bap-logo
Politics

မြဝတီ-ထို့ကော်ကိုးလမ်း ကားတစ်စီး ကျပ် ၅ သိန်းနီးပါးအထိ ဂိတ်ကြေးအတောင်းကြမ်းနေ

tUOv5Xsuz-Xvq3Kk-IBhW-image

လွန်ခဲ့သော ၅ ရက် က

BAP၊ စက်တင်ဘာ ၁၆။



ကရင်ပြည်နယ်၊ မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းမှာ အဖွဲ့စုံဂိတ်တွေ ငွေအတောင်းကြမ်းလို့ ကားတစ်စီးကို အသွားအပြန် ကျပ် ၅ သိန်းလောက် ကုန်တယ်လို့ မကြာသေးခင်မှ လမ်းပိုင်းအသုံးပြုခဲ့သူတွေက ပြောပါတယ်။



တစ်ဂိတ်ကို တစ်သောင်း နှစ်သောင်း အနည်းဆုံးတောင်းတယ်၊ ဘာကုန်မှမပါလည်းတောင်းတယ်၊ တောင်းတာ တော့ အဖွဲ့စုံပဲ” လို့ ကော့ကရိတ်မြို့နယ်က ကုန်သည်တစ်ဦးက ပြောပါတယ်။



အဲဒီလို လမ်းကြေးတွေတောင်းနေပေမဲ့လည်း လမ်းပိုင်းရဲ့ အချို့နေရာတွေမှာ ဆိုးဆိုးရွားရွား ပျက်စီးနေ တာကြောင့် ညအိပ်စောင့်ပြီးမှ ဖြတ်သန်းရတာတွေရှိတယ်လို့ဆိုပါတယ်။



မြဝတီ-ထို့ကော်ကိုးလမ်းဟာ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC) ၊ ကရင်နယ်ခြားစောင့် (BGF) တို့လို အဖွဲ့တွေ အဓိက ကြီးစိုးထား တယ်ဆိုပေမယ့် အခြားသော ကရင်လက်နက် ကိုင်တွေလည်း တွေ့နေရတယ်လို့ လမ်းပိုင်းအသုံးပြုသူတွေက ပြောပါတယ်။



မြဝတီမြို့ထဲမှာဆိုရင်လည်း မော်တော်ပီကယ်( ယာဉ်ထိန်းရဲ ) ကိုကအစ တစ်ခါဖြတ်ရင် နှစ်ထောင်ပေးရတယ်၊ အရင်က မပေးရဘူး” လို့လည်း ဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။



မြန်မာ-ထိုင်း အာရှလမ်းမကြီးဖြစ်တဲ့ ကော့ကရိတ်-မြဝတီလမ်းပိုင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လမ်းပိုင်းရဲ့ အချို့နေရာတွေမှာ တံတားအချိုးခံထားရတာတွေရှိလို့ အသုံးမပြုနိုင်တာ တစ်နှစ်နီးပါးကြာနေပြီဖြစ်ပါတယ်။ ကော့ကရိတ်မြို့အနီး အာရှလမ်းပေါ်က ကော့နွဲတံတားနဲ့ သင်္ကန်းညီနောင်မရောက်မီ မြဝတီမြို့ဝင် ဆိုင်းဘုတ်အနီးက တံတားတစင်းအပါအဝင် တံတားနှစ်စင်းအချိုး ခံထားရတာပါ။


ဒါကြောင့် ကျန်းမာရေးအတွက် အရေးပေါ်သွားလာရတဲ့ ဒေသခံတွေ၊ ကုန်သည်တွေဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းဟောင်း( တောင်ပေါ်လမ်း) ကို အသုံးပြုပြီးသွားလာနေကြရပါတယ်။ အဲဒီလို သွားလာတဲ့အခါမှလည်း လူတစ်ဦးကို ယာဉ်စီးခ ကျပ် နှစ်သိန်းနီးပါးအထိ ပေးနေရပါတယ်။



တောင်ပေါ်လမ်းက အရင်လို အတက်အဆင်းရက်လည်း သတ်မှတ်မထားတော့ ကားတွေပိတ်တယ်။ ပိတ်ရင်လည်း ကားသမားတွေပဲ ရှင်းပေးရတယ်။ အဖွဲ့အစည်း (တော်လှန်ရေးအင်အားစု) တွေက လာရှင်းပေးတာ မရှိဘူး” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။



စစ်ကောင်စီကလည်း အောင်ဇေယျအမည်ခံ စစ်ဆင်ရေးကိုဆင်နွဲနေပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမဲ့ ယနေ့အချိန်ထိတော့ အပြည့်အဝ ထိန်းချုပ်နိုင် တာမရှိသေးပါဘူး။



ပုံစာ- မြဝတီ အာရှလမ်း(တောင်ပေါ်လမ်း) တစ်နေရာ (ပုံဟောင်း)



Burma Associated Press

 

 

မြဝတီ
နယ်ခြားစောင့်တပ်
ကရင်ငြိမ်းချမ်းရေးကောင်စီ

Share With
bap-logo