြီး ပေါလာတာ။" ဟု နိုင်ငံတွင်း နှစ်ခုသာရှိသော ပုဂ္ဂလိက ပြန်လည်ထူထောင်ရေး စင်တာဖြစ်သည့် ပြုပြင်ပြောင်းလဲရေးစင်တာမှ လက်ထောက်ညွှန်ကြားရေးမှူး Bounme က Al Jazeera ကို ပြောကြားသည်။
“ဆေးသုံးတဲ့သူတွေက ကျွန်တော့်ကို ပြောတယ်။ အခု ရာဘတစ်ပြားမှ ၅,၀၀၀ ကနေ ၇,၀၀၀ kip [$0.24 မှ $0.34] ပဲ ရှိတယ်။” ဟု ဆေးခန်းအတွင်း ဝင်လာသည့် လူနာအသစ်များကို တွေ့ဆုံမေးမြန်းရသည့် Bounme က ပြောကြားသည်။ "အပြား ၂၀၀ ပါတဲ့ တစ်ထုပ်ဝယ်ရင် တစ်ပြားကို ၂,၅၀၀ [$0.12] လောက်နဲ့ ရတယ်။”
‘ကပ်ဘေးဖြစ်စေမယ့် ချက်ဆေး’
ထိုင်း၊ မြန်မာနှင့် လာအိုနယ်စပ်တို့ ထိဆုံရာ ဝေးလံသည့် ရွှေတြိဂံဒေသသည် ကမ္ဘာ့ အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်ရာဒေသ အဖြစ် ကာလကြာရှည်လှပြီ ဖြစ်သည်။ သမိုင်းနှင့်ချီ၍ ဘိန်းအတွက် နာမည်ဆိုးနှင့် ကျော် ကြားသည့် ၎င်းဒေသသည် မကြာသေးမီနှစ်များအတွင်းတွင်မူ မူးယစ်ဆေးဝါးအဖွဲ့များက မက်သမ်ဖတမင်း ဆေးပြားများနှင့် ပိုမိုပြင်းထန်ပြီး ဈေးကြီးသည့် အဆီထုတ်ပြုလုပ်ထားသော ခရစ်စတယ် မက်တို့ ထုတ်လုပ် ခြင်း သို့ ပြောင်းလဲလုပ်ကိုင်လာကြသည်။
မြန်မာနိုင်ငံမှ အဖွဲ့များသည် ၎င်းကုန်သွယ်မှုအတွက် အလယ်ဗဟိုချက်ဖြစ်ပြီး လာအိုနှင့် အတားအဆီးမရှိ အဝင်အထွက်ပြုနိုင်သည့် ရှည်လျားသော နယ်စပ်ချင်းထိစပ်နေသည့် စစ်ဘေးသင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှာ ပို၍ ထင်ရှားကျော်ကြားသည်။ တရုတ်၊ လာအို၊ ထိုင်းနှင့် နိုင်ငံတကာ ဈေးကွက်အတွင်းသို့ မူးယစ်ဆေးဝါးများ နယ်စပ်ဖြတ်ကျော် စီးဆင်းစေခြင်းဖြင့် ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်တပ်နှင့် အပေးအယူပြုထားသည့် ပြည်သူ့စစ်များအတွက် မူးယစ်ဆေးဝါးကုန်သွယ်မှုသည် အရေးပါသော ရန်ပုံငွေကို ဆယ်စုနှစ်များစွာ ရှာဖွေပေးခဲ့သည်။
“ဆေးသုံးတဲ့သူတွေက ကျွန်တော့်ကို ပြောတယ်။ အခု ရာဘတစ်ပြားမှ ၅,၀၀၀ ကနေ ၇,၀၀၀ kip [$0.24 မှ $0.34] ပဲ ရှိတယ်။”
မြန်မာနိုင်ငံမှ အာဏာသိမ်းမှုသည် ထုတ်လုပ်မှု ပိုမိုမြှင့်တင်ပေးခဲ့သည်။
နိုင်ငံတွင်း ဥပဒေမရှိခြင်းနှင့် ပြင်းထန်သည့် တိုက်ပွဲများ များပြားလာခြင်းကြောင့် အချို့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် မြန်မာအာဏာပိုင်များ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အားထုတ်မှုများမှာ အဟန့်အတား ဖြစ်စေခဲ့သည်။ စစ်တပ်ထိန်းချုပ်မှုအောက်မှ ပြည်သူ့စစ်များက ၎င်းတို့စစ်သားများ၏ အစားအသောက်နှင့် လစာအတွက် မူးယစ်ဆေးဝါးဘက်သို့ ပိုလှည့်လာကြသည်ဟု ဖော်ပြအစီရင်ခံမှုများ ထွက်ပေါ်လာသည်။
ရှမ်းပြည်နယ်တွင် အာဏာသိမ်းမှုအလွန်အခြေအနေများသည် မူးယစ်ဆေးဝါးထုတ်လုပ်ရန် "အကောင်းဆုံး အခြေအနေ” တစ်ခု ဖန်တီးပေးခဲ့သည်ဟု မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောကြားသည်။
“ရှမ်းပြည်နယ်မှာ လုံခြုံရေး ပျက်ယွင်းနေတယ်။ အာဏာသိမ်းမှုအလွန် မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက် နေပြီး ရှမ်းပြည်နယ်နဲ့ လာအိုအကြား မဲခေါင်မြစ်တစ်လျှောက် အတားအဆီးမဲ့ အမြောက်အများ အဝင်အထွက် ပြုနိုင်တယ်။ ဒါက ကပ်ဘေးဖြစ်စေမယ့် ဆေးဖော်ပေးနေတာပဲ။” ဟု ၎င်းက Al Jazeera ကို ပြောကြားသည်။
၎င်းဖရိုဖရဲဖြစ်မှုက "အတားအဆီးအနည်းဆုံး" နိုင်ငံဖြစ်သည့် လာအိုနယ်စပ်ကို ဖြတ်ကျော်လာသည့် မူးယစ်ဆေးစီးဆင်းမှု စံချိန်တင် မြင့်တက်စေခဲ့ပြီး ဒေသတွင်း မူးယစ်ဆေးဝါး "အဓိက ဝင်ထွက်ပေါက်" ဖြစ်လာခဲ့သည်ဟု Douglas က ပြောကြားသည်။
“မူးယစ်ဆေးဝါး တင်သွင်းမှုကို ကြည့်မယ်ဆိုရင် မကြုံစဖူး အဆင့်ကို ရောက်နေတယ်။ ဒါ သံသယဖြစ်စရာ မရှိဘူး။ လာအိုဟာ အရင်က သူတို့ မမြင်ဖူးတဲ့ ပမာဏကို အခုတွေ့နေရတာ။ ကုန်ကူးတဲ့သူတွေဟာ ရှမ်းပြည်က မူးယစ်ဆေးဝါးအမြောက်အများကို ဒေသတွင်းနဲ့ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိဖို့ရယ် ဓာတုပစ္စည်းတွေ အမြောက် အများ ပြန်သွင်းလာဖို့ လာအိုကို အသုံးပြုနေတယ်။” ဟု ၎င်းက ပြောသည်။
လာအို အာဏာပိုင်များက ကုန်ကူးသူများနှင့် ရင်ဆိုင်ရာတွင် ကြီးမားသည့် အနိုင်တစ်ချို့ ရရှိခဲ့သည်။ မှတ်မှတ် သားသားဆိုလျှင် အောက်တိုဘာလ ၂၀၂၁ ခုနှစ်တွင် အာရှ၏ အကြီးဆုံး မူးယစ်ဆေးဝါးဖမ်းဆီးမှုကြီးဖြစ်သည့် Bokeo ပြည်နယ်အတွင်း မက်သမ်ဖတမင်း ဆေးပြား ၅၅ သန်းနှင့် ခရစ်စတယ် မက်သ် ၁.၅ တန် သယ်ဆောင်လာသော ဘီယာထရပ်ကား တစ်စီးကို ဖမ်းဆီးမှု လုပ်ဆောင်နိုင်ခဲ့သည်။
UNODC ၏ ဂျွန်လ အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ်အတွင်း လာအိုနိုင်ငံ၏ ဒုတိယအကြိမ်မြောက် စံချိန်တင် မက်သမ်ဖတမင်း ဆေးပြား ဖမ်းဆီးမှုမှာ ဆေးပြား ၁၄၄ သန်းဖြစ်သည်ဟု ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များတွင် ၁၇.၇ သန်းနှင့် ၁၈.၆ သန်း အသီးသီး ဖမ်းဆီးရရှိခဲ့သည်။
အများအပြားဖမ်းဆီးရမိမှုများမှာ သတင်းခေါင်းစီးကောင်းများဖြစ်သော်လည်း တင်ပို့မှု စီစဉ်ပြုလုပ်နေသည့် ရာဇဝတ်ကွန်ရက်များကို မတို့မထိနိုင်သေးဟု လာအိုနိုင်ငံအကြောင်း အနီးကပ်သိရှိသူ နိုင်ငံတကာလေ့လာသူ များက ပြောဆိုသည်။ အနောက်တိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ချဉ်းကပ်မှု နှင့် "တွေးခေါ်ယူဆမှု ကွဲပြားချက်များ"ကို "စွမ်းဆောင်ရည် အားနည်းမှု"နှင့် ပေါင်းစပ်လိုက်သည့်အတွက် "မူးယစ်ဆေးဝါး ကွန်ရက် များကို ဖော်ထုတ်သတ်မှတ်ရန် စစ်မှန်သည့် အားထုတ်မှုတစုံတရာ ရှိပုံမရ" ဟု ၎င်း၏ အလုပ်အကိုင်အရ အမည်ဝှက်ပြောကြားခဲ့သည့် သတင်းရင်းမြစ်က Al Jazeera ကို ပြောကြားသည်။
“မူးယစ်ဆေးဝါး ဖမ်းဆီးမှုဟာ လာအိုရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်ဖြစ်ပြီး ဖမ်းဆီးရမှုတွေက လိုအပ်သလို လုပ်ဆောင်နေပုံရပါတယ်။ ပိုပြီး ဆိုးတာက အာဏာပိုင်တွေဟာ ဖမ်းဆီးထိန်းသိမ်းမှု တစ်ခုတောင် မလုပ်ပါဘူး။ ယာဉ်မောင်းကိုတောင် ဖမ်းဆီးလေ့ မရှိပါဘူး။” ဟု ၎င်းက ပြောကြားသည်။
ကုန်ကူးတဲ့သူတွေဟာ ရှမ်းပြည်က မူးယစ်ဆေးဝါးအမြောက် အများကို ဒေသတွင်းနဲ့ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိဖို့ရယ် ဓာတုပစ္စည်းတွေ အမြောက် အများ ပြန်သွင်းလာဖို့ လာအိုကို အသုံးပြုနေတယ်။
လာအိုအစိုးရကို မှတ်ချက်တောင်းဆိုရန် ဆက်သွယ်၍ မရခဲ့ပါ။
အရာရှိများနှင့် ရာဇဝတ်မှုကွန်ရက်များအကြား လျှို့ဝှက်ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိသော်လည်း ယေဘုယျ အားဖြင့် လာအိုအာဏာပိုင်များသည် မူးယစ်ဆေးဝါး ကုန်ကူးခြင်းကို ဖြိုခွင်းရန် "ရိုးသားစွာ" အားထုတ်မှု ရှိသည်ဟု ယုံကြည်ကြောင်း ၎င်း သတင်းရင်းမြစ်က ပြောကြားသည်။
သို့ရာတွင် ဖမ်းဆီးရမိမှုမှာ နိုင်ငံတွင်း ဝင်ရောက်နေသည့် ပမာဏအားလုံး၏ အစွန်းထက် အနည်းငယ်မျှသာ ရှိသည့်အတွက် လက်ရှိချဉ်းကပ်မှုမှာ လမ်းညွှန်မှုလွဲချော်နေသည်ဟု ၎င်းက ထင်မြင်ယူဆသည်ဟု ပြောကြား သည်။
“ကျွန်တော်တို့ ဖမ်းဆီးရမိမှု အများအပြားတွေ့ရပါတယ်။ ဒါပေမယ့် စစ်ဆေးတွေ့ရှိခြင်း မရှိတဲ့ ပမာဏ တကယ် ဘယ်လောက်ရှိမယ်ဆိုတာ မသိရပါဘူး။ လိုတာထက် ပိုတဲ့ တင်သွင်းမှုတွေ ရှိတာ ထင်ရှားပါတယ်။ ဒါကြောင့် ဝင်ရောက်မှုကို ကန့်သတ်ဖို့ ဘာပဲလုပ်လုပ် ထိရောက်မှု မရှိပါဘူး။ ဈေးတွေကျလာတာက ဒီအချက်ကို ညွှန်ပြတဲ့ အဓိက အချက်ပါပဲ။” ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ဈေးအပေါဆုံး မက်သ်
၎င်းဈေးနှုန်းကျဆင်းမှုသည် လာအိုက မြန်မာနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း အချို့ဒေသများနှင့်အတူ ကမ္ဘာပေါ်တွင် "ဈေးအပေါဆုံးဖြစ်ရန် နီးစပ်လာသည့်" မက်သ် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း Douglas က ပြောကြားသည်။
“မက်သ်ဆေးပြားဈေးက လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်ကထက်စာရင် သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံလောက်ပဲ ရှိတော့တယ်။ လာအိုက ချမ်းသာတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့် ရာဘသုံးဖို့ ပိုက်ဆံအများကြီး မလိုပါဘူး။ ဘီယာနဲ့ ထမင်းကြော်ထက်တောင် ဈေးပေါသေးတယ်။” ဟု ၎င်းက ပြောသည်။
ယခုအခါ မက်သမ်ဖတမင်းများ "အလွန်အမင်း ဈေးပေါလာခြင်း"သည် သာမာန်လူထုအကြား ပိုမို ကျယ်ပြန့်လာသည့် မူးယစ်ဆေးဝါးသုံးစွဲမှု အတိုင်းအတာ မည်မျှ ရှိသည်ကို ယုံကြည်ရလောက်သည့် စာရင်းအင်းအချက်အလက်များ ရှင်းရှင်းလင်းလင်းမရနိုင်တော့ကြောင်း လာအိုနိုင်ငံတွင် ရှစ်နှစ်ကြာ လူထုအခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှုမှ ပြန်လည်ထူထောင်ရေးစီမံကိန်းများ ထောက်ပံ့ကူညီပေးခဲ့သူ UNODC ၏ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးအစီအစဉ် အရာရှိ Karen Peters က Al Jazeera သို့ ပြောကြားသည်။
လာအို မူးယစ်ဆေးဝါးထိန်းချုပ်မှုနှင့် ကြီးကြပ်ရေး ကော်မရှင်က ၂၀၂၃ ခုနှစ်တွင် မူးယစ်ဆေးဝါးအသုံးပြုသူ ၉၀,၀၀၀ ခန့် သို့မဟုတ် လူဦးရေ၏ ၁ ရာခိုင်နှုန်းခန့် ရှိသည်ဟု အစိုးရစစ်တမ်းများကို အခြေခံ၍ ခန့်မှန်းထားသည်။ လာအို၏ မူးယစ်ဆေးဝါးအသုံးပြုမှုကို ပြင်းထန်စွာ ပြစ်ဒဏ်ပေးသည့် ချဉ်းကပ်မှုကြောင့် ၎င်းကိန်းဂဏန်းများသည် “အပြည့်အဝ မမှန်ကန်” ဟု ယူဆသင့်ကြောင်း Peters က ပြောကြားသည်။ စွန့်ပစ်ရေ စမ်းသပ်ခြင်းနှင့် အမည်ဝှက် အွန်လိုင်းစစ်တမ်းများ ကောက်ယူခြင်းကဲ့သို့သော သိမ်မွေ့သည့် စုဆောင်း ကောက်ယူမှု နည်းလမ်းများ မရှိသည့်အတွက် "အချက်အလက် တိကျမှန်ကန်စွာ ရရှိရန် မဖြစ်နိုင်” ဟုလည်း သူမက ပြောကြားသည်။
“လာအိုမှာက မူးယစ်ဆေးသုံးရင် မဖြစ်မနေ ကုသရေးစင်တာ ဒါမှမဟုတ် ထောင်ကို ပို့ခံရမှာဖြစ်တယ်။ အစိုးရ အရာရှိတစ်ယောက်က ကိုယ့်အိမ်ကို တံခါးလာခေါက်ပြီး ကျွန်မအိမ်မှာ မူးယစ်ဆေးသုံးသူ ဘယ်လောက်ရှိလဲ မေးရင် ဘာလို့ ဝန်ခံပြီး ပြောရမှာလဲ။” ဟု သူမက ပြောကြားသည်။
“အခုခေတ်မှာ လူတွေက ပိုသုံးလာကြတယ်။ တချို့က တစ်နေ့ကို နှစ်ပြား၊ သုံးပြား သုံးကြတယ်။ တချို့က ငါးပြား လောက်တောင် သုံးရင် သုံးနိုင်တယ်။”
သို့သော် ဈေးနှုန်းကျဆင်းခြင်းနှင့် လာအိုနိုင်ငံတစ်လွှား မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရရှိနိုင်မှု တိုးတက်လာ ခြင်းတို့ ချိတ်ဆက်နေစဉ်မှာပင် ၎င်းအချက်များက ဆေးစွဲနေသူများအတွက် မူးယစ်ဆေးဝါး မလွှတ်တမ်းရယူခြင်းကို ဖြစ်စေသည့် အကြောင်းများဖြစ်သည်ဟု ပြုပြင်ပြောင်းလဲရေးစင်တာမှ Bounme က ရှင်းလင်းစွာ သိရှိထားသည်။
“အခုခေတ်မှာ လူတွေက ပိုသုံးလာကြတယ်။ တချို့က တစ်နေ့ကို နှစ်ပြား၊ သုံးပြား သုံးကြတယ်။ တချို့က ငါးပြားလောက်တောင် သုံးရင် သုံးနိုင်တယ်။”
Bounme သည် စင်တာတွင် ချက်ပြုတ်ရေး၊ သန့်ရှင်းရေးနှင့် ဘဲ၊ ကြက်နှင့် ငန်းမွေးမြူရေး လုပ်ငန်းငယ်ကို ကြည့်ရှုထိန်းသိမ်းခြင်းတို့ အပါအဝင် အမျိုးသားများ တာဝန်ယူမှုနှင့် စနစ်ကျနမှု ရှိလာစေရန် အလုံးစုံကုသရေး အစီအစဉ်ကို ကြီးကြပ်ရသည်။ သီးခြားစင်တာတစ်ခုတွင် ဆေးသုံးစွဲသူ အမျိုးသမီးများနှင့် ကလေးသူငယ် များတွက် ကူညီပေးနေသည်။
အသစ်ရောက်ရှိလာသော Keo သည် ပြုပြင်ပြောင်းလဲရေးစင်တာတွင် ၎င်းအတွက် အလှည့်အပြောင်း ဖြစ်မည်ဟု မျှော်လင့်ထားသော်လည်း ၎င်း၏ အရွယ်ရောက်ပြီး ဘဝတစ်ခုလုံးနီးပါး ၎င်းတွင် ရှိနေခဲ့သည့် ရာဘစွဲလမ်းမှုကိုလည်း သိရှိနားလည်ထားသည်။
“အကြိမ်ပေါင်းများစွာ ဆေးဖြတ်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ ဒါပေမယ့် နိုးလာတာနဲ့ ပြန်သုံးတာပဲ။ ဒါပေမယ့် ကျွန်တော့်ရွာက တစ်ယောက် ဒီက ပြန်လာပြီး အခု ဆေးပြတ်သွားပြီ။ ကျွန်တော်လည်း သူ့လို ဖြစ်ချင်တယ်။” ဟု Keo က ပြောကြားသည်။
ကိုးကား - Al Jazeera
ပုံစာ - လာအို အနောက်မြောက်ပိုင်း ရွှေတြိဂံ အထူးစီးပွားရေးဇုန် အကောက်ခွန်မှ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ပိုစတာတစ်ခု။ (Photo: Alastair McCready/Al Jazeera)
Burma Associated Press
Related Articles
- တရုတ်ဖြိုခွင်းသော်လည်း မပြိုဘဲ ကျန်နေသေးသည့် အွန်လိုင်း အလိမ်အညာလုပ်ငန်းများ
- တာလီဘန်တို့၏ တားမြစ်မှုနောက်ပိုင်း အာဖဂန်နစ္စတန် ဘိန်းထုတ်လုပ်မှု ၉၅ % ကျဆင်း
- အာရှလက်နက်ပြိုင်ဆိုင်မှုတွင် အောင်မြင်ရန် နီးစပ်လာသော တရုတ် နျူကလီးယား ရေငုပ်သင်္ဘော
- ပြည်တွင်း မငြိမ်သက်မှုကို ဖုံးကွယ်ရန် အင်တာနက်ဖြတ်တောက်ခြင်းကို အိန္ဒိယ ကျယ်ပြန့်စွာ အသုံးချနေ
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၄ ရက် က
လွန်ခဲ့သော ၁၄ ရက် က