bap-logo
​
Politics

အင်တာနက်မရလို့ ရှမ်းပြည်အနှံ့ ဘဏ်လုပ်ငန်း​တွေရပ်ဆိုင်း

WkQEzcDTI-JgrTDha0jmv-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၁၃။

 

ရှမ်းပြည်နယ် နေရာအနှံအပြားမှာ အင်တာနက်လိုင်းတွေပြတ်နေတာကြောင့် ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းနေကြရပြီး ဘဏ်တွေပိတ်ထားရတဲ့ အခြေအနေ​တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘဏ်အသိုင်းအဝိုင်းက သိရပါတယ်။

 

တောင်ကြီးမြို့အပါဝင် မြို့နယ်အများစု အင်တာနက်လိုင်းမရတာကြောင့် ငွေလွှဲ၊​ ငွေသွင်းဝန်ဆောင်မှု အားလုံး၊ ချေးငွေလုပ်ငန်း၊ ATM ဝန်ဆောင်မှုအားလုံး ရပ်ဆိုင်းနေရပြီး ဘဏ်တွေပါရပ်နားထားတယ်လို့ ဘဏ်မန်နေဂျာအချို့က ပြောပါတယ်။

 

"၃ ရက်ရှိပြီ အင်တာနက်လိုင်းမရလို့ ဘဏ်တွေက ရပ်ထားရတယ်၊ ငွေစစ်လို့လည်း မရဘူး၊ ရေကြီးတာကြောင့်ဆိုလည်း အခြားတိုင်းနဲ့ပြည်နယ်တွေကရတယ်၊ အီးမေးလ်တောင် ဖွင့်မရတဲ့အနေထားမို့ ဘယ်နေ့ပြန်ရမယ်ဆိုတာလည်း မသိသေးဘူး​" လို့ ဘဏ်မန်နေဂျာတစ်ဦးက ပြောပါတယ်။

 

KBZ pay၊ CB pay၊ Ayar pay၊ Wave pay အပါဝင် ငွေလွှဲဝန်ဆောင်မှုအားလုံး အသုံးပြုလို့မရဘဲ ဖုန်း​​ခေါ်ဆိုဖို့သာ အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းကမြို့နယ်တွေမှာ ရေဘေးနဲ့ တွေ့ကြုံနေကြရပြီး လူသေဆုံးမူဖြစ်နေတဲ့အထိ အခြေနေတွေ ဆိုးရွားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"အင်တာနက်မရလို့သာ လိုင်းပေါ်ရေကြီးတဲ့သတင်း မတက်လာတာ၊ Kpay တောင် ငွေအဝင်အထွက် စစ်မရတော့ဘူး၊ ဘာမှလည်းလုပ်မရ၊ ငွေသားနဲ့ကျတော့လည်း အများစုက ငွေသားမထုတ်ထားရတော့ ငွေလဲရမယ့်ကိစ္စတွေ ရပ်ထားရသလို လိုင်းရတဲ့နေရာကသူတွေကို အကူညီတောင်းပြီးငွေချေခိုင်းတာတို့ ဘေလ်ထည့်ခိုင်းတာတို့ပဲ လုပ်နေရတယ်၊ အရောင်းအဝယ်တွေအားလုံး ငွေသားနဲ့ပဲအသုံးပြုနေရတယ်" လို့ တောင်ကြီးမြို့ခံတဦးက ပြောပါတယ်။

 

အင်တာနက်လိုင်းပြတ်တောက်မူကြောင့် စျေးဝယ်စင်တာနဲ့အရောင်းဆိုင်တွေလည်း ငွေသားနဲ့သာလက်ခံရတဲ့အနေအထား ကြုံနေရတယ်လို့ သိရပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရွာငံ၊ နောင်တရား၊ ပင်းတယ၊ ဆီဆိုင်၊ ဖယ်ခုံ၊ ပင်လောင်း စတဲ့ မြို့နယ်တွေမှာ မိုးများနိုင်ကြောင်း မိုးလေဝသဦးစီးဌာနက အသိပေးထားပါတယ်။

 

ပုံစာ- ATM တွင် ​ငွေထုတ်ရန် ​စောင့်​နေသူများ (ပုံ​ဟောင်း )

 

Burma Associated Press

ရှမ်း
ဘဏ်

Share With
bap-logo