Article
ပြည်တွင်း မငြိမ်သက်မှုကို ဖုံးကွယ်ရန် အင်တာနက်ဖြတ်တောက်ခြင်းကို အိန္ဒိယ ကျယ်ပြန့်စွာ အသုံးချနေ
လွန်ခဲ့သော တစ်နှစ် က
ကမ္ဘာ့နေရာအနှံ့အပြားမှ အာဏာပိုင်များသည် အရပ်ဘက် မငြိမ်သက်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း အင်တာနက်ဖြတ်တောက်ခြင်းဖြင့် လူထုကို ထိန်းချုပ်ခြင်း၊ သတင်းအချက်အလက် စီးဆင်းမှု ကန့်သတ်ခြင်းတို့ ပြုလုပ်လေ့ရှိသည်။
ဆူဒန်နှင့် မြန်မာနိုင်ငံတို့သည် ၂၀၂၁ ခုနှစ် လက်နက်ကိုင် အာဏာသိမ်းခဲ့ကြစဉ် အင်တာနက် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြသည်။ လွန်ခဲ့သော တစ်နှစ်က ရဲမှဖမ်းဆီးထားစဉ် အမျိုးသမီးငယ် Mahsa Amini သေဆုံးခဲ့မှုကြောင့် ဆန္ဒပြသူများ လမ်းပေါ်တွင် ပြည့်နှက်သွားခဲ့၍ အီရန်က အင်တာနက် ဖြတ်တောက်မှု ပြုလုပ်ခဲ့သည်။
အင်တာနက်ဖြတ်တောက်မှုနည်းလမ်းကို အသုံးပြုမှု အများဆုံး ပြုလုပ်သည့်နိုင်ငံမှာ အာဏာရှင် နိုင်ငံများဖြစ်သော ရုရှား သို့မဟုတ် တရုတ်တို့ မဟုတ်ကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူအဖွဲ့များက ပြောကြားသည်
သို့သော် အင်တာနက်ဖြတ်တောက်မှုနည်းလမ်းကို အသုံးပြုမှု အများဆုံးပြုလုပ်သည့်နိုင်ငံမှာ အာဏာရှင် နိုင်ငံများဖြစ်သော ရုရှား သို့မဟုတ် တရုတ်တို့ မဟုတ်ကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူအဖွဲ့များက ပြောကြားသည်။
၎င်းနည်းစနစ်ကို အသုံးအများဆုံးမှာ အိန္ဒိယဖြစ်သည်။
၂၀၁၆ ခုနှစ်မှ ယခုနှစ် မေလအတွင်း ကမ္ဘာအနှံ့ အင်တာနက်ဖြတ်တောက်မှုအားလုံး၏ အကြိမ်ရေ တစ်ဝက်ကျော်မှာ အိန္ဒိယက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း Access Now က ဦးဆောင်သော နိုင်ငံတကာ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူအစုအဖွဲ့ ၃၀၀ ကျော် ပေါင်းစည်းထားသည့် အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
၎င်းကာလအတွင်း အိန္ဒိယနိုင်ငံ၏ လက်တစ်ဆုပ်စာ ဆက်သွယ်ရေးကုမ္ပဏီများကို ဆဲလ်တာဝါတိုင်များမှ မိုဘိုင်းဒေတာ ထုတ်လွှင့်ခြင်းများ ဆိုင်းငံ့ရန်နှင့် ကြိုးဖြင့်ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့် ချိတ်ဆက်မှုများ ရပ်တန့်ထားရန် အိန္ဒိယမှ နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့် အရာရှိများက ဥပဒေနှင့် အမိန့်များ အကြိမ်ရေ ၆၈၀ ကျော် ထုတ်ပြန်ကာ အမိန့်ပေးတားမြစ်ခဲ့ကြသည်။
အိန္ဒိယအရာရှိများက အွန်လိုင်းကောလဟာလများ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်နှင့် မငြိမ်သက်မှု ထိန်းသိမ်းရန် ဖြစ်သည်ဟု စောဒကတက်ခဲ့ကြသည်။ သို့သော် ဒစ်ဂျစ်တယ်အမှောင်ချခြင်းအားဖြင့် သဘောထားကွဲလွဲမှု များကို ထိန်းချုပ်ရန်၊ ဖိနှိပ်အလွဲသုံးစားမှုများကို ဖုံးကွယ်ရန်၊ ပဋိပက္ခကာလအတွင်း တရားဝင်အကောင့်များ အတွက် စိန်ခေါ်မှုဖြစ်သော လွတ်လပ်သည့် အစီရင်ခံတင်ပြမှုများကို ပိတ်ဆို့ရန် အစိုးရက ပြုလုပ်နိုင်သည်ဟု ဝေဖန်သူများက ပြောကြားသည်။ အင်တာနက်ပိတ်ဆို့ခြင်းဖြင့် စီးပွားရေး၊ ပညာရေးနှင့် အလုပ်အကိုင် များကိုလည်း ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်စေနိုင်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ယမန်နှစ် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ဖြတ်တောက်ခြင်းအကြောင်း အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်မှာ ဖော်ထုတ်ပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း၊ ကသောင်းကနင်းဖြစ်ပေါ်နေစဉ်အတွင်း အကောင်းထက် ထိခိုက်နစ်နာမှုသာ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။
"မှတ်တမ်းများကို အသုံးပြုရန် ကိရိယာများနှင့် ဖိနှိပ်အလွဲသုံးစားမှုများကို အလျင်အမြန် အစီရင်ခံတင်ပြမှု လက်လှမ်းမမီနိုင်ခြင်းသည် ရက်စက်ကြမ်းကြုတ်မှုများအပါအဝင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားစေနိုင် ကြောင်း” ကုလအေဂျင်စီက ဖော်ပြထားသည်။
"အချို့သော အင်တာနက်ဖြတ်တောက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန် ရည်ရွယ်ချက် ရှိရှိ ဖော်ဆောင်ခြင်းပင် ဖြစ်နိုင်ကြောင်း” လည်း ဖော်ပြထားသည်။
အချို့သော အင်တာနက်ဖြတ်တောက်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ရန် ရည်ရွယ်ချက် ရှိရှိ ဖော်ဆောင်ခြင်းပင် ဖြစ်နိုင်ကြောင်း
မေလတွင် အိန္ဒိယအရှေ့မြောက်ဘက် မနီပူရ်ပြည်နယ်မှ တိုင်းရင်းသားများအကြား သွေးထွက်သံယို တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့စဉ် ဝန်ကြီးချုပ် မိုဒီ၏ Bharatiya Janata Party (BJP) ပါတီက ထိန်းချုပ်သော အစိုးရသည် ပြင်းထန်သော အင်တာနက် ပိတ်ဆို့ခြင်းပြုလုပ်ခဲ့ပြီး ပြည်နယ်တွင်းမှ လူဦးရေ ၃ သန်းကို ထိခိုက်စေခဲ့သည်။
၎င်းဖြတ်တောက်မှုသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဖြတ်တောက်မှုများအနက် တစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး ၎င်း တိုင်းရင်းသားအစုအဖွဲ့များအကြား အကြမ်းဖက်မှုများ ရွာတစ်ရွာမှ တစ်ရွာ ပျံ့နှံ့ခဲ့ပြီး လူ ၂၀၀ အထက် သေဆုံးခဲ့ရသည်။
ဝေးလံပြီး စိမ်းလန်းစိုပြည်သည့် တောအုပ်များရှိကာ မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသော ၎င်း ပြည်နယ်သို့ ဝါရှင်တန်ပို့စ် ဂျာနယ်လစ်များ သုံးကြိမ်သွားရောက်ခဲ့ရာတွင် ခေတ်သစ်လိုအပ်ချက်အဖြစ် အများစုအတွက် အခြေခံရပိုင်ခွင့် အင်တာနက်ဖြတ်တောက်ခြင်းသည် နေ့စဉ်ဘဝများ၊ သက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ညတွင်းချင်းပင် ပြောင်းပြန်လှန်လိုက်ခြင်းဖြစ်စေခဲ့သည်။
အွန်လိုင်းငွေပေးချေမှုများ ဆိုင်းငံ့ထားသည့်အတွက် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အခက်အခဲ တွေ့ကြရသည့် မရေတွက်နိုင်သော အလုပ်သမားများ လမ်းများပေါ်တွင်လည်းကောင်း၊ ဆေးရုံများတွင် လည်းကောင်း တွေ့ခဲ့ရသည်။
လူနည်းစု ကူကီးတိုင်းရင်းသား သဘောထားကွဲလွဲသူများအတွက် ၎င်းတို့၏သတင်းစကားများ ဖြန့်ဝေရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ဓာတ်ပုံနှင့် ဗီဒီယိုအထောက်အထားများ ဖြန့်ဝေရန် ကြိုးပမ်းမှုကို အဟန့်အတားဖြစ်စေခဲ့သည်
၎င်းထက် ပိုမိုကာ အင်တာနက်ဖြတ်တောက်ခြင်းသည် မနီပူရ်ပဋိပက္ခကို ပိုမိုဆိုးရွားစေသည့် နည်းလမ်းအဖြစ် တွေ့ခဲ့ရသည်။ ၎င်းကဲ့သို့ ဖြတ်တောက်ခြင်းဖြင့် BJP အစိုးရနှင့် ပြည်နယ်တွင်းမှ လူများစု မေထေး တိုင်းရင်းသားများအတွက် မတည်ငြိမ်မှုအပေါ် အများပြည်သူအမြင်ကို လွှမ်းမိုးထိန်းချုပ်စေနိုင်ခဲ့သည်။ ထို့အတွက် လူနည်းစု ကူကီးတိုင်းရင်းသား သဘောထားကွဲလွဲသူများအတွက် ၎င်းတို့၏သတင်းစကားများ ဖြန့်ဝေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဓာတ်ပုံနှင့် ဗီဒီယိုအထောက်အထားများ ဖြန့်ဝေရန် ကြိုးပမ်းမှုကို အဟန့်အတားဖြစ်စေခဲ့သည်။ ၎င်းအင်တာနက်ဖြတ်တောက်ခြင်းက ပဋိပက္ခဖြစ်ပွားမှု၊ BJP ၏ ဦးဆောင်မှုကို စိန်ခေါ်မှုတို့ကို ထိရောက်စွာ ကာဆီးပေးခဲ့သည်။
နိုင်ငံရေးအာဏာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန်နှင့် ဟိန္ဒူအမျိုးသားရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်ရန် မိုဒီနှင့် ၎င်း၏ အယူအဆတူ မဟာမိတ်များသည် နည်းပညာနင့် လူမှုမီဒီယာ ထိန်းချုပ်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ သဘောထားမတူညီမှုများကို ထိန်းချုပ်ရန်၊ စိတ်ဝမ်းကွဲစေသည့် ဝါဒဖြန့်မှုများ မြှင့်တင်ရန် ပြုလုပ်လေ့ရှိသည်။
ဂျူလိုင်လတွင်းက မေထေးရွာတစ်ရွာတွင် ကူကီးအမျိုးသမီးများကို မဖွယ်မရာကိုင်တွယ်ပြီး ဝတ်လစ်စားလစ် လမ်းလျှောက်ချီတက်စေသည့် ဗီဒီယိုပျံ့နှံ့လာသည့်အတွက် နိုင်ငံတကာမှ မနီပူရ် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အာရုံစိုက်လာကြသည်။
ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh အပါအဝင် BJP ခေါင်းဆောင်အများအပြားက ၎င်းဗီဒီယို ထွက်ပေါ်လာသည့်အတွက် စိတ်ပျက်ကြောင်း ပြောဆိုခဲ့ကြကာ ၎င်းဗီဒီယိုကို ရည်ရွယ်ချက်ရှိရှိ "ပေါက်ကြား" စေခြင်းဖြင့် နိုင်ငံရေးအရ ထိခိုက်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မီဒီယာ မေးမြန်းခန်းများတွင် စွပ်စွဲပြောကြားခဲ့ကြသည်။ မနိပူရ်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ရုံးနှင့် ပြောခွင့်ရသူတို့ကို ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းရန် အကြိမ်များစွာ တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။
သတင်းအချက်အလက် ဖုံးကွယ်မှုကို ထိုးဖောက်ရန် ကူကီးတက်ကြွလှုပ်ရှားသူများက ဒစ်ဂျစ်တယ် ခုခံကာကွယ်မှုများ ယခုနှစ်အတွင်း လုပ်ဆောင်လာကြသည်။
၎င်းတို့လူထု ကြုံတွေ့နေရသည့် အတိဒုက္ခများကို သတင်းစကား ဖြန့်ဝေရန် စုဝေးလေ့ရှိသည့် ကောလိပ် ပရိဝုဏ်သို့ နယ်မြေချင်းထိစပ်နေသည့် ပြည်နယ်တစ်ခုမှ အင်တာနက်ကြိုးများ သွယ်တန်းချိတ်ဆက်ကြသည်။ အချို့က ရှေးရိုးပုံစံဖြစ်သည့် မြေပြင်တွင် ခြေလျင်သွားရောက် မေးမြန်းသတင်းယူသည့် (shoe-leather journalism) ပုံစံဖြင့် အဖွဲ့များဖွဲ့ကာ ဒုက္ခသည်စခန်းများသို့ သွားရောက်ခြင်း၊ စစ်ရာဇဝတ်မှု စွပ်စွဲချက်များကို မှတ်တမ်းယူခြင်း၊ ဗီဒီယိုများကို ဘလူးတု၊ USB စတစ်များဖြင့် စုဆောင်းခြင်းတို့ ပြုလုပ်ကြသည်။ ပဋိပက္ခအကြောင်း လွတ်လပ်သော သဘောထားမှတ်ချက်များ ၎င်းတို့၏ လိုင်းဆွဲအားမကောင်းသည့် ဆယ်လူလာအတွင်းသို့ ဒေါင်းလုဒ်ပြုလုပ်ရန် အချို့မှာ နယ်စပ်သို့ နာရီများစွာ ကားနှင့် မောင်းနှင် သွားလာကြရသည်။
ဂျူလိုင်လ အစောပိုင်း တနင်္ဂနွေတစ်ရက်တွင် ၎င်း တက်ကြွလှုပ်ရှားသူများအနက်မှ တစ်ဦးသည် လူအုပ်ကြားတွင် ရပ်၍ ကူကီးရွာသားဒါဇင်ပေါင်းများစွာ၏ ခြောက်ခြားဖွယ် အတွေ့အကြုံများ ပြန်လည်ပြောပြနေကြသည်ကို စူးစိုက်နားထောင်နေခဲ့သည်။
ရွှေ့ပြောင်းနေထိုင်ခဲ့ရသူ ကူကီးများက ပြောကြားခဲ့သည်မှာ ၎င်းနေ့ နေမထွက်မီအချိန်တွင် လက်နက်ကိုင် မေထေး အကြမ်းဖက်လူအုပ်တစ်ခု ရောက်ရှိလာကာ တောင်ခြေရှိ ၎င်းတို့၏ အိမ်များကို မီးရှို့ခဲ့ကြောင်း၊ ထို့နောက် အသက် ၃၀ အရွယ်ရှိ David Thiek အမည်ရှိကူကီ တစ်ဦး ခေါင်းဖြတ်ခံရပြီး ၎င်း၏ ခြေလက်အင်္ဂါများကို ဖြတ်တောက်ကာ ဦးခေါင်းကို ဝါးလှံထိပ်တွင် စိုက်ထားခဲ့ကြောင်း ရွာသားများက ထိတ်လန့်အံ့အားသင့်ဖွယ် စွဲဆိုပြောကြားခဲ့ကြသည်။
ယခင်က ခေါ်ဆိုမှုစင်တာ မန်နေဂျာဖြစ်ခဲ့၍ ခင်မင်ဖွယ် ရယ်မောနေတတ်ပြီး၊ ငြိမ်သက်စွာ စူးစိုက်လုပ်ဆောင် လေ့ရှိသော တက်ကြွလှုပ်ရှားသူ Jhmar သည် ကူကီးလိုလားသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဌာနေတိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်များ ဖိုရမ် Indigenous Tribal Leaders’ Forum (ITLF) တွင် "မီဒီယာအဖွဲ့” မှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည်။ သူမ၏ အလုပ်မှာ ရက်စက်ကြမ်းကြုတ်မှု အစီရင်ခံချက်များကို ရှာဖွေ၊ အတည်ပြု၍ အင်တာနက်ပိတ်ဆို့ထားသည့် စိန်ခေါ်မှုအကြားမှ ပြင်ပကမ္ဘာသို့ ဖြန့်ဝေရခြင်းဖြစ်သည်ဟု သူမက ပြောသည်။ သို့သော် အဖိုးတန် ကိုယ်တွေ့ အတွေ့အကြုံများသည် သူမထံသို့ နည်းလမ်းရှာ၍ ရောက်လာကြသည်။ (အစိုးရ၏ လက်တုံ့ပြန်မှုကို စိုးရိမ်ရသည့်အတွက် Jhmar သည် သူမ၏ မျိုးနွယ်စုအမည်ကိုသာ ဖော်ပြထားသည်။)
အင်တာနက်အမှောင်ချမှုများ၏ ကမ္ဘာ့ခေါင်းဆောင်တစ်ဦး
၂၀၂၀ ခုနှစ်မှစတင်ကာ အိန္ဒိယသည် အင်တာနက်ဖြတ်တောက်မှုတွင် ဒုတိယနှင့် တတိယနေရာတွင် ရှိသော အီရန်နှင့် မြန်မာထက် သာလွန်ခဲ့သည်ဟု Access Now ၏ အချက်အလက်များအရ သိရသည်။ အိန္ဒိယအစိုးရ အရာရှိများက သေးငယ်သော ခရိုင်များ သို့မဟုတ် လူဦးရေး သန်းချီသော ကြီးမားသည့် ပြည်နယ်များအထိ ပိတ်ဆို့မှုအမိန့်များ ထုတ်ပြန်နိုင်ကြသည်။ အမှောင်ချမှုကို ရက်အနည်းငယ် သတ်မှတ်လေ့ရှိသော်လည်း သက်တမ်းတိုးနိုင်ပြီး အချို့မှာ လပေါင်းများစွာ ကြာမြင့်လေ့ရှိသည်။
လွန်ခဲ့သည့် နှစ်လက Haryana ပြည်နယ်တွင် အဓိကရုဏ်းထိန်းချုပ်ရန်ဟု အကြောင်းပြကာ အင်တာနက် ဖြတ်တောက်ခဲ့ပြီး ပန်ဂျပ်ပြည်နယ်တွင် တရားခံပြေးများ ဖမ်းဆီးရန် ကြိုးပမ်းမှုကာလအတွင်း လူပေါင်း ၂၇ သန်းကျော်ကို ထိခိုက်ခဲ့သည့် အင်တာနက်ဖြတ်တောက်မှုတစ်ခုကို မတ်လက ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ လတွင် Rajasthan ပြည်နယ်တွင် မြို့ပေါင်း ၁၁ မြို့၌ စာမေးပွဲအတွင်း မသမာမှု မပြုရန် တားဆီးသည့်အနေဖြင့် အင်တာနက်ပိတ်ဆို့ခဲ့သည်။
အရှည်ကြာဆုံး မှတ်တမ်းဝင် အင်တာနက်ပိတ်ဆို့မှုမှာ ဩဂုတ်လ ၂၀၁၉ ခုနှစ်အတွင်း မိုဒီအစိုးရက မြောက်ပိုင်း Jammu နှင့် ကက်ရှ်မီးယားဒေသမှ တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်အတန်းကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး မငြိမ်သက်သည့် မူဆလင်အများစုရှိသည့် နယ်မြေကို အိန္ဒိယအစိုးရ တိုက်ရိုက်ထိန်းချုပ်မှု အောက်သို့ ထည့်သွင်းခဲ့သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာကာ ဖမ်းဆီးထိန်းသိမ်းမှု အများအပြားအပါအဝင် အိန္ဒိယစစ်တပ်၏ ဖြိုခွင်းမှုများ ဖြစ်ပေါ်ခဲ့သည့်အချိန်တွင် ဖြစ်သည်။ အစိုးရက ဖုန်းလိုင်းများ ဖြတ်တောက်ခြင်း၊ ပါကစ္စတန်မှ သတင်းအချက်အလက်အမှားများ ဖြန့်ချိခြင်းကို ဟန့်တားရန်ဟု အရာရှိများက အကြောင်းပြကာ ၁၈ လကြာ မြန်နှုန်းမြင့် အင်တာနက် ဖြတ်တောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
သို့သော် သတင်းအချက်အလက် စီးဆင်းမှု ထိခိုက်ခဲ့ပြီး ဂျာနယ်လစ်များ အလုပ်မလုပ်နိုင်ဖြစ်ခဲ့ကာ အိန္ဒိယစစ်တပ်၏ အရွယ်မရောက်သေးသူများအပါအဝင် ဖမ်းဆီးခံရသူများကို ညှင်းပန်းနှိပ်စက်မှုများ ပေါ်ပေါက်လာစေရန် ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည်ဟု ယခုအခါ စတန်းဖို့ဒ်တက္ကသိုလ်တွင် ပညာရှင် ဖြစ်နေသူ Kashmir Times အမှုဆောင်အယ်ဒီတာ Anuradha Bhasin က ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသရဲ့ လူဦးရေ ၇ သန်းနဲ့ Jammu ဒေသက လူများစု မူဆလင်တွေကို သံကွန်ခြာနောက် လုံးလုံးတွန်းပို့ထားခြင်း ခံခဲ့ရတယ်။ အရေးကြီးတဲ့ သတင်းပေးပို့တာတွေကို ပိတ်ဆို့တာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ချင်လို့ လုပ်ခဲ့တဲ့ အကျိုးဆက်တွေ ဖြစ်တယ်
“ကက်ရှ်မီးယားဒေသရဲ့ လူဦးရေ ၇ သန်းနဲ့ Jammu ဒေသက လူများစု မူဆလင်တွေကို သံကွန်ခြာနောက် လုံးလုံးတွန်းပို့ထားခြင်း ခံခဲ့ရတယ်။ အရေးကြီးတဲ့ သတင်းပေးပို့တာတွေကို ပိတ်ဆို့တာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ချင်လို့ လုပ်ခဲ့တဲ့ အကျိုးဆက်တွေ ဖြစ်တယ်။” ဟု Bhasin က ပြောကြားသည်။
Bhasin က အင်တာနက်ဖြတ်တောက်မှုကို တရားရုံးတွင် ရင်ဆိုင်စိန်ခေါ်ခဲ့ပြီးနောက် နိုင်ငံတော်တရားရုံးချုပ်က လုံးလုံးလိုအပ်သည့် အခြေအနေတွင် အချိန်အကန့်အသတ်ဖြင့်သာ အင်တာနက်ပိတ်ဆို့မှုနည်းလမ်းကို အသုံးပြုရန် ၂၀၂၀ ခုနှစ်တွင် အမိန့်ချခဲ့သော်လည်း အာဏာပိုင်များက တရားရုံးလမ်းညွှန်ချက်ကို မသိကျိုးကျွံပြုမှုများ မကြာခဏ ပြုလုပ်ကြသည်ဟု အိန္ဒိယ အရပ်ဘက် အခွင့်အရေး ဥပဒေသမားများက ပြောကြားကြသည်။
ဖိနှိပ်မှု၏ စတင်ခြင်း
မနိပူရ်မှ မတည်ငြိမ်မှုများမှာ ဧပြီလ ၂၇ တွင် စတင်ခဲ့သည်။ ယင်းနေ့တွင် ပြည်နယ် ဝန်ကြီးချုပ်၏ မြေယာ မူဝါဒကို ဆန့်ကျင်သည့် အထွေထွေဆန္ဒပြမှုပြုလုပ်ရန် ကူကီးတက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြပြီး ဆန္ဒပြမှုများသည် အကြမ်းဖက်မှုများအဖြစ် ပြောင်းလဲသွားကြသည်။
တောင်တန်းများတွင် နေထိုင်သူ ကူကီး မျိုးနွယ်စုများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးထားသည့် ချိုင့်ဝှမ်းများတွင် နေထိုင်သူ ဟိန္ဒိူဘာသာဝင်အများစုဖြစ်သည့် မေထေးတို့အကြား တင်းမာမှုများမှာ လအတန်ကြာ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။
အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် မျိုးနွယ်စုများအတွက် ကာကွယ်ပေးထားသော တောင်တန်းမှ မြေများကို မေထေးတို့က လိုချင်နေသည်ဟု ကူကီးများက ကာလရှည်ကြာ စွပ်စွဲခဲ့ကြပြီး ယခုနှစ်နွေဦးတွင် ပြည်နယ် အမြင့်ဆုံးတရားရုံးက မေထေးများ၏ တောင်းဆိုမှုကို ထောက်ခံလိုက်ပြီး တရားဝင်မျိုးနွယ်စုအဆင့်အတန်းပါ ခွင့်ပြုပေးလိုက်သောအခါ ၎င်းစိုးရိမ်မှုများ ပိုမိုမြင့်မားလာခဲ့ကြသည်။
ကနဦးတွင် ပြည်နယ်အစိုးရက မနီပူရ်ပြည်နယ်မှ ကူကီးလူဦးရေအများဆုံး Churachandpur မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။ မေလ ၃ ရက်နေ့တွင် အကြမ်းဖက်လူအုပ်ကြီး၏ အကြမ်းဖက်မှုများမှာ ပြည်နယ်အနှံ့ ပျံ့နှံ့သွားခဲ့ပြီး နှစ်ရက်တာ သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ မီးရှို့မှုများ ဖြစ်ပွားခဲ့သည်။ နှစ်ဘက်လုံးမှာ ပစ်မှတ်များ ဖြစ်ခဲ့ပြီး ခံရသူအများစုမှာ ကူကီများဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ အချက်အလက်များအရ သိရသည်။ လှည့်လည် သွားလာနေသော လူသတ်သမားအစုအဖွဲ့များက အခြားတိုင်းရင်းသားများကို တွေ့သည့်နှင့် သတ်ဖြတ်ကြသည်။ လူဦးရေ ၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ကြရသည်။
ပြည်နယ်မှ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို အင်တာနက်ဖြတ်တောက်ရန် အမိန့်ထုတ်ခဲ့ပြီး မနိပူရ် ပြည်နယ်တွင် ဒစ်ဂျစ်တယ်အမှောင်ချမှု ဖြစ်ပေါ်ခဲ့သည်။ ခုခံမှုများလည်း စတင်လာခဲ့သည်။
ပြင်ပသို့ သတင်းစကား ထုတ်ခြင်း
ကူကီးလိုလားထောက်ခံသူ ITLF အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော Ginza Vualzong သည် ၎င်း၏ "မီဒီယာအဖွဲ့”မှ ဦးဆောင်ကာ ပထမဦးဆုံး တာဝန်အနေဖြင့် အင်တာနက်မှောင်ခိုသွယ်ယူပေးသူ ဒေသခံပညာရှင်တစ်ဦးကို လိုက်လံရှာဖွေခဲ့ရသည်။ ရက်သတ္တပတ်များစွာ ညှိနှိုင်းခဲ့ပြီးနောက် မေလကုန်ပိုင်း တွင်အံ့အားသင့်ဖွယ် အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော် ပေးအပ်ခဲ့ရပြီး Router switch တစ်ခု ရရှိခဲ့သည်။ Vualzong က Churachandpur ရှိ ၎င်း၏ မီဒီယာအဖွဲ့ကို နှေးကွေး၊ လက်ဝင်သော်လည်း အနှောင်အဖွဲ့ ကင်းမဲ့သည့် အိမ်နီးချင်း ပြည်နယ်မှ အင်တာနက်သွယ်တန်းထားသည့် ဝိုင်ဖိုင်အိုအေစစ်အဖြစ် အသွင်ပြောင်း ခဲ့သည်။
BJP အစိုးရဘက်သို့ ယိမ်းသည့် သတင်းစာများနှင့် ရုပ်သံများမှ သတင်းဆောင်းပါးများကို တန်ပြရန်အတွက် စေတနာ့ဝန်ထမ်းတစ်ဦးက သတင်းလွှာတစ်ခု နေ့စဉ် ပြုစုခဲ့ပြီး ဖတ်ရှုလိုသူများအတွက် ပုံနှိပ်ဖြန့်ဝေခဲ့သည်
BJP အစိုးရဘက်သို့ ယိမ်းသည့် သတင်းစာများနှင့် ရုပ်သံများမှ သတင်းဆောင်းပါးများကို တန်ပြရန်အတွက် စေတနာ့ဝန်ထမ်းတစ်ဦးက သတင်းလွှာတစ်ခု နေ့စဉ် ပြုစုခဲ့ပြီး ဖတ်ရှုလိုသူများအတွက် ပုံနှိပ်ဖြန့်ဝေခဲ့သည်။ အခြားသော အဖွဲ့တစ်ခုက ဆေးရုံများနှင့် နေရပ်စွန့်ခွာရသူစခန်းများသို့ သွားရောက်၍ စစ်ရာဇဝတ်မှု စွဲဆိုချက်များကို မှတ်တမ်းတင်ကာ YouTube သို့ စကားပြောမှတ်တမ်းများ တင်ပို့ကြသည်။
“ကျွန်တော်တို့ တိုက်ခိုက်နေရတာက ဇာတ်ကြောင်းပြော စစ်ပွဲတစ်ခုပါ။” ဟု ပြောသည့် Vualzong က ၎င်း ၏ နေ့စဉ်အလုပ်သည် အစိုးရ၏ ဝါဒဖြန့်ချိမှုများကို ဆန့်ကျင်တိုက်ခိုက်ရသည့် "မီးသတ်သမား" ကဲ့သို့ ရှင်းလင်း ဖော်ပြသည်။
ပဋိပက္ခဖြစ်ပွားပြီးနောက် အိန္ဒိယအစိုးရသည် နိုင်ငံခြားဂျာနယ်လစ်များကို မနိပူရ်ပြည်နယ်သို့ ဝင်ရောက်ခွင့် တားမြစ်လိုက်သည်။ အိန္ဒိယမီဒီယာများတွင် အများစုမှာ ဖတ်ရှုသူအနည်းငယ်သာရှိသည့် အင်္ဂလိပ်ဘာသာ သတင်းစာများဖြစ်ကြသည်။ ပဋိပက္ခ နှစ်ဘက်လုံးကို ဖော်ပြပေးသည့် သတင်းဌာနများမှာ အွန်လိုင်းတွင်သာ ဖြန့်ချိကြပြီး အရေအတွက် အနည်းငယ်သာ ရှိသည်။
သို့သော် ၎င်း လျှို့ဝှက်အင်တာနက်လိုင်းဖြင့် မီဒီယာအဖွဲ့သည် သေးငယ်သော အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ဂျူလိုင်လတွင် Jhmar နှင့် သူမ၏ အဖွဲ့သည် အကြမ်းဖက်လူအုပ်ကြီး၏ သေလုမျောပါး ရိုက်နှက်ခံခဲ့ရသည့် ကူကီးအမျိုးသမီးတစ်ဦးနှင့် လူသိများထင်ရှားသည့် ဘုံဘေမှ လူသားများ Humans of Bobay(ဖော်လိုဝါ ၃ သန်းကျော် ရှိသည့် နယူးယော့ခ်မှ လူသားများ Humans of New Yorkကို မှီငြမ်းအတုယူထားသော) အင်စတာဂရမ်အတွက် စာရေးသားသူတစ်ဦးတို့ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရန် စီစဉ်ပေးနိုင်ခဲ့သည်။
၎င်း တင်ပြချက်သည် ကြိုက်နှစ်သက်သူ ၂၁,၀၀၀ ကျော် ရရှိခဲ့သည်။ နိုင်ငံပိုင်သတင်းစာ မျက်နှာဖုံးတွင် ပါဝင်ခွင့်ရသကဲ့သို့ မဟုတ်သော်လည်း ၎င်း၏ လူထုမှာ ပြင်ပကမ္ဘာ၏ အာရုံစိုက်မှုကို လိုချင်နေကြသည်ဟု Jahmar က ပြောကြားသည်။ "သေးငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဘယ်လို လမ်းကြောင်းပဲ ဖြစ်ပါစေ။ အခုအချိန်မှာ ကျွန်မတို့အတွက် အရေးကြီးပါတယ်။” ဟု ပြောကြားခဲ့သည်။
အမှောင်ခေတ်သို့ ပြန်လည်ရောက်ရှိခြင်း
မီဒီယာအဖွဲ့များ ၎င်းတို့ရုံး၏ ဝိုင်ဖိုင်အသုံးပြုခွင့်ရသည့်နေရာတွင် စုပြုံနေကြရသည့်အချိန်တွင် သန်းပေါင်း များစွာသော ပြင်ပမှ ဘဝများသည်လည်း ရှေးခေတ်နည်းပညာကာလများသို့ သက်ဆင်းသွားကြရသည်။
မနိပူရ်ပြည်နယ်မြို့တော် Imphal မြို့ရှိ Raj ဆေးဘက်ဆိုင်ရာနည်းပညာမြင့်ဆေးရုံမှ အသက် ၂၉ အရွယ်ရှိ ဆေးရုံညွှန်ကြားရေးမှူး Vijayraj Haobijam က ဖြစ်ပေါ်လာသော အခက်အခဲများကို တစ်ခုချင်းစီ ရှင်းပြသည်။ အင်တာနက်အသုံးပြုခွင့်မရသည့်အတွက် အမျိုးသားကျန်းမာရေးအာမခံအစီအစဉ်မှ ပြန်လည်ပေးအပ်ငွေ အချိန်မီ မရရှိကြောင်း၊ လူနာများထံမှ ဒစ်ဂျစ်တယ်ပေးချေမှုများလည်း အချိန်မီ မရကြောင်း ပြောပြသည်။ ၎င်း၏ ဝန်ထမ်းများမှာ လစာတစ်ဝက်ဖြင့် အလုပ်လုပ်ကိုင်နေကြရသည်။
ကိုဗစ်ပိတ်ဆို့ဖြတ်တောက်မှုတွေကတောင် စစ်ပွဲမဟုတ်တဲ့အတွက် အရမ်းမခက်ခဲခဲ့ဘူး။ အဲဒီတုန်းက အင်တာနက်ရှိသေးတယ်
“ကိုဗစ်ပိတ်ဆို့ဖြတ်တောက်မှုတွေကတောင် စစ်ပွဲမဟုတ်တဲ့အတွက် အရမ်းမခက်ခဲခဲ့ဘူး။ အဲဒီတုန်းက အင်တာနက်ရှိသေးတယ်။” ဟု ၎င်းက ပြောသည်။
ဒစ်ဂျစ်တယ်ပေးချေမှုများ ရုတ်ချည်း မရရှိနိုင်တော့သည့်အတွက် ATM တွင် ရှည်လျား လူတန်းရှည်များ စောင့်ဆိုင်းနေကြရသည်။ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်မှု ကုမ္ပဏီများ ဝန်ဆောင်မှု ဆိုင်းငံ့ ထားသည့်အတွက် အစားအသောက်နှင့် ကုန်စည်ပို့ဆောင်သည့် ဝန်ထမ်းများ နောက်ဖေးလမ်းကြား များတွင် စုပုံနေကြသည်။ ဉာဏလုပ်သား အလုပ်အကိုင်များဖန်တီးပေးသည့် ရုံးခန်းများမှာ ညတွင်းချင်း ပိတ်သွားခဲ့သည်။
Churachandpur ရှိ ရေဗူးထုပ်ပိုးသည့်စက်ရုံလုပ်ငန်းတွင် အသက် ၂၇ နှစ်အရွယ်ရှိ Janet Laltheingzo သည် အော်ဟစ်ဆူပူကာ ချွေးသံတရွှဲရွှဲဖြင့် ရေဗူးများကို ထုပ်ပိုးကာ ထရပ်ကားတစ်စီးပေါ်သို့ တင်ပေးနေရသည်။ ကောလိပ်မှ ဘွဲ့ရပြီးနောက် ရှာဖွေမှုအင်ဂျင်တွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရသည့်(Search engine optimization)ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သည့် သူမအနေဖြင့် ယခုအလုပ်ကို စိတ်ကူးဖြင့်ပင် မလုပ်ခဲ့ဖူးပေ။ သို့သော် အင်တာနက် ဖြတ်တောက်ခံရသည့်အတွက် Lalthiengzo သည် ယခင်သူမ ရရှိခဲ့သည့်ထက် သုံးပုံတစ်ပုံမျှသာ ရှိသော တစ်ရက်လျှင် ၃ ဒေါ်လာဖြင့် ရေသန့်ဗူးထုပ်ပိုးသည့် အလုပ်ကို လုပ်နေရသည်။
“ရတာနည်းလည်း အလုပ်ကတော့ လုပ်ရမှာပဲ” ဟု Lalthiengzo က ပြောသည်။
မကြာသေးသော ညနေခင်းတစ်ခုတွင် ကူကီးသုံးဦးသည် တောင်ထိပ်မှ မြက်ခင်းများအကြား လရောင်ခိုလှုံရင်း စုဝေးနေကြသည်။ ဒေသခံများက တောင်ထိပ်များတွင် အားနည်းသော ဆဲလ်ဖုန်းလိုင်းဆွဲအား ရရှိနိုင်သည်ဟု သိရှိကြသည်။ သို့သော် ၎င်း လိုင်းဆွဲအားမှာ အိမ်နီးချင်းပြည်နယ် မီဇိုရမ်မှ ရရှိသည်လား သို့မဟုတ် မြန်မာမှ ရရှိသည်လားဆိုသည်ကိုမူ မည်သူမျှ မသိရှိကြပါ။
အသက် ၅၁ နှစ်အရွယ်ရှိ Siamkhanlal သည် ၎င်း၏ WhatsApp သို့ စာသားပေးပို့မှု ၄၆ ခု တပြိုင်တည်းဝင်ရောက်လာသည့်အတွက် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ သူသည် သူ၏ ဘုရားကျောင်းအဖွဲ့အတွက် ပေးချေမှုပြေစာများ ဒေါင်းလုဒ်ပြုလုပ်ရန် လိုအပ်နေသည်။ လူများသည် တောင်များသို့ အကြောင်းပေါင်းစုံဖြင့် လာရောက်ကြသည်ဟု သူက ရှင်းပြသည်။ အချို့မှာ အိမ်စာလုပ်ရန်၊ အချို့မှာ ငွေပေးချေမှု ပြုရန်၊ အချို့မှာ တိုက်ပွဲများအကြောင်း နောက်ဆုံးသတင်းများ ဒေါင်းလုဒ်လုပ်ရန် ဖြစ်ကြသည်ဟု ၎င်းက ပြောသည်။
အခြားသော ရွာသားတစ်ဦးဖြစ်သူ O.K. Luna မှာ ကံမကောင်းပေ။ သူသည် ယင်းနေ့တွင် အီတလီရှိ အပျော်စီး သင်္ဘောတွင် ဆက်လက် အလုပ်လုပ်ရန် ထွက်ခွာသွားသော သူ၏ သမီးဖြစ်သူ Margaret ကို ခေတ္တခဏမျှ တွေ့မြင်လိုခြင်းဖြစ်သည်။ သူသည် ဖုန်းကို လက်တွင် ကိုင်၍ ချိတ်ဆက်မှုရရန် ကြိုးပမ်းနေခဲ့သည်။ မိနစ် ၉၀ ကျော် ကြာပြီးနောက် သူ လက်လျှော့လိုက်ရသည်။
ဖုံးကွယ်မှုကို ခေတ္တ လှစ်ဟပေးလိုက်သည်။
မေလ ၄ ရက်နေ့သည် ဒုတိယမြောက်နှင့် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မနိပူရ်ပဋိပက္ခကို အဓိပ္ပါယ် ဖွင့်ဆိုပေးမည့် နေ့ရက်ဖြစ်လာသည်။
ကျဉ်းမြောင်းသော ကွန်ကရစ်လမ်းပေါ်မှ ခြောက်သွေ့သော လယ်ကွင်းများဆီသို့ လမ်းလျောက်ချီတက်လာသည့် ဒါဇင်များစွာသော မေထေးအမျိုးသားများက အဝတ်မဲ့ ကူကီးအမျိုးသမီးနှစ်ဦး၏ မိန်းမကိုယ်ကို ဆုပ်ကိုင်ကာ ကိုယ်ထိလက်ရောက် စော်ကားနေသည့် ၂၆ စက္ကန့်ကြာ ဗီဒီယို ထွက်ပေါ်လာခဲ့သည်။ ၎င်းကူကီး အမျိုးသမီးများကို ကင်မရာကွယ်ရာတွင် အဓမ္မကျင့်ခံခဲ့ရကြောင်း ၎င်းတို့၏ ဆွေမျိုးများက စွပ်စွဲပြောဆို ခဲ့ကြသည်။
နှစ်လခွဲကြာအထိ ၎င်းဗီဒီယိုမှာ ထွက်ပေါ်လာခြင်းမရှိပေ။ ဖမ်းဆီးခံရသူလည်း မရှိ၊ သတင်းခေါင်းစီးများ တွင်လည်း မပါဝင်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၎င်းဗီဒီယိုသည် လူမှုမီဒီယာပေါ်သို့ ရောက်ရှိလာခဲ့ပြီး ချက်ချင်းပင် အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။
ကုလ လူ့အခွင့်အရေးကျွမ်းကျင်သူများက မြေပြင်တွင် ဖြစ်ပျက်နေသည်တို့ကို သတိပေးပြောကြားကြသည်။ မနိပူရ်အရေး စတင်စဉ်ကပင် ရှောင်ခွာနေခဲ့သည့် မိုဒီက ၇၈ ရက်အကြာတွင် အသံထွက်လာခဲ့သည်။ မနိပူရ်မှ အမျိုးသမီးများအပေါ် ဖြစ်ပျက်ခဲ့သည်တို့ကို မည်သည့်အခါမျှ ခွင့်လွှတ်မည်မဟုတ်ဟု အိန္ဒိယလူထုကို ပြောကြားခဲ့သည်။ ရက်ပိုင်းအတွင်းပင် တရားဥပဒေလှည်းဘီး တစ်ပတ်လည်လာကာ အမျိုးသား ၇ ဦး ဖမ်းဆီးခံရပြီး ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအေဂျင်စီထံ လွှဲအပ်ခဲ့သည်။
နိုင်ငံရေးကို မျက်မြင်တွေ့နိုင်မှု၊ ဆိုရှယ်မီဒီယာတို့မှ မောင်းနှင်သော နိုင်ငံတစ်ခုအတွက် အမြင်ပိုင်းဆိုင်ရာ ပုံရိပ်ဖမ်းယူခြင်းနှင့် မျှဝေခြင်းတို့သည်သာ "လုပ်ပိုင်ခွင့်အာဏာရှိသူတို့ထံမှ တုံ့ပြန်မှုရနိုင်သော အချိန်” ဖြစ်သည်ဟု ကာလရှည်ကြာစွာ လုပ်ကိုင်ခဲ့သည့် မီဒီယာဝေဖန်ရေးသမား Sevanti Ninan က ပြောကြားသည်။
"ပြည်မကြီးရဲ့ ဒီပြည်နယ်အပေါ် ထားရှိတဲ့သဘောထားအရ မနိပူရ်ကို တစ်စိတ်တစ်ပိုင်း မမြင်နိုင် ဖြစ်နေရတာ ကြာပြီ။ အင်တာနက်ပိတ်ဆို့တာက ပိုပြီး မမြင်နိုင်အောင် ဖြစ်စေခဲ့တယ်။”
အလိမ်အညာနှင့် ကောလဟာလများ
မေထေးဘက်တွင်မူ ၎င်းဗီဒီယိုထွက်ပေါ်လာခြင်းသည် ရှုပ်ထွေးမှုနှင့် အလိုမကျမှုများ ပိုမိုဖြစ်ပေါ်လာစေခဲ့သည်။
မေထေးများသည်လည်း ပုံမှန်တိုက်ခိုက်မှုခံနေရသည့် ၎င်းတို့ကို အင်တာနက်ဖြက်တောက်ခံရသည့်အတွက် စဉ်းစားမရဖြစ်ခဲ့ကြသည်။
မေထေးအမျိုးသမီးများကို တိုက်ခိုက်ခံရသည်ဟူသော ကောလဟာလများကြောင့် ကူကီးအမျိုးသမီးများကို လက်စားချေတိုက်ခိုက်ခြင်းဖြစ်သည်ဟု မေထေးအမျိုးသမီးနှစ်ဦးက အမည်မဖော်ပဲ ပြောပြကြသည်။
ပြောနေကြပုံက ကျွန်မတို့အပေါ် တစ်ဘက်သတ်ပဲ။ အင်တာနက် မရှိတော့ ကျွန်မတို့လူထုမှာ ဘာတွေ ဖြစ်နေလဲဆိုတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ မရနိုင်ဘူးပေါ့
“ပြောနေကြပုံက ကျွန်မတို့အပေါ် တစ်ဘက်သတ်ပဲ။ အင်တာနက် မရှိတော့ ကျွန်မတို့လူထုမှာ ဘာတွေ ဖြစ်နေလဲဆိုတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ မရနိုင်ဘူးပေါ့။” ဟု မေထေးအမျိုးသမီးနှစ်ဦးအနက် တစ်ဦးက ပြောကြားသည်။
အင်တာနက်ဖြတ်တောက်မှုသည် ပဋိပက္ခကို အလိမ်အညာများ၊ ကောလဟာလများဖြင့် ပိုမိုဆိုးရွားစေကြောင်း ပဋိပက္ခအတွင်း မေထေးအကျိုးစီးပွားကို ကိုယ်စားပြုသည့် ထိပ်တန်း အရပ်ဘက်အစုအဖွဲ့ မနိပူရ်ဖြောင့်မတ် တည်ကြည်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ၏ ပြောခွင့်ရ Khuraijam Athouba က ပြောကြားသည်။ မေထေးများပင် ၎င်းကို မနှစ်မြို့ကြောင်း ၎င်းက ပြောသည်။
“လူတွေက မှန်းဆကောက်ယူချက်တွေ ပိုပြီး လုပ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အချိန်မှီ သူတို့မှ မရကြလို့ပါ။” ဟု Athouba က ပြောကြားသည်။
သက်သေအထောက်အထားများ စုစည်းပြုစုခြင်း
Jhmar သည် ဂျူလိုင်လ ၂ ရက်နေ့ တွင် David Theik သေဆုံးမှုသတင်း ကြားလျှင်ကြားခြင်း Thiek ၏ မိသားစုများ ခိုလှုံရာ Saikot ရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည်။
ဒုက္ခသည်များ တစ်သုတ်ပြီး တစ်သုတ်ရောက်ရှိလာနေပြီး ဓာတ်ပုံနှင့် ဗီဒီယိုများလည်း တစ်စစီ ရရှိလာခဲ့သည်။
Thiek ၏ ခန္ဓာကိုယ် အကြွင်းအကျန်များ ရှာဖွေနေမှု၊ ၎င်း၏ ဦးခေါင်းကို ချိတ်ဆွဲထားသည့် ဝါးခြံစည်းရိုး စသည့် ဓာတ်ပုံ၊ ဗီဒီယိုများ ရရှိလာခဲ့သည်။
Jhmar က ဘလူးတုဖြင့် ဖိုင်မျှဝေသည့် အက်ပလီကေးရှင်းကို သုံးကာ Thiek ၏ မိတ်ဆွေများ၊ မိသားစုများ၊ မျက်မြင်သက်သေများ၏ ဓာတ်ပုံ၊ ဗီဒီယိုအားလုံးကို စုစည်းခဲ့သည်။ သူမ၏ မီဒီယာအဖွဲ့မှ လုပ်ဖော်ကိုင်ဖက် များနှင့် တစ်ပတ်အကြာ လုပ်ကိုင်ပြီးနောက် အောက်မေ့ဖွယ်ဗီဒီယိုတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းဗီဒီယိုကို ၎င်းတို့၏ YouTube ချန်နယ်တွင် ဂျူလိုင်လ ၁၃ ရက်နေ့က လွှင့်တင်ခဲ့သည်။
တစ်ခုတည်းသော ဖြေသိမ့်စရာ
ဂျူလိုင်လ ၂၄ ရက်နေ့တွင် Jhmar အတွက် နောက်ထပ် အနိုင်ရရှိမှု အသေးစားတစ်ခု ရရှိခဲ့သည်။ CNN-News 18 မှ အဖွဲ့တစ်ခုက Thiek အသတ်ခံရမှုကို တွေ့ရှိပြီး Jhmar က အဖွဲ့သားများကို ၎င်း၏ မိသားစုနှင့် တွေ့ဆုံမေးမြန်းရန် ခေါ်ဆောင်လာနိုင်ခဲ့သည်။ သို့သော် ယင်းနောက်ပိုင်းတွင် အာရုံစိုက်မှု မှေးမှိန်သွားပြန်သည်။
စက်တင်ဘာ ၂ ရက်နေ့တွင် ကျွမ်းကျင်ဂျာနယ်လစ်အဖွဲ့တစ်ခုဖြစ်သော အိန္ဒိယ အယ်ဒီတာ အစည်းအရုံးသည် မနိပူရ်ပြည်နယ်သို့ အချက်အလက်ရှာဖွေရေးလုပ်ငန်းစဉ်ဖြင့် လာရောက်ခဲ့ကြသည်။ ၎င်းတို့က အင်တာနက် ပိတ်ပင်ခြင်းသည် ဂျာနယ်လစ်များ၏ အလုပ်ကို အတားအဆီးဖြစ်စေကြောင်း၊ "ပြည်နယ်အစိုးရ၏ အပြော အဆိုပေါ်တွင်သာ လုံးဝမှီခိုနေစေရန်” အတင်းအကျပ်လုပ်ဆောင်ရာရောက်ကြောင်း၊ ဆိုးရွားပြီး တစ်ဘက်သတ် ဆန်သည့် သတင်းထုတ်ပြန်မှုများသာ ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာ ထုတ်ပြန်၍ ဖော်ပြခဲ့သည်။
နှစ်ရက်အကြာတွင် မနိပူရ်အစိုးရက အယ်ဒီတာအစည်းအရုံးကို "မတူညီသော အဖွဲ့များအကြား ရန်ငြိုးဖွဲ့မှုကို အားပေးမြှင့်တင်သည်"ဟု ဆိုကာ ရာဇဝတ်မှုဖြင့် အမှုဖွင့်ခဲ့သည်။
မိုဘိုင်းအင်တာနက်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ခေတ္တမျှ ပြန်လည် ဖွင့်ပေးခဲ့ပြီး ဓာတ်ပုံများ လူမှုမီဒီယာတွင် ချက်ချင်း ပြန့်နှံ့လာခဲ့သည်။ ယခုအကြိမ်တွင် ကူကီးများ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားသည့် မေထေးလူငယ်နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့မြင်ကြရသည်။ အာဏာပိုင်များက သတ်ဖြတ်သူဟု သံသယရှိသူများကို စက်တင်ဘာ ၂၆ ရက်နေ့ အင်တာနက်ပြန်လည် မဖြတ်တောက်မီတွင် ဖမ်းဆီးခဲ့သည်။
Churachandpur တွင် Jhmar သည် စိတ်ဓာတ်ကျဆင်း အားငယ်နေသည်။ သူမသည် အကြမ်းဖက်မှု အကြောင်း လုံလောက်သော သတင်းစကားမဖြန့်ဝေနိုင်ဟု ခံစားနေရသည်။ မနိပူရ်တွင် မေလအစောပိုင်း ကတည်းက အင်တာနက်ဖြတ်တောက်ထားသည့်အတွက် သူမ မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါမည်လဲ။
Jahmar က သူမအတွက် တစ်ခုတည်းသော ဖြေသိမ့်စရာမှာ Thiek သတ်ဖြတ်ခံရပုံအကြောင်း မှတ်တမ်း တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“တစ်ခုတည်းသော ကျွန်မတို့ လုပ်နိုင်တဲ့အရာက သတင်းတွေ ထုတ်နိုင်သမျှ ထုတ်နေပြီး ကမ္ဘာက သိအောင်လုပ်ဖို့ ဖြစ်တယ်။” ဟု သူမက ပြောကြားခဲ့သည်။
ကိုးကား - The Washington Post
ပုံစာ - မနိပူရ်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် တောင်ပေါ်တွင် အင်တာနက်လိုင်းစွဲအား ရှာဖွေနေသည့် O.K. Luna။ (Photo: Arko Datto for The Washington Post)
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၄ ရက် က
လွန်ခဲ့သော ၁၄ ရက် က