bap-logo
Politics

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နှုတ်ထွက်၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းမည်

tZCLk0BFEwE75Maz5lNz4-image

လွန်ခဲ့သော တစ်လ က

 

လွန်ခဲ့သည့် ဆယ်စုနှစ် ငါးခုအကျော်က အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဆိုးရွားဆုံးအကြမ်းဖက်မှုအချို့ကြောင့် လူသေဆုံးမှုများ ပိုမိုဖြစ်ပေါ်လာပြီးနောက် တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ နှုတ်ထွက်ပြီး နိုင်ငံမှ ထွက်ပြေးသွားသည်။

 

စစ်တပ်အကြီးအကဲ Waker-Uz-Zaman က ဟာဆီနာနှုတ်ထွက်မှုအကြောင်း နိုင်ငံကို ရုပ်သံမှ ကြေငြာခဲ့ကာ ကြားဖြတ်အစိုးရဖွဲ့စည်းသွားမည်ဟု ပြောသည်။

 

အသက် ၇၆ နှစ်အရွယ်ရှိ ဟာဆီနာသည် ၎င်း၏ ညီမနှင့်အတူ စစ်တပ်ရဟတ်ယာဉ်ဖြင့် အိန္ဒိယသို့ ပျံသန်းထွက်ခွာသွားသည်ဟု မီဒီယာများက ဖော်ပြကြသည်။ CNN News 18 ရုပ်သံချန်နယ်က သူမသည် ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်းနှင့် နယ်စပ်ဖြစ်သော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Tripura ပြည်နယ် မြို့တော် Agartala တွင် ဆင်းသက်ခဲ့သည်ဟု ဖော်ပြသည်။

 

Reuters က သတင်းတင်ပြချက်များကို ချက်ချင်း အတည်မပြုနိုင်ပါ။

 

လွတ်လပ်ရေးတိုက်ပွဲဝင်စစ်ပြန်များ၏ ဆွေမျိုးများအတွက် အစိုးရအလုပ်အကိုင်နေရာများ ခွဲတမ်းချထားမှုကို မကျေနပ်၍ ပြီးခဲ့သည့်လမှ စတင်၍ ကျောင်းသားများ၏ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ကာ ဟာဆီနာ နှုတ်ထွက်ရန် စည်းရုံးလှုံ့ဆော်မှုများ တိုးမြင့်လာခဲ့သည်။ ဟာဆီနာသည် ဇန်နဝါရီလက ရွေးကောက်ပွဲတွင် လေးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ကာ အတိုက်အခံများက ၎င်းရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။

 

အကြမ်းဖက်မှုများအတွင် လူပေါင်း ၂၅၀ ခန့် သေဆုံးခဲ့ကာ ထောင်ချီ၍ ထိခိုက်ဒဏ်ရာရခဲ့သည်။

 

စစ်တပ်ခေါင်းဆောင် Zaman က ၎င်းသည် အဓိက နိုင်ငံရေးပါတီအားလုံးမှ ခေါင်းဆောင်များနှင့် "အကျိုးဖြစ်ထွန်းစေသော" ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ မကြာမီ သမ္မတ Mohammed Shahabuddin နှင့် ရှေ့ဆက်ရန်နည်းလမ်းများအတွက် တွေ့ဆုံသွားမည်ဟု ပြောသည်။

 

နိုင်ငံက တော်လှန်ရေးကာလကို ဖြတ်သန်းနေရပါတယ်။ဟု ဂျွန်လ ၂၃ ရက်နေ့က စစ်တပ်အကြီးအကဲတာဝန်ယူခဲ့သည့် အသက် ၅၈ နှစ်အရွယ်ရှိ Zaman က ပြောသည်။

 

ကျွန်တော် အားလုံးကို ကတိပေးပါတယ်။ သတ်ဖြတ်မှုတွေနဲ့ တရားမမျှတမှုတွေအားလုံးအတွက် တရားမျှတမှု ကျွန်တော်တို့ ယူဆောင်ပေးပါမယ်။ စစ်တပ်နဲ့ နိုင်ငံအပေါ် ယုံကြည်မှုရှိဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကျွန်တော် တာဝန်အပြည့်အဝယူပါတယ်။ စိတ်မပျက်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်။ဟု ၎င်းက ပြောသည်။

 

ကျေးဇူးပြုပြီး အကြမ်းဖက်ရေး လမ်းကြောင်းကို ပြန်မသွားပါနဲ့တော့။ ကျေးဇူးပြုပြီး အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့ လမ်းစဉ်တွေကို ပြန်သွားကြရအောင်ပါ

 

 

နည်းနည်း သည်းခံပေးဖို့ အားလုံးကို ကျွန်တော် တောင်းဆိုပါရစေ။ ကျွန်တော်တို့ကို အချိန်နည်းနည်းပေးပါ။ ပြဿနာတွေ အားလုံးကို ကျွန်တော်တို့ အတူတကွ ဖြေရှင်းပါမယ်။ဟု Zaman က ပြောသည်။ "ကျေးဇူးပြုပြီး အကြမ်းဖက်ရေးလမ်းကြောင်းကို ပြန်မသွားပါနဲ့တော့။ ကျေးဇူးပြုပြီး အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့ လမ်းစဉ်တွေကို ပြန်သွားကြရအောင်ပါ။

 

လူထောင်ပေါင်းများစွာ မြို့တော် ဒါကာလမ်းများပေါ်သို့ သွန်ချသကဲ့သို့ ရောက်ရှိလာပြီး ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ကြွေးကြော်ပုံများ၊ ကြွေးကြော်သံဆောင်ပုဒ်များ အော်ဟစ်နေကြပုံများကို ရုပ်သံလိုင်းများတွင် ပြသခဲ့သည်။ ဟာဆီနာ၏ အစိုးရအိမ်တော် 'Ganabhaban’ တွင်လည်း ထောင်ပေါင်းများစွာသော လူများ ရောက်ရှိကာ ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ လက်သီးလက်မောင်းတန်း၍ အောင်မြင်မှုသင်္ကေတများ ပြသခြင်းတို့ ပြုလုပ်နေကြသည်။

 

ဟာဆီနာ နှုတ်ထွက်မှုဟာ လူထုရဲ့ အာဏာကို သက်သေပြလိုက်တာပဲ။ဟု အဝေးရောက် အတိုက်အခံပါတီ ယာယီဥက္ကဌ Tarique Rahman က ပြောသည်။ "ဘင်္ဂလားဒေ့ရှ်ကို ဒီမိုကရေစီနည်းလမ်းတကျ ပြန်လည် တည်ဆောက်ကြမယ်။ လူအားလုံးရဲ့ ရပိုင်ခွင့်တွေ၊ လွတ်လပ်မှုတွေ ရှိတဲ့ နိုင်ငံအဖြစ် ဖွံ့ဖြိုးအောင် လုပ်ကြမယ်။ဟု ၎င်းက X တွင် ဖော်ပြခဲ့သည်။

 

အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ် မီးရထားဌာန ဝန်ဆောင်မှုများ ဆိုင်းငံ့ထားခြင်း၊ ကမ္ဘာ့ထိပ်တန်း အဝတ်အထည် အမှတ်တံဆိပ်များ ထုတ်လုပ်သည့် အထည်ချုပ်လုပ်ငန်းများ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်း၊ အစိုးရက နိုင်ငံအနှံ့ ရက်အကန့်အသတ်မရှိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ ကာဖျူးကြေငြာခြင်းတို့ ပြုလုပ်ခဲ့ကာ အကြမ်းဖက်မှုများမှာ တိုင်းပြည်၏ ခရိုင် ၆၄ အနက် ၃၉ ခုတွင် ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများ တင်ပြခဲ့ကြသည်။

 

နိုင်ငံစစ်တပ်က အကြမ်းဖက်မှုများကိုင်တွယ်ဖြေရှင်းပုံကြောင့် အငြိမ်းစားစစ်တပ်အရာရှိများက ဟာဆီနာကို လမ်းပေါ်မှ တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းရန်၊ အကျပ်အတည်းကို "နိုင်ငံရေးအရ ဖြေရှင်းမှုပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

 

အကြမ်းဖက်မှုတွေ လုပ်နေတဲ့သူတွေဟာ ကျောင်းသားတွေ မဟုတ်ပါဘူး။ နိုင်ငံမတည်ငြိမ်အောင်လုပ်နေတဲ့ အကြမ်းဖက်သမားတွေ ဖြစ်ပါတယ်

 

 

ဟာဆီနာကို ဝေဖန်မှုများနှင့်အတူ လူ့အခွင့်အရေးအဖွဲ့များကလည်း သူမ၏အစိုးရကို ဆန္ဒပြသူများအပေါ် သာလွန်အင်အားသုံးစွဲကြောင်း စွပ်စွဲခဲ့ကြကာ သူမနှင့် သူမ၏ ဝန်ကြီးများက ငြင်းဆိုခဲ့ကြသည်။

 

"အကြမ်းဖက်မှုတွေ လုပ်နေတဲ့သူတွေဟာ ကျောင်းသားတွေ မဟုတ်ပါဘူး။ နိုင်ငံမတည်ငြိမ်အောင်လုပ်နေတဲ့ အကြမ်းဖက်သမားတွေ ဖြစ်ပါတယ်။" ဟု ဟာဆီနာက ပြောခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နှုတ်ထွက်သွားပြီးနောက် လူထုက အောင်ပွဲခံကာ စစ်တပ် တပ်ဖွဲ့ဝင်များနှင့် လက်ဆွဲနှုတ်နေစဉ်။ (REUTERS/Mohammad Ponir Hossain)

 

Burma Associated Press

ဘင်္ဂလားဒေ့ရှ်

Share With
bap-logo