Politics
မြန်မာရှိ အလားအလာမကောင်းသည့် ရုရှားနှင့်တရုတ် အခြေခံအဆောက်အဦ စီမံကိန်းများ
လွန်ခဲ့သော တစ်နှစ် က
နိုင်ငံရေးမတည်ငြိမ်မှုများ မြင့်တက်လာခြင်း အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မတည်ငြိမ်မှုများက အကြီးစားစီမံကိန်းများ လက်ခံဆောင်ရွက်ခြင်းအတွက် တိုးတက်ရန် အခွင့်အလမ်းများ နည်းပါး ကျဆင်းလာ စေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တရုတ်ကုမ္ပဏီများက စစ်တပ်၏ နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီ၏ သံတမန်ရေးနှင့် စီးပွားရေးအရ ခွဲခြားခံရမှုအပေါ်တွင် အမြတ်ထုတ်ကာ ခါးပတ်နှင့်လမ်းစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ China-Myanmar Economic Corridor (CMEC) စီမံချက်မှတဆင့် အခြေခံအဆောက်အအုံစီမံကိန်းများ ရယူရန်လုပ်ဆောင်သွားလိမ့်မည်ဟု ဆန်းစစ်အကဲဖြတ် သူများက ခန့်မှန်းခဲ့ကြသည်။
အကြမ်းဖက်၍ အစိုးရဖြုတ်ချမှုအပြီး သုံးနှစ်နီးပါးအကြာတွင်မူ စီမံကိန်းအကြို လုပ်ဆောင်မှုများ၏ တိုးတက်မှု မှာ ခရုသွားနှုန်းသာ ဖြစ်နေပြီး CMEC စီမံကိန်းများ ဆောက်လုပ်ရေးအဆင့်သို့ အမှန်တကယ် နီးကပ်လာသည့် အထောက်အထား အနည်းသာ တွေ့ရှိရသည်။
အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပင်လယ်ရေနက် ဆိပ်ကမ်း စီမံချက် များသာ ခိုင်မာသည့် တိုးတက်မှုများ ဖြစ်ပေါ်နေပုံရသည်။
စက်တင်ဘာလ ၂၀၂၁ ခုနှစ်တွင် CCTI ဆောက်လုပ်ရေးနှင့် CCCC FHDIတို့က ပထဝီနည်းပညာ စုံစမ်းစစ်ဆေး ခြင်းနှင့် တိုင်းတာစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်ရန် တင်ဒါ အောင်မြင်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ် တွင် မြန်မာဆာဗေးသုတေသန Myanmar Survey Research (MSR) သည် ပင်လယ်ရေနက်ဆိပ်ကမ်း အစိတ်ပိုင်းများ တည်ဆောက်ခြင်းနှင့် မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်းများ ဆက်သွယ်သည့် အရှည် ၁၅ ကိလိုမီတာ လမ်းဆောက်လုပ်ရေးအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း (ESIA) ဆောင် ရွက်ရန် ရွေးချယ်ခံခဲ့ရသည်။
MSR က ဂျူလိုင်လ ၂၀၂၃ ခုနှစ်တွင် ESIA လုပ်ငန်းများ ပြီးစီးရန် ရည်ရွယ်ထားကြောင်းနှင့် ပထဝီနည်းပညာ စစ်ဆေးခြင်းများနှင့် ESIA လုပ်ငန်းများပြီးစီးလျှင် ဆောက်လုပ်ရေးစီမံချက် စတင်ရန် မျှော်မှန်းထားကြောင်း ယခင်က ပြောကြားခဲ့သည်။ သို့ရာတွင် MSR ဝက်ဘ်ဆိုက်တွင် ဩဂုတ်လ ၂၀၂၂ ခုနှစ်နောက်ပိုင်း ESIA လုပ်ငန်း ပိုင်းဆိုင်ရာ တိုးတက်မှု တစ်ခုမျှ ဖော်ပြထားခြင်းမရှိပေ။
ဂျွန်လ ၂၀၂၃ ခုနှစ်တွင် ကျောက်ဖြူ စီမံကိန်းများ ဖော်ဆောင်ရေး CITIC အုပ်စု (မြန်မာ)က "ESIA လုပ်ငန်းများ ပုံမှန်ပြီးစီးနေသည့်အတွက် စီမံကိန်းအတွက် ပထဝီစစ်ဆေးခြင်း အဆုံးသတ်နေကြောင်း” ဖော်ပြခဲ့သော်လည်း ဆောက်လုပ်ရေးစတင်မည့် စီမံချက်ကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။ စစ်ဆေးခြင်းနှင့် ESIA သတ်မှတ်ပြီးချိန်မှ စတင်၍ ထပ်မံ အသစ် ကြေညာခြင်းများလည်း မရှိခဲ့ပေ။
မင်းအောင်လှိုင်က သဘောတူညီချက်များ ပြန်လည်ညှိနှုင်းရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပြီး တရုတ်နှင့် မြန်မာ အရာရှိများက ကျောက်ဖြူစီမံကိန်း ပြန်လည်ညှိနှိုင်းရန် အခြေခံမူများ သဘောတူညီခဲ့ကြသည်ဟု မြန်မာ သတင်းဌာန BETV စီးပွားရေးက အောက်တိုဘာလလည်တွင် ဖော်ပြခဲ့သည်။
မူရင်း စီမံကိန်း သဘောတူညီချက် ကို စီမံကိန်းတန်ဖိုး ဒေါ်လာ ၇.၃ ဘီလီယံဖြင့် ၂၀၁၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး CITIC ဦးဆောင်သော လုပ်ငန်းစုက ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ၎င်းကြီးမားသည့် စီမံကိန်း ကုန်ကျစားရိတ်နှင့် တရုတ်ဝေစု ပိုင်ဆိုင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သား အစိုးရက ၂၀၁၈ ခုနှစ်တွင် စုစုပေါင်း ကုန်ကျစားရိတ်ကို ဒေါ်လာ ၁.၃ ဘီလီယံအထိ လျော့ချရန်နှင့် တရုတ် လုပ်ငန်းစု၏ ဝေစုပိုင်ဆိုင်မှုကို ၇၀ ရာခိုင်နှုန်းသို့ လျော့ချရန်တို့အတွက် သဘောတူညီမှုကို ပြန်လည် ညှိနှိုင်းစေခဲ့သည်။
စီမံကိန်းများ ရှေ့ဆက် ပြန်လည်ညှိနှိုင်းရန် ၎င်းမီဒီယာတင်ပြချက်များကို တရုတ်နှင့် မြန်မာအရာရှိများ၊ နိုင်ငံပိုင် မီဒီယာများက အတည်မပြုခဲ့ပေ။ တင်ပြချက်များ မှန်ကန်နေပါက စီမံကိန်းအကြို စစ်ဆေးမှုများ ပြီးစီးမှုအဆင့် မထုတ်ပြန်ရခြင်းအကြောင်း သိရှိနိုင်မည်ဖြစ်ပြီး မကြာခင်ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် ဖြစ်နိုင်မှုအပေါ် သံသယဝင်စေမည်ဖြစ်သည်။
အထူးသဖြင့် နှစ်ဘက်လုံးက ပြန်လည်ညှိနှိုင်းခြင်းက မည်သည့် ရလဒ်များရရှိရန် ရည်ရွယ်ထားသည်ကို အသေးစိတ်မဖော်ပြထားသည့်အတွက် ဆောက်လုပ်ရေး မစတင်နိုင်ဟု သံသယဖြစ်စေသည်။ ဆောက်လုပ်ရေး ပစ္စည်းများနှင့် စွမ်းအင်အတွက် ဈေးနှုန်းဖောင်းပွမှု သိသာစွာ မြင့်တက်မှုကြောင့် ၂၀၁၈ ခုနှစ်တွင် သဘောတူညီ ခဲ့သော စီမံကိန်းကုန်ကျစားရိတ် ဒေါ်လာ ၁.၃ ဘီလီယံထက် ယခုအခါ များစွာ မြင့်တက်လာနိုင်သည့်အတွက် ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းရခြင်း ဖြစ်နိုင်သည်။
ကုန်ကျစားရိတ် တတ်နိုင်မှုနှင့် စီမံကိန်းအတွက် ငွေကြေးရရှိမှု အပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာခြင်းသည် ဆောက်လုပ် ရေး မကြာခင် စတင်နိုင်မှုအပေါ် သံသယဖြစ်စေသည့် ထင်ရှားသော အကြောင်းရင်းများ ဖြစ်သည်။
၂၀၂၁ ခုနှစ်မှ စတင်၍ တိုးတက်မှုရရှိနေပုံရသော အခြား အဓိက CMEC စီမံကိန်းမှာ မူဆယ်-ကျောက်ဖြူ ရထားလမ်း စီမံကိန်းဖြစ်သည်။ ၎င်းစီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ဖော်ဆောင်သွားမည်ဖြစ်ပြီး မူဆယ်-မန္တလေး လမ်းပိုင်းတစ်ခုတည်းတွင်ပင် ကုန်ကျစားရိတ် ဒေါ်လာ ၈.၉ ဘီလီယံရှိကာ ကိုဗစ်-၁၉ ကပ်ဆိုးမတိုင်မီ ခန့်မှန်းခဲ့ကြသည့် ဈေးနှုန်းများထက် အလွန်အမင်း မြင့်တက်နေဖွယ်ရှိသည်။
အောက်တိုဘာလ ၂၀၁၉ ခုနှစ်တွင် မြန်မာ့မီးရထား၊ တရုတ် Eryuan အင်ဂျင်နီယာလုပ်ငန်း အုပ်စု China Eryuan Engineering Group (CEEG) နှင့် တရုတ် မီးရထား အုပ်စုတို့သည် စီမံကိန်းအတွက် ဖြစ်နိုင်ချေ လေ့လာမှု ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြပြီး ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးချက်ကို ၂၀၂၂ ခုနှစ်တွင် ခွင့်ပြုခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် CEEG က ရထားလမ်းအတွက် "ပဏာမ လုပ်ငန်း" ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် ပထမလမ်းပိုင်း တည်ဆောက်မှုလုပ်ငန်းများ ၂၀၂၅ ခုနှစ်တွင် စတင်ရန် မျှော်မှန်းထားကြောင်း တင်ပြခဲ့သည်။
ကုန်ကျစားရိတ် တတ်နိုင်မှုနှင့် စီမံကိန်းအတွက် ငွေကြေးရရှိမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာခြင်းသည် ဆောက်လုပ်ရေး မကြာခင် စတင်နိုင်မှုအပေါ် သံသယဖြစ်စေသည့် ထင်ရှားသော အကြောင်းရင်းများ ဖြစ်သည်။
သို့သော် ပို၍ သိသာထင်ရှားသည်မှာ မီးရထားလမ်းသည် ကာလရှည်ကြာ ဖြစ်ပေါ်နေခဲ့သော လုံခြုံရေး ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရခြင်းဖြစ်သည်။ စစ်တပ်က အာဏာမသိမ်းမီအချိန်ကပင်လျှင် နိုင်ငံတကာ အကျပ် အတည်းအုပ်စုက မီးရထားလမ်း ဆောက်လောက်ရေးစီမံချက်သည် ရှမ်းပြည်မြောက်ပိုင်း စစ်ရေးချဲ့ထွင်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း၊ စီမံကိန်းသည် ပဋိပက္ခဖြစ်ပွားရာဒေသတွင် လှုပ်ရှားနေသော ပုန်ကန်သူ အဖွဲ့များ၏ စစ်ရေးပစ်မှတ် ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။
၂၀၂၁ ခုနှစ်မှ စတင်ကာ အခြေအနေ ပိုမိုယိုယွင်းလာသည်ကို မြင်တွေ့နေရပြီး မြန်မာစစ်တပ်သည် ရထားလမ်း အဆိုပြုလမ်းကြောင်းတစ်လျှောက်တွင် ချုပ်ကိုင်နိုင်မှု အားနည်းလာနေကြောင်း အထောက်အထားများ တွေ့မြင်နေရသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် ရက္ခိုင့်တပ်တော်၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပါဝင်သော ညီနောင်မဟာမိတ် သုံးဖော်အဖွဲ့က စစ်တပ် နှင့် ၎င်းတို့၏ မဟာမိတ်များကို မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် စုပေါင်း တိုက်ခိုက်ခဲ့ ကြသည်။ တရုတ်နယ်စပ် အနီးရှိ မြို့များနှင့် အဓိက ကုန်သွယ်မှုလမ်းကြောင်းများတစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြလာကြသည်။
နိုဝင်ဘာ ၁ ရက်နေ့တွင် နစက ပြောခွင့်ရ ဇော်မင်းထွန်းက စစ်တပ်က ရှမ်းပြည်နယ်တွင် ချင်းရွှေဟော်မြို့ကို ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ချင်းရွှေဟော်မြို့သည် ဧပြီလမှ စက်တင်ဘာလအတွင်း မြန်မာ-တရုတ် ကုန်သွယ်ရေး ဒေါ်လာ ၄၅၀ မီလီယံ ကျော် ဖြတ်သန်းစီးဆင်းမှု ရှိသည့် အဓိက နယ်စပ်မြို့တစ်မြို့ဖြစ်သည်။ ၎င်းပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေစဉ်အတွင်း တရုတ်အရာရှိများနှင့် ကုမ္ပဏီအမှုဆောင်များက မြန်မာ စစ်တပ်၏ တရုတ်ပိုင်ဆိုင်မှုနှင့် ဝန်ထမ်းများကို ကာကွယ်ပေးနိုင်ကြောင်း ယုံကြည်ရမှု ရှိ၊ မရှိ စိုးရိမ်ရသည့် အတွက် ပထဝီနည်းပညာ စစ်ဆေးမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
CMEC စီမံကိန်းများ အရှိန်မြှင့်တင်ရေး သတိထားရန် တရုတ်အရာရှိများက အချက်ပြနေပြီး တရုတ် ကွန်မြူနစ် ပါတီကလည်း မင်းအောင်လှိုင်ကို တရုတ်ပြည်သို့ ဖိတ်ကြားခြင်း မပြုသေးဘဲ ၎င်းလိုချင်နေသည့် အသိအမှတ် ပြုမှု ပေးအပ်ခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည်။ အောက်တိုဘာလက ကျင်းပခဲ့သော ၁၀ နှစ်မြောက် ခါးပတ်နှင့် လမ်းစီမံကိန်းနှစ်ပတ်လည်အခမ်းအနားကို နစကက ဖိတ်ကြားရန် အလွန်အမင်း တိုက်တွန်းနှိုးဆော်ခဲ့ သော်လည်း မင်းအောင်လှိုင် တက်ရောက်ခဲ့ခြင်းမရှိသည်မှာ မှတ်သားဖွယ်ဖြစ်သည်။
တရုတ်အာဏာပိုင်များက နစကကို အလေးအနက် အာရုံစိုက်မှု မရှိချိန်တွင် မြန်မာနိုင်ငံပိုင်သတင်းစာများက ရုရှားနှင့် မြန်မာအရာရှိများ၏ ရင်းရင်းနှီးနှီး တွေ့ဆုံမှုများကို နေ့စဉ်နီးပါး တင်ပြနေကြသည်။ မင်းအောင်လှိုင် သည် ယခင်နှစ် စက်တင်ဘာလတွင် မော်စကို၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့ကာ အာဏာရှင် ခေါင်းဆောင်အချင်းချင်း ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြုခဲ့သည်။
မြန်မာ-ရုရှား စီမံကိန်း နားလည်မှု စာချွန်လွှာအချို့ကို မကြာသေးမီကာလအတွင်း လက်မှတ်ရေးထိုး ထားကြသည်။ ယခုနှစ် ဖေဖော်ဝါရီလက နစကသည် ရုရှား Rosatom နိုင်ငံပိုင် အနုမြူစွမ်းအင် ကော်ပိုရေးရှင်းနှင့် မော်ဂျူလာ ဓာတ်ပေါင်းဖို အငယ်စား တစ်ခု တည်ဆောက်ရန် သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီး ဂျွန်လတွင် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
Rosatom လက်အောက်ခံ NovaWind သည်လည်း မြန်မာနိုင်ငံတွင် ၇၇၂ မီဂါဝပ် လေအားသုံး ဓာတ်အားပေးစက်ရုံများ ဖြစ်နိုင်ချေလေ့လာမှုများအတွက် နားလည်မှုစာချွန်လွှာများ ဂျွန်လတွင် လက်မှတ်ရေး ထိုးခဲ့ပြီး စီမံကိန်းများ၏ အစောပိုင်းလုပ်ဆောင်ချက်များ ပြင်ဆင်ခြင်းကို မကြာမီ ပြုလုပ်သွားရန် မျှော်လင့်ထားသည်။ လွတ်လပ်သည့် မီဒီယာတင်ပြတွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီ-၃ ရေအား လျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန်နှင့် လည်ပတ်ရန် တင်ဒါ ခေါ်ယူသွားမည်ဖြစ်ပြီး ရုရှားကုမ္ပဏီမှ တင်ဒါအောင်မြင်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
မြန်မာနှင့် ရုရှားတို့ နျူကလီးယားနည်းပညာအရေး ဆွေးနွေးမှု များမှာ ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ယခင်သဘောတူညီ မှုများ သည်လည်း တိုးတက်မှု ရှိပုံ မရချေ။
အပေါ်ယံမျက်နှာစာတွင် ၎င်း ထိပ်သီးအစည်းအဝေးများနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုများသည် စွမ်းအင်အခြေခံအဆောက်အအုံများတည်ဆောက်မှုကို အာရုံစိုက်မှုအနေဖြင့် ယခင် ကာကွယ်ရေးကဏ္ဍ အပြန် အလှန် ဆက်ဆံရေးမှ ဖယ်ခွာကာ ရုရှားသည် မြန်မာနှင့် စီးပွားရေးဆက်ဆံမှု ခေတ်သစ်သို့ ဝင်ရောက်ရန် ပြင်ဆင်ထားသည့်ဟု ညွှန်းဆိုနေသည်။
၎င်းစီမံကိန်းများနှင့် ပတ်သတ်၍ ရုရှားနှင့် မြန်မာအရာရှိများထံမှ အကောင်းမြင်မှု အမြောက်အများ ရရှိလာနေ သော်လည်း သိသာထင်ရှားသည်မှာ စီမံကိန်းများအတွက် မည်ကဲ့သို့ ငွေကြေးရရှိမည် သို့မဟုတ် ငွေကြေး မတည်ငြိမ်မှု၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်မှု အကန့်အသတ်များ အပါအဝင် မြန်မာနိုင်ငံမှ ဆက်လက် ဖြစ်ပေါ်နေသည့် စီးပွားရေးနှင့် လုံခြုံရေး မတည်ငြိမ်မှုများ အကြား မည်ကဲ့သို့ အမှန်တကယ် အကောင်အထည် ဖော်သွားမည်ဆိုသည့် အသေးစိတ် အချက်အလက်များ ဖော်ပြခြင်းမရှိပေ။
စမ်းသပ် စီမံကိန်းငယ်များအလွန် နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖြစ်နိုင်ချေမှာ အချိန် မတန်သေးပေ။ မြန်မာနှင့် ရုရှားတို့ နျူကလီးယားနည်းပညာအရေး ဆွေးနွေးမှုများမှာ ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ယခင်သဘောတူညီမှုများသည်လည်း တိုးတက်မှု ရှိပုံ မရချေ။
၂၀၀၇ ခုနှစ် သန်းရွှေခေါင်းဆောင်သည့် စစ်တပ်အုပ်ချုပ်သည့်ကာလတွင် ၁၀ မီဂါဝပ် ရေအသုံးပြု နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေးအတွက် နျူကလီးယားပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြသော်လည်း ရှေ့ဆက်လုပ် ဆောင်မှုများ မရှိခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်ဟောင်း သိန်းစိန်အုပ်ချုပ်မှုကာလအတွင်း မြန်မာသည် ရုရှားနှင့် နျူကလီးယားနည်းပညာဆက်နွယ်သည့် ပူးပေါင်း ဆောင်ရွက်မှုအတွက် နောက်ထပ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး အသေးစိတ်အချက် အလက်များကို အများပြည်သူသို့ မထုတ်ပြန်ခဲ့ပေ။ ၎င်းစီမံကိန်း မှာလည်း ထင်ရှားသည့် တိုးတက်မှု မရှိခဲ့ပေ။
ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်းတင်ဒါကို အထူးစိတ်ဝင်စားသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ရှိသည်ဟု လေ့လာသူအများအပြားက ယူဆထားကြသည်။ တင်ဒါစာရွက်စာတမ်းများက ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြား ရင်းနှီးမြှုနှံမှု အစုရှယ်ယာ အများဆုံး ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ခရိုနီ လုပ်ငန်းစုများအပါအဝင် မြန်မာကုမ္ပဏီတစ်ခုကမျှ ကျန်ရှိနေသော ၆၅ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁ ဘီလီယံ နီးပါးကို ပြည့်မီနိုင်မှု ရှိ မရှိမှာ သံသယဖြစ်ဖွယ်ရှိသည်။
ရုရှားကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် စီမံချက်တစ်ခု တည်းတွင် ဒေါ်လာ ၅၀၀ မီလီယံ ရင်းနှီးမြှုပ်နှံနိုင်ခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိခြင်းကိုလည်း သက်သေခံညွှန်ပြနေမှု မရှိပါ။ ရုရှားသည် ယူကရိန်းကို ကျူးကျော်မှုအပြီး စစ်ရေးနင့် စီးပွားရေးနွံထဲတွင် လှုပ်လေ မြုပ်လေဖြစ်နေခဲ့ပြီး နိုင်ငံတွင်း ဘဏ္ဍာရေးနှင့် ပစ္စည်းကိရိယာအရင်းအမြစ်များ လိုအပ်နေချိန် အန္တရာယ်များသည့် မြန်မာစီမံကိန်းအတွက် ယင်းကဲ့သို့ အရင်းအမြစ်များ ရွှေ့ပြောင်းနိုင်လျှင် ၎င်းမှာ သာမာန်ထက်လွန်ကဲထူးခြားမှု ဖြစ်နေပေလိမ့်မည်။ လေလံတင်သွင်းခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးဟု သတ်မှတ်ထားသော်လည်း ရလဒ်ကို ကြေညာခြင်း မပြုခဲ့ပေ။
ရုရှားအစုအဖွဲ့ဖြစ်စေ တရုတ်အစုအဖွဲ့ဖြစ်စေ ရင်းနှီးမြှုပ်နှံသူတစ်ဦးအတွက် မြန်မာအုပ်ချုပ်မှု၏ အနာဂတ် မရှင်းလင်းမရေရာချိန်တွင် အထင်ကရဖြစ်သော နိုင်ငံရေးဦးဆောင်သည့် အခြေခံအဆောက်အအုံ စီမံချက်များ လုပ်ဆောင်ရန်မှာ အဓိပ္ပါယ်မရှိချေ။ ၂၀၂၄ ခုနှစ် အငြင်းပွားဖွယ် အမျိုးသား သန်းခေါင်စာရင်းကောက်ယူမှုအပြီး စစ်တပ်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်သတ်မှတ်ထားသည်။ ၎င်းအပြင် စစ်တပ် ထိန်းချုပ် ထားသော နေရာများ အထူးသဖြင့် ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်ရန် လျာထားသည့် နေရာဒေသများတွင် လူထုကြိုက်နှစ်သက်ထောက်ခံမှုနှင့် လက်နက်နှင့် ခဲယမ်းများ ပုံမှန်ရရှိနေ သည့် ခုခံတွန်းလှန်ရေးအဖွဲ့များ၏ နေရာအနှံ့မှ စိန်ခေါ်မှုများ တိုးတက်လာနေသည်။
နိုင်ငံပိုင်မီဒီယာများ၏ ရွှန်းရွှန်းဝေဖော်ပြချက်များသည် နှစ်နိုင်ငံလုံးကို နိုင်ငံတကာမှ ဖယ်ထုတ်ထားစဉ် မြန်မာ နှင့် ရုရှားအာဏာပိုင်များက ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးပုံရိပ် ပြသပြီး အကျိုးအမြတ်ရရှိရန် လုပ်ဆောင်မှု အဖြစ်အလွယ်တကူပင် အပြစ်မြင်တုံ့ပြန်မှု ရရှိနိုင်သည်။ နားလည်မှုစာချွန်လွှာများနှင့် ဖြစ်နိုင်ချေ လေ့လာချက် များသည် အထိုက်အလျောက် ဈေးပေါသည်ဟု ဆိုနိုင်ပြီး အချိန်ဆွဲရန် အားထုတ်မှုမရှိသည့် ကိရိယာများ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု ပြသရန် စီမံချက်သာဖြစ်ကာ အမှန်တကယ်တမ်း စီမံကိန်းအန္တရာယ်များသည် ကျော်လွှားရန် မဖြစ်နိုင်လောက်အောင် ကြီးမားနေပြီး စီမံကိန်းရန်ပုံငွေ ရရှိရေးအတွက် လမ်းကြောင်း များများစားစား မရှိပေ။ CMEC ဖြစ်ရပ်တွင် အကျိုးရလဒ်သည် ရုရှား-မြန်မာ စီမံချက်များသည် အရေးတကြီးဦးစားပေးစာရင်းထဲတွင် မရှိနိုင်ပေ။
မြန်မာ-ရုရှား သို့မဟုတ် CMEC စီမံချက်များ အမှန်တကယ် ဆက်လက်လုပ်ဆောင်မှု ရှိ မရှိပေါ်မူတည်၍ “မြင်ရမှ ယုံကြည်” ရမည့် ဖြစ်ရပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ကိုးကား - The Diplomat
ပုံစာ - မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်အနီး ရန်လုံကြိုင် တရုတ်-မြန်မာ နယ်စပ်ဂိတ်။ (Photo: Wikimedia Commons/Paingpeace)
Burma Associated Press
Top News
လွန်ခဲ့သော ၂၀ နာရီ က
လွန်ခဲ့သော ၅ ရက် က