bap-logo
Politics

ဘင်္ဂလားဒေ့ရှ်တွင် 'လွတ်လပ်ရေး တိုက်ပွဲဝင် စစ်ပြန်များ’ ၏ ဆွေမျိုးများအတွက် အလုပ်ခွဲတမ်း ချထားမှုကို မကျေနပ်၍ ဆန္ဒပြပွဲများဖြစ်ပေါ်

QjA6V8wwwzIWOZYpyDPIU-image

လွန်ခဲ့သော ၂ လ က

 

ဝန်ကြီးချုပ် ရှိက်ဟာဆီနာ၏ အစိုးရက နိုင်ငံအနှံ့ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် (ကာဖျူး) ထုတ်ပြန်လိုက်သည်။

 

အစိုးရအလုပ်အကိုင်နေရာထားချမှုနှင့် ပတ်သက်၍ လူသေသည်အထိ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်ရန် စစ်တပ်အင်အားများ ချထားရန်လည်း အမိန့်ပေးခဲ့သည်။

 

၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်ထံမှ လွတ်လပ်ရေးရရန် တိုက်ပွဲဝင်ခဲ့သော စစ်ပြန်များ၏ ဆွေမျိုးများအတွက် အစိုးရအလုပ်အကိုင် ၃၀% ကို ခွဲဝေပေးသည့် အလုပ်ခွဲတမ်းစနစ် ဖျက်သိမ်းရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့က ခွဲတမ်းစနစ်သည် မညီမျှမှုများ ရှိနေပြီး ဝန်ကြီးချုပ် ရှိက်ဟာဆီနာကို ထောက်ခံသူများအတွက် အကျိုးအမြတ်ရရှိစေသည်ဟု စောဒကတက်ခဲ့ကြသည်။

 

ဝန်ကြီးချုပ်၏ Awami League ပါတီက လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများ ခွဲတမ်းစနစ်ကို အလုပ် ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်တို့အပေါ်တွင် အခြေခံသည့်စနစ်နှင့် အစားထိုးလိုခြင်းဖြစ်သည်။

 

သို့သော် ဟာဆီနာက စစ်ပြန်များသည် ၎င်းတို့၏ နိုင်ငံရေး ဆက်နွယ်မှု မည်သို့ပင်ရှိစေ စစ်ပွဲတွင် ၎င်းတို့၏ ပါဝင်မှုအတွက် အမြင့်ဆုံး လေးစားမှုကို ရရှိထိုက်သည်ဟုဆိုကာ ခွဲတမ်းစနစ်ကို ခုခံကာကွယ်ခဲ့သည်။

 

ဆန္ဒပြပွဲများမှာ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း စတင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအပတ်အတွင်း ပိုမိုအရှိန်မြင့်လာခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ရှိက်ဟာဆီနာအနေဖြင့် ဇန်နဝါရီလက ရွေးကောက်ပွဲတွင် လေးကြိမ်ဆက်တိုက် အနိုင်ရရှိပြီးနောက် အကြီးမားဆုံး စိန်ခေါ်မှုပင်ဖြစ်သည်။ ၎င်းရွေးကောက်ပွဲကို အဓိက အတိုက်အခံအဖွဲ့များက မဲမပေးရန် သပိတ်မှောက်ခဲ့ကြသည်။

 

သောကြာနေ့က သေဆုံးမှုများကို သတင်းဌာနများက ကွဲလွဲစွာ တင်ပြခဲ့ကြသည်။ Independent Television က ၁၇ ဦးသေဆုံးကြောင်း တင်ပြခဲ့ကာ Somoy TV က ၃၀ ဦး သေဆုံးသည်ဟု တင်ပြခဲ့သည်။

 

Associated Press သတင်းထောက်က ဒါကာ ဆေးပညာကောလိပ်နှင့် ဆေးရုံတွင် ရုပ်အလောင်း ၂၃ ခု တွေ့ရှိခဲ့သော်လည်း ၎င်းတို့အားလုံးမှာ သောကြာနေ့တွင် သေဆုံးသူများ ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရှိရပါ။

 

အာဏာပိုင်များကို သေဆုံးသူအရေအတွက် အတည်ပြုရန် ချက်ချင်း ဆက်သွယ်၍ မရခဲ့ပါ။

 

၎င်းဖြစ်စဉ်မှာ ဘင်္ဂလားဒေ့ရှ် အုပ်ချုပ်ရေးနှင့် စီးပွားရေးတို့၏ အက်ကြောင်းများ၊ အလုပ်အကိုင်ကောင်း ရှားပါးနေသည့် ဘွဲ့ရလူငယ်များ၏ စိတ်ပျက်ဖွယ် အခြေအနေတို့ကို မီးမောင်းထိုးပြခဲ့သည်။

 

ကြာသပတေးနေ့နှင့် သောကြာနေ့အထိ အင်တာနက်နှင့် မိုဘိုင်းအင်တာနက်များ မြို့တော် ဒါကာနေရာအနှံ့အပြားတွင် ပြတ်တောက်နေသည်။ Facebook နှင့် WhatsApp များလည်း အသုံးပြု၍ မရပေ။ ၎င်းပြတ်တောက်မှုမှာ လေကြောင်းလိုင်းများ၊ ဘဏ်များ၊ မီဒီယာဌာနများ၊ ကုမ္ပဏီများ ကမ္ဘာအနှံ့ အင်တာနက်ပြတ်တောက်မှုနှင့် တိုက်ဆိုင်နေသော်လည်း ဘင်္ဂလားဒေ့ရှ်မှ ပြတ်တောက်မှုမှာ အခြားဒေသများထက် ပိုမို ကျယ်ပြန့်စွာ ကြာမြင့်ခဲ့သည်။

 

ပုဂ္ဂလိကကဏ္ဍတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို တိုးတက်လာသော်လည်း လူအများက ပိုမို တည်ငြိမ်မှုရှိပြီး ခံစားခွင့်ရှိသည့် အစိုးရအလုပ်အကိုင်များကိုသာ ပိုမိုလိုလားကြသည်။ နှစ်စဉ် ဘွဲ့ရသူ ၄၀၀,၀၀၀ သည် အလုပ်အကိုင် နေရာ ၃,၀၀၀ အတွက် အရပ်ဘက်ဝန်ထမ်းစာမေးပွဲတွင် ယှဉ်ပြိုင်ဖြေဆိုနေကြရသည်။

 

ဘင်္ဂလားဒေ့ရှ်မှာ တွေ့မြင်နေရတာက ပြည်သူ့ဝန်ဆောင်မှု အလုပ်အကိုင်တွေကို မျှမျှတတ အခွင့်အလမ်းလိုချင်တဲ့ မျိုးဆက်ရဲ့ မတည်ငြိမ်မှုပဲဖြစ်ပါတယ်။ဟု ကနေဒါ အခြေစိုက် Balsillie နိုင်ငံတကာရေးရာကျောင်းမှ လွတ်လပ်စွာ ပြောဆိုခွင့် လှုပ်ရှားသူ Saad Hammadi က ပြောသည်။

 

"နိုင်ငံတော် မူဝါဒကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကနေ ဥပဒေမဲ့မှု အထွဋ်အထိပ်ထိ ပြောင်းလဲ ရောက်ရှိသွားတာက အစိုးရရဲ့ အမြော်အမြင်နည်းမှု၊ မူဝါဒ ထိန်းချုပ်ရေး မထိရောက်မှုကို ပြသနေတာပါပဲ။ဟု Hammadi က ပြောသည်။

 

အင်တာနက် ဖြတ်တောက်မှုက အခြေအနေတွေကို ပိုပြီး ဆိုးရွားစေပါတယ်။ ဒေသတွင်း သတင်းဌာနတွေကို ကြည့်လို့မရတော့ဘူး။ လူတွေက ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေကြတယ်။ အစိုးရက လုံခြုံရေးအရ ဆောင်ရွက်မှုလို့ ပြောပေမယ့် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆီကို ဦးတည်သွားစေပါတယ်။ဟု ၎င်းက အီးမေးလ်ဖြင့် ပြောသည်။

 

အဓိက အတိုက်အခံ Bangladesh Nationalist Party က ဆန္ဒပြကျောင်းသားများကို ထောက်ခံအားပေးခဲ့ပြီး ၎င်းတို့ကိုယ်တိုင် ဆန္ဒဖော်ထုတ်မှုများ စီစဉ်ပြုလုပ်သွားရန် ကတိပြုခဲ့သည်။ ၎င်းပါတီထောက်ခံသူများက ကျောင်းသားများ၏ ဆန္ဒဖော်ထုတ်မှုများတွင် အများအပြား ပါဝင်ပူးပေါင်းခဲ့သည်။

 

သောကြာနေ့တွင် ရဲတပ်ဖွဲ့က BNP ထောက်ခံသူများကို မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး BNP ခေါင်းဆောင် Ruhul Kabir Rizvi ကို ဖမ်းဆီးခဲ့သည်။

 

ဟာဆီနာ၏ အစိုးရက ၂၀၁၈ ခုနှစ် ကျောင်းသားများ၏ ကြီးမားကျယ်ပြန့်သော ဆန္ဒဖော်ထုတ်မှုအပြီးတွင် အလုပ်ခွဲတမ်းစနစ်ကို ဆိုင်းငံ့ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် အထက်တရားရုံးက ၎င်းဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ကာ မူလခွဲတမ်းအတိုင်း ပြန်လည် ပြဌာန်းသတ်မှတ်ခဲ့သည့်အတွက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

 

တရားရုံးချုပ်က အယူခံကြားနာမှုကို စောင့်ဆိုင်းနေစဉ်အတွင်း၎င်းပြန်လည်ပြဌာန်းချက်ကို ဆိုင်းငံ့ထားပြီး တနင်္ဂနွေနေ့တွင် ဆက်လက်ကြားနာဆွေးနွေးသွားမည်ဖြစ်သည်။

 

ဗုဒ္ဓဟူးနေ့တွင် ဟာဆီနာက ဆန္ဒပြသူများကို ရုပ်သံလိုင်းမှ ပြောကြားရာတွင် တရားရုံး ဆုံးဖြတ်ချက်ကို "စိတ်ရှည်စွာ စောင့်ဆိုင်းကြရန် သူမအနေဖြင့် "တရားမျှတမှုရရှိမည်ဟု ယုံကြည်ကြောင်း၊ "စိတ်ပျက်စေမည် မဟုတ်ကြောင်းပြောကြားခဲ့သည်။

 

ကိုးကား - AP

ပုံစာ - ဂျူလိုင်လ ၁၈ ရက် ၂၀၂၄ ခုနှစ် ဆန္ဒပြကျောင်းသားများနှင့် ထိပ်တိုက်တွေ့ပြီးနောက် ဒဏ်ရာရ ရဲတစ်ဦး လမ်းမပေါ်တွင် လဲကျနေစဉ်။ (AP Photo/Raiid Dhar

 

Burma Associated Press

ဘင်္ဂလားဒေ့ရှ်
ကျောင်းသူ/ ကျောင်းသား
ဆန္ဒပြပွဲ
ခွဲတမ်းစနစ်

Share With
bap-logo