Politics
အဓမ္မမှုနှင့် ညှင်းပန်းနှိပ်စက်မှုများအတွက် မြန်မာစစ်ခေါင်းဆောင်များတွင် တာဝန်ရှိ
လွန်ခဲ့သော တစ်နှစ် က
အာဏာပြင်းသည့် နိုင်ငံရေးရာထူးများ ရယူထားသော မြန်မာစစ်တပ်မှ အကြီးတန်းခေါင်းဆောင်များသည် ၎င်းတို့တာဝန်ယူထားသည့် လက်အောက်ခံတပ်ဖွဲ့များ၏ ၂၀၁၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင်း အဓမ္မမှု၊ ညှင်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှုနှင့် အတင်းအကျပ် လက်စဖျောက်မှုများအပါအဝင် ရာဇဝတ်မှုများအတွက် တာဝန် ရှိကြောင်း မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှု စွပ်စွဲချက်များ သုတေသနအသစ်တစ်စောင်တွင် ကောက်ချက် ချထားသည်။
ကိုလံဘီယာ ဥပဒေကျောင်း၏ လူ့အခွင့်အရေးအင်စတီကျုမှ စီမံချက်တစ်ခုဖြစ်သော လုံခြုံရေးတပ်ဖွဲ့ စောင့်ကြည့်ရေး Security Force Monitor (SFM)၏ သုတေသနတွင် မြန်မာအကြီးတန်းစစ်ခေါင်းဆောင် စုစုပေါင်း ၇၉ ဦး ရှိရာတွင် ၅၁ ဦး ဖြစ်သည့် ၆၄% မှာ စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်း ဖော်ပြထားသည်။ လူ့အခွင့်အရေး အပြင်းထန်ဆုံး ချိုးဖောက်သူမှာ ယခင် ကာကွယ်ရေးဝန်ကြီးနှင့် စစ်အုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင် ဒုဝန်ကြီးချုပ် ဗိုလ်ချုပ် မြထွန်းဦး ဖြစ်သည်ဟု စွဲဆိုထားသည်။
SFM က ၎င်း၏ သုတေသနမှာ ဆန္ဒဖော်ထုတ်သူများနှင့် အရပ်သားများအပေါ် မြန်မာနိုင်ငံမှ အစိုးရတပ်ဖွဲ့များ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို တာဝန်ယူစေရန် ကြိုးပမ်းမှုဖြစ်သည်ဟု ပြောသည်။
SFM သုတေသနဦးဆောင်သူနှင့် ညွှန်ကြားရေးမှူး ဖြစ်သူ Tony Wilson က "ဒီသုတေသနက စနစ်ရဲ့ အလုပ် လုပ်ပုံနဲ့ စွပ်စွဲထားတဲ့ မတော်မတရားပြုတာတွေဟာ စည်းကမ်းမဲ့ တပ်ဖွဲ့တွေနဲ့ စစ်သားတစ်ယောက်ချင်းက ကျူးလွန်တာလောက်ပဲမဟုတ်ဘူးဆိုတာကို ဖော်ပြနေတဲ့ တာဝန်ခံမှုနဲ့ ပတ်သက်တဲ့ ပျောက်ဆုံးနေတဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။" ဟု ပြောကြားသည်။
“အဆုံးသတ်မှာ ဒီသုတေသနက ကမ္ဘာပေါ်က အလျှို့ဝှက်ဆုံးနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ မြန်မာစစ်တပ်ကို အလင်းရောင်ထိုးပြပြီး မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေကို နိုင်ငံတကာ တာဝန်ခံမှုရှိအောင် အားထုတ်ကြိုးပမ်းမှုအတွက် ထောက်ပံ့အားပေးဖို့ ရည်ရွယ်ပါတယ်။”
ရခိုင်ပြည်နယ်တွင် ကလေးသူငယ် တစ်ဝက်ကျော်ပါဝင်သည့် ရိုဟင်ဂျာ မူဆလင် ၇၅၀,၀၀၀ ကျော်ကို နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့သည့် သတ်ဖြတ် ဖြိုခွင်းမှုမှာ ခြောက်နှစ်ကြာခဲ့ပြီဖြစ်သည်။
မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုသည် ကုလသမဂ္ဂမှ "ဖတ်စာအုပ်ထဲမှ လူမျိုးစု ရှင်းလင်းရေး ဥပမာ” တစ်ခုဟု ဖော်ပြထားပြီး ၎င်းအကြမ်းဖက်မှုတွင် ရွာလုံးကျွတ် အဖျက်ခံရခြင်း၊ လူပေါင်းသောင်းချီ၍ အသတ်ခံရခြင်းနှင့် အမျိုးသမီးနှင့် ကလေးသူငယ်များကို အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်းတို့ ပါဝင်သည်။
ရှင်သန်လွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သည့် အသက် ၂၄ အရွယ်ရှိ Fatima Khatun သည် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဆိပ်ကမ်းမှ ညစ်ပတ်ပေရေနေသော Kutupalong စခန်းတွင် လွတ်မြောက်ခဲ့စဉ်ကပင် နေထိုင်ခဲ့ရ သည်။ သူမသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် သူမ ကြုံတွေ့ခဲ့ရသည်တို့ကြောင့် အိပ်မက်ဆိုးများ မက်နေဆဲ ဖြစ်သည်။
Khatun သည် သူမ၏ အိမ်ကို မြန်မာစစ်တပ်က မီးရှို့လိုက်ချိန်တွင် တောတွင် ပုံးအောင်းနေခဲ့သော်လည်း စစ်သားနှစ်ဦးက သူမကို တွေ့ရှိသွားခဲ့သည်။ တစ်ဦးက သူမကို ချုပ်ထားပြီး ကျန်တစ်ဦးက ရက်စက်စွာ အဓမ္မ ကျင့်ခဲ့သည်။ "သူတို့က ရိုင်ဖယ်နဲ့ ကျွန်မ မျက်နှာကို ချိန်ထားတယ်။ ကျွန်မ မြေပေါ်မှာ လှဲနေရပြီး မျက်နှာလွှဲ ထားရတယ်။” ဟု သူမက ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုများနှင့် ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း မြန်မာစစ်သားများ ကျူးလွန်ခဲ့သော ကျယ်ပြန့်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် မတော်မတရား ဖိနှိပ်မှုနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းနှင့် ပတ်သတ်သည့် ၎င်းတို့၏ အမှတ်လက္ခဏာပင်ဖြစ်သည်။ လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့များက ရွာများကို မတိုက်ခိုက်မီနှင့် တိုက်ခိုက်နေစဉ်အတွင်း အမျိုးသမီးနှင့် မိန်းကလေးများ မရေမတွက်နိုင်အောင် အဓမ္မကျင့်ခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့ကို ရှင်းလင်းဖော်ပြခဲ့သည့် အမှုအားလုံးတွင် ကျူးလွန်သူ များမှာ မြန်မာလက်နက်ကိုင်တပ်ဖွဲ့ ဝတ်စုံများ ဝတ်ဆင်ထားကြကြောင်း ဖော်ပြထားသည်။
ကျယ်ပြန့်စွာ မှတ်တမ်းတင်ခဲ့ကြသော်လည်း Khatun ကဲ့သို့သော အမျိုးသမီးများအတွက် ကျူးလွန်သူများကို အမှန်တကယ် တာဝန်ခံစေသည့် လမ်းကြောင်းသို့ ရောက်ရှိမလာခဲ့ပါ။
၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာရာဇ၀တ်မှုတရားရုံး (ICC) သည် မြန်မာမှ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက်ပေးခဲ့သော်လည်း တိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။
“ခြောက်နှစ်ကြာခဲ့ပေမယ့် တရားမျှတမှု မတွေ့ရသေးပါဘူး။ ကမ္ဘာကြီးကတော့ ဆက်သွားနေတာပဲ။ ဒါပေမယ့် ကျွန်မတို့အတွက်တော့ မေ့ပစ်ဖို့ ခက်ပါတယ်။” ဟု Khatun က ပြောကြားသည်။
ယီမင်တွင် ဆော်ဒီဦးဆောင်သော စုပေါင်းအဖွဲ့က လေကြောင်းတိုက်ခိုက်မှုများအပေါ် အမေရိကန်၏ ထောက်ခံမှုကို ဖော်ထုတ်ခြင်း၊ မက်ဆီကန် တပ်ဖွဲ့များ၏ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု စွဲဆိုချက်များကို ICC သို့ တိုင်ကြားပေးပို့ခြင်း၊ နိုင်ဂျီးရီးယား စစ်တပ်က ဆန္ဒဖော်ထုတ်သူများကို သတ်ဖြတ်သည်ကို အစီရင်ခံတင်ပြခြင်းတို့အပါအဝင် ကမ္ဘာအဝှမ်း စုံစမ်းစစ်ဆေးမှုများကို SFM က ထောက်ပံ့ အားပေးခဲ့သည်။
မြန်မာစစ်တပ်အာဏာပိုင်များသည် မှတ်ချက်ပေးရန် တောင်းဆိုသော်လည်း မတုံ့ပြန်ခဲ့ပါ။ စစ်အာဏာရှင်တို့က အရပ်သားများအပေါ် ကြမ်းကြုပ်ရက်စက်မှုများကို ယခင်က ငြင်းဆိုခဲ့ပြီး တည်ငြိမ်မှုနှင့် အကြမ်းဝါဒကို တိုက်ချက်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုလေ့ရှိသည်။
ကိုးကား - The Guardian
ပုံစာ - ယမန်နှစ် နေပြည်တော်တွင် ချီတက်နေသည့် စစ်သားများ။ (Photo: AFP/Getty)
Burma Associated Press
Top News
လွန်ခဲ့သော ၂၁ နာရီ က
လွန်ခဲ့သော ၅ ရက် က