Politics
၎င်းတို့ အုပ်ချုပ်ရေးလုံးဝမရှိတော့သည့် မြို့များကိုပါ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထည့်သွင်းကြေညာ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၁၃။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွမ်းလုံအပါအဝင် ရှမ်းမြောက်ရှိ မြို့နယ် (၈) ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ၎င်းတို့အုပ်ချုပ်ရေး လုံးဝ မရှိတော့သည့် မြို့များပါဝင်နေသည်။
အဆိုပါ မြို့နယ်များမှာ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ် မြေအတွင်းရှိ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်များဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီက ကြေညာထားသည့် မြို့များအနက် ကွမ်းလုံနှင့် နမ့်ခမ်းသည် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရား အားလုံးရပ်ဆိုင်းသွားသည့်မြို့များဖြစ်သည်။
အဆိုပါ စစ်အုပ်ချုပ်ရေးအမိန့်ကို ယနေ့ နိုဝင်ဘာ (၁၂) ရက်တွင် စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယင်းအမိန့်ထုတ်ပြန်ချက်၏ အဆိုအရ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးအား ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ သိန္နီ မြို့နယ် တို့အား စစ်အုပ်ချုပ်ချုပ်ရေးအာဏာကျင့်သုံးခွင့် ပြုထားပြီး လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့အား ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်) ၏ ဒေသကွပ်ကဲရေးမှူးအား စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးခွင့်ပြုရခြင်းမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာ ယာရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း အမိန့် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ပုံစာ - စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့တွင်ပါဝင်သည့် ကွမ်းလုံဗျူဟာကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပုံ (ဓာတ်ပုံ-The Kokang)
Top News
လွန်ခဲ့သော ၂၀ နာရီ က
လွန်ခဲ့သော ၅ ရက် က