bap-logo
Articles

ထောင်တွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ အသက်ဆုံးရှုံးနေရတဲ့နိုင်ကျဥ်းတွေ

8BpEPvOqCEzAVBt8v4D1L-image

လွန်ခဲ့သော ၂ လ က

BAP၊ နိုဝင်ဘာ ၂၁။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးချိန် ကစလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံ ရမှုမြင့်တက်လာတဲ့အပြင် ထောင်တွင်းမှာလည်း နိုင်ကျဥ်းတွေအပေါ် ကျန်းမာရေး စောင့် ရှောက်ခွင့်တွေ အပြည့်အဝမရလို့ အသက်ဆုံးရှုံးရမှုနူန်းက မြင့်လာနေပါတယ်။

 

မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေမှာ သာမန်ဖျားနာခြင်းဖြစ်စေ နာတာရှည် ရောဂါခံစားရသူ၊ ဆေးဝါးနေ့စဥ် သောက်သုံးဖို့ လိုအပ်သူတွေ အပါအဝင် စတဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စအတွက်ကို ပါရာစီတမော့ ဆေးတမျိုးတည်းကိုသာ ပေးနေတယ်လို့သိရပါတယ်။

 

စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခံရပြီး ခြေလက်ကျိုးတာသူတွေ၊ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိသူတွေ အပါအဝင် ဖမ်းဆီးစဥ်က ရိုက်နှက်ပစ်ခတ်ဖမ်းဆီးခြင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအပေါ်လည်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မပေးတာမျိုးတွေအထိ အများအပြားရှိနေပါတယ်။

 

နိုင်ငံရေးအကျဥ်းသူ အကျဥ်းသားတွေမှာ ဆေးဝါးကုသခွင့် ကျန်းမာစောင့်ရှောက်ခွင့် အပြည့်အဝ မရရှိတဲ့အတွက် အကျဥ်းထောင်တွင်း သေဆုံးတဲ့နူန်းက ပိုပြီးမြင့်လာတဲ့ အခြေအနေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

" နေမကောင်းဖြစ်ပြီဆိုရင် ဖြစ်နေတဲ့ရောဂါနဲ့သက်ဆိုင်တဲ့ဆေးဝါးမဟုတ်ဘဲ ဘာဖြစ်ဖြစ် ပါရာစီတမော့ ဆေးတစ်မျိုးပဲ ပေးတယ်။ ထောင်ဆေးရုံမှာ နိုင်ငံခြားဆေးဝါးလည်း အစုံအလင် မရှိတဲ့အပြင် ပုံမှန်ဖျားနာ ဘာရောဂါတွေပဲဖြစ်နေပါစေ ပါရာကပ် တစ်မျိုးကိုပဲ ပေးနိုင်တဲ့အခြေအနေပါ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

ဒါကြောင့် နာတာရှည်ရောဂါခံစားရသူတွေ ဆေးဝါးကို မပြတ်သောက်သုံးရမယ့်သူတွေဆိုရင် အင်မတန်ကိုမှ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့်ပါ ရောဂါတွေ တိုးပွား လာမလား ဆိုပြီး စိုးရိမ်စိတ်တွေနဲ့နေထိုင်နေရတယ်လို သူက ပြောပြပါတယ်။

 

အကျဥ်းထောင်တွင်း ကျန်းမာရေးဆိုးရွားလို့ ပြင်ပဆေးရုံတွေမှာ အရေးပေါ် တက်ရောက် ကုသဖို့လိုအပ်တဲ့ လူနာတွေကိုလည်း ထောင်အာဏာပိုင်တွေက လုံခြုံရေးကို အကြောင်းပြကာ အချိန်နဲ့ တပြေးညီ ကုသဖို့ ခွင့်မပြုတာမျိုးတွေလည်းရှိနေပါတယ်။

 

ဗဟိုအကျဥ်းထောင်တွေမှာလည်း အကျဥ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် ဆရာဝန် အင်အား ၁၀ ဦးပင် မရှိကြောင်းနဲ့ နယ်မှာဆိုရင် ဆရာဝန်မရှိတဲ့ အကျဥ်းထောင်တွေ အများအပြား ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသာားတွေထံကနေ သိရပါတယ်။

 

နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ထင်ရှားသူတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း သွေးကင်ဆာရောဂါ ဝေဒနာခံစား နေရပေမယ့် အချိန်မီ လုံလောက်တဲ့ဆေးဝါးကုသမှု မရခဲ့တာကြောင့် အခုနှစ် အောက်တိုဘာလမှာ ကွယ်လွန်ခဲ့ရပါတယ်။

 

အလားတူ NLD အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဖြစ်တဲ့ ဦးဝင်းခိုင်ဟာလည်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရတာကြောင့် မန္တလေးဆေးရုံကို ပို့ဆောင်ပြီး ၁၀ ရက်အကြာ မှာ ကွယ်လွန်ခဲ့ရပါတယ်။

 

ခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး ရောဂါဆိုးရွားကာ အသက်ရှင်ဖို့ ရာခိုင်နူန်းနည်းတဲ့ အခြေအနေ ရောက်မှသာ ပြင်ပဆေးရုံကို တက်ရောက်ခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပြန်နေတာဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရတဲ့အခြေအနေကို  ဖုံးကွယ်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်ကြပါတယ်။

 

“ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်ခွင့်မရလို့ သေဆုံးသွားရင် ထောင်အာဏာပိုင်တွေ အနေနဲ့ ဖြေရှင်းရတာ ပြဿနာတွေ၊ နိုင်ငံတကာက စွပ်စွဲမဲ့ကိစ္စတွေကို  အကာအကွယ်ယူနိုင်ဖို့ လွတ်ငြိမ်းတွေ ပေးနေတာပါ။ ဒါဟာ သူတို့ ထောင်တွင်း ဆေးဝါးကုသမှု အပြည့်အဝမရလို့ သေဆုံးတယ်ဆိုတာကို ဖုံးကွယ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်" လို့ အမည်မဖော်လိုသူ နိုင်ငံရေးသမားတစ်ဦးကပြောပါတယ်။

 

အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးကကုသခွင့်မရလို့ သေဆုံးရသူတွေမှာ ထင်ရှားတဲ့နိုင်ငံရေး သမားတွေသာမက မထင်ရှားသူတွေလည်းပါဝင်နေပါတယ်။

 

ထားဝယ်အကျဉ်းထောင်မှာ  ပုဒ်မ ၅၀ ည ၊ပုဒ်မ  ၅၂ နဲ့ ဖမ်းဆီးခံထားရတဲ့ အသက် (၆၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်(ခေါ်) ကိုချင်း ဟာ ဖမ်းဆီးခံထားရစဉ် လေဖြတ်သွားချိန်မှာ ထောင်ပြင်ပဆေးရုံကို အချိန်လွန်မှ တက်ရောက် ကုသခွင့်ရတဲ့အတွက် အခုနှစ် အောက်တိုဘာ ၁၇ ရက်မှာ သေဆုံးခဲ့ရပါတယ်။

 

အလားတူနောက်ထပ် ပုဒ်မ၅၀(ဂ)၊၅၀(ည) နဲ့ဖမ်းဆီးခံရပြီး ထောင်၁၅နှစ်ချမှတ်ခံထားရတဲ့ အသက်(၄၁)နှစ်အရွယ် ကိုဌေးအောင်ကျော်ဟာ အသဲရောဂါဝေဒနါခံစားနေရပေမယ့် သာယာဝတီ အကျဥ်းထောင်တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသမှု၊ ကျန်းမာရေး စောင့်ရှောက်ခွင့်မရတဲ့အပြင် ​ထောင်ပြင်ပဆေးရုံတက်ရောက်ခွင့်လည်းအချိန်မီကုသခွင့်မရတာကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့ကသေဆုံးခဲ့ရပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP  က ကောက်ယူထားတဲ့ အချက်အလက် တွေအရဆိုရင် အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် နိုဝင်ဘာလ ၂၀ ရက်အထိ နိုင်ငံတဝန်းမှာ ဖမ်းဆီးခံခဲ့ရသူ  သုံးသောင်းနီးပါး (၂၇,၆၉၄) ဦးရှိပြီး အဲဒီအထဲမှ နှစ်သောင်းကျော် (၂၁,၁၃၇) ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉,၅၂၆ ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့သိရပါတယ်။

 

 

အခုလုပ်ရပ်ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်း ယနေ့ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံ ထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာလို့ဆိုကြပါတယ်။

 

၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အကျဥ်းထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်တာမလုံလောက်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသူ အကျဥ်းသားပေါင်း ၁၀၀ ကျော် အထိ ရှိလာနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားအရေး ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။

 

အကျဥ်းထောင်တွေထဲကို ဆေးဝါး ပေးပို့ခွင့် ကန့်သတ်ခံထားရပြီး ပို့ခွင့်ရပါကလည်း သက်ဆိုင်ရာ နိုင်ကျဥ်းတွေဆီ ရောက်ရှိခြင်း ရှိမရှိ မသေချာတဲ့အခြေအနေတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

"အထဲမှာ ဖျားလည်းပါရာစီတမော့ပဲရတယ်။ ဘာဖြစ်ဖြစ်ဒီဆေးပဲရတယ်။ အဲဒီဆေးတောင် အမြဲ မပေးဘူး။ ပြောဆိုဆဲဆိုပြီးမှ ရတဲ့အခါမျိုးရှိတယ်။ ထောင်ထဲစရောက်လာကတည်းက ဒဏ်ရာတွေ ပါလာတဲ့သူလည်း ဒီဆေးပဲ။ ဘယ်ဆရာဝန်မှ အရေးတယူ လာကုတာမရှိဘူး။ အပြင်က ပစ္စည်း လာပေးရင်လည်း ထောင်အာဏာပိုင်နဲ့အဆင်ပြေရင် ကိုယ့်ဆီတဝက် လောက် ရောက်ချင်ရောက်မယ်။ မဟုတ်ရင်ကြားထဲမှာတင် ပစ္စည်းက ပျောက်သွားတယ်" လို့ မကြာသေးခင်က လွတ်ငြိမ်းနဲ့ ပြန်လွတ် လာခဲ့တဲ့ နိုင်ငံရေး အကျဥ်းသားတစ်ဦးကပြောပါတယ်။

 

ဒါ့အပြင် ထောင်တွင်း သောက်သုံးရေ၊ ချိုးရေ၊ အိမ်သာသုံးရေ မလုံလောက်တာတွေကြောင့်လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာ ရင်ဆိုင်နေကြရပါတယ်။

 

ချိုးရေအလုံအလောက်မရတဲ့အတွက် တကိုယ်ရေသန့်ရှင်းမှုအားနည်းကာ ယားနာတွေပေါက်တာ၊ သောက်သုံးရေ မသန့်ရှင်းလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အိမ်သာ သန့်ရှင်းမှုမရှိတာ၊ အဝတ်အစား လျှော်ဖွတ်ရာမှာလည်း ရေအကန့်အသ​တ်နဲ့ သုံးရတဲ့အတွက် တကိုယ်ရေသန့်ရှင်းမှု အတွက် အခက်အခဲ တွေ ဖြစ်ပေါ်နေရတယ်လို့ ထောင်တွင်းကလာတဲ့သတင်းတွေအရသိရပါတယ်။

 

ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်ခွင့် အပြည့်အဝရရှိစေရေး အစာအငတ်ခံဆန္ဒပြ တောင်းဆို တာတွေအပြင် နိုင်ငံတကာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ အကြိမ်ကြိမ် ပြုလုပ်နေပေမယ့် ခုချိန်ထိ တိုးတက်မလာတဲ့အပြင် ပိုပြီးဆိုးရွာလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသား တွေက ပြောပါတယ်။

 

ပုံစာ - ၂၀၂၃ ခုနှစ်အတွင်းက အင်းစိန်ထောင်လွတ်ငြိမ်းမြင်ကွင်း

Burma Associated Press

သေဆုံးခဲ့
အာဏာသိမ်း
နိုင်ငံရေးအကျဉ်းသား
အကျဉ်းထောင်

Share With
bap-logo