Politics
၆ ရက်နှင့် ကျသွားသည့် ကွမ်းလုံဗျူဟာ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၁၃။
ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ၏ အချက်အချာဖြစ်သည့် ကွမ်းလုံ ဗျူဟာကို ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်များက ၆ ရက်တွင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
နိုဝင်ဘာလ (၆) ရက်နေ့တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် သံလွင်မြစ် အနောက် ဘက်ခြမ်း၊ ကွမ်းလုံမြို့၏မျက်နှာချင်းဆိုင်ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း နှင့် တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ (၆)ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၂ ရက် မနက် ၁၀ နာရီအချိန်တွင် အပြီးအပိုင်သိမ်းယူနိုင်ခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ မဟာမိတ် တပ်ဖွဲ့များနှင့် ပူးတွဲပြီး ကိုးကန့်၊ မုံးကိုး၊ မူပန်(သိန္နီ)စသည့်နေရာရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော်၊ မုံးကိုး နှင့် ကွမ်းလုံစသည့် မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁) ၏ သမိုင်းဝင် အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ယခုတစ်ကြိမ် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံဒေသကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော အောင်မြင်မှုသည် သမိုင်းကြောင်းတွင် အလွန်အရေးကြီးသည့် ဖြစ်ရပ်တစ်ရပ် ဖြစ်သလို (၁၀၂၇) စစ်ဆင်ရေး လုပ်ဆောင်လာသည့်အချိန်တလျှောက်လုံးတွင် အများပြည်သူများကို အားတက်စေသည့် သတင်းကောင်း တစ်ခုလည်းဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွမ်းလုံအပါအဝင် ရှမ်းမြောက်ရှိ မြို့နယ် (၈) ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
အဆိုပါ မြို့နယ်များမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်များဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီက ကြေညာထားသည့် မြို့များအနက် ကွမ်းလုံနှင့် နမ့်ခမ်းသည် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရား အားလုံးရပ်ဆိုင်းသွားသည့်မြို့များဖြစ်သည်။
ယင်းအမိန့်ထုတ်ပြန်ချက်၏ အဆိုအရ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးအား ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ မြို့နယ် တို့အား စစ်အုပ်ချုပ်ချုပ်ရေးအာဏာကျင့်သုံးခွင့် ပြုထားပြီး လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့အား ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်) ၏ ဒေသကွပ်ကဲရေးမှူးအား စစ်အုပ် ချုပ်ရေး အာဏာကျင့်သုံးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးခွင့်ပြုရခြင်းမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာ ယာရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း အမိန့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- The Kokang
Related Articles
- ၎င်းတို့ အုပ်ချုပ်ရေးလုံးဝမရှိတော့သည့် မြို့များကိုပါ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထည့်သွင်းကြေညာ
- ကွမ်းလုံမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်
- မြန်မာရှိ အလားအလာမကောင်းသည့် ရုရှားနှင့်တရုတ် အခြေခံအဆောက်အဦ စီမံကိန်းများ
- အဓမ္မမှုနှင့် ညှင်းပန်းနှိပ်စက်မှုများအတွက် မြန်မာစစ်ခေါင်းဆောင်များတွင် တာဝန်ရှိ
Top News
လွန်ခဲ့သော ၂၁ နာရီ က
လွန်ခဲ့သော ၅ ရက် က