bap-logo
Politics

ဆီဆိုင်နဲ့ ဆိုက်ခေါင်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် အဖွဲ့ဝင်တွေက ခိုးရာပါ ပစ္စည်းတွေကို ပေါ်တင် ပြန်ရောင်းချနေ

qJw4c9N0jQfqfXltw_oD6-image

လွန်ခဲ့သော တစ်လ က

ဧပြီ ၁၆။

 

ဆီဆိုင်မြို့အဝင်နဲ့ ဆိုက်ခေါင်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်သားတွေ ဆိုက်ခေါင်စံပြစျေးထဲမှာ ရွှေဝယ်နေကြသလို​ ဆီဆိုင်မြို့အဝင် ဂိတ်စောင့်စစ်သားတွေ ရွှေဆွဲကြိုးအပါဝင် တန်ဖိုးကြီးပစ္စည်းတွေ အသုံးပြုနေနိုင်ကြတယ်လို့​ မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

 

"မြို့အဝင်ဂိတ်ပေါက်စောင့်တဲ့စစ်သားတောင် ရွှေဆွဲကြိုး နှစ်ကျပ်သားကုံးလောက် ဆွဲထားတယ်၊ ပြည်သူတွေ ပြေးနေရတဲ့ချိန် ဝင်ယူလို့ရနေတာလည်း စစ်သားနဲ့ PNO ပြည်သူ့စစ်တွေပဲ၊ သူတို့လည်း သူခိုးတွေနဲ့ဘာထူးလဲ၊ ဆိုက်ခေါင်စျေးထဲ ရွှေဝယ်နေတာ သူတို့တွေချည်းပဲ၊ ယူနီဖောင်းဝတ်ပြီး ဝယ်နေတာ ပေါ်တင်ပဲ"လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့နဲ့ ၁၂ မိုင်ဝေးတဲ့ ဆိုက်ခေါင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ပအိုးပြည်သူ့စစ်တွေ ထိန်းချုပ်ထားပြီး ဆိုက်ခေါင်ဖက်အခြမ်းကနေ ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ အမြောက်တွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

 

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေ မရှိပေမယ့် ဆီဆိုင်မြို့က မပျက်စီးသေးတဲ့အိမ်တွေမှာ ပအိုဝ်းပြည်သူ့စစ် တွေနဲ့ စစ်တပ်ကလူတွေ ဝင်ရောက်နေထိုင်ပြီး မြို့ကိုပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

 

ဆိုက်ခေါင်စျေးထဲကို စျေးလာဝယ်နေတဲ့စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေဟာ ရွှေဆိုင်တွေ၊ ဖုန်းဆိုင်တွေမှာ ပစ္စည်းလာဝယ်ချိန် ယူနီဖောင်းတွေ သေနတ်တွေလွယ်ထားပြီး ၅,၀၀၀ ကျပ်တန်၊ ၁၀,၀၀၀ ကျပ်တန် အထုပ်လိုက်ကိုင်ပြီး ဝယ်နေကြတာကို ပြည့်သူအများစု တွေ့ခဲ့ရပါတယ်။

 

"တပ်မ ၅၅ တံဆိပ်နဲ့ စစ်သားရော၊ ပအိုဝ်းပြည်သူ့စစ်တပ်ကရော၊ သူတို့​ပဲ ရွှေဆိုင်မှာရော လူသုံးကုန် ပစ္စည်းဆိုင်တွေမှာရော ဝယ်နေတာ၊ သင်္ကြန်မရောက်ခင် တစ်ပတ်အလိုကတည်းက ဝယ်နေကြတာ၊ စစ်ရှောင်ပြည်သူတွေကျ ဆီတောင် တစ်ပိသာဗူး မဝယ်နိုင်ဘူး၊ ဆန်ဆိုလည်း တစ်ပြည်ချင်း ဝယ်စားနေရတာ" လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

 

​စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တို့ ​ပစ်ခတ်ဖျက်စီးခဲ့လို့​ ရှောင်ပြေးနေရတဲ့ ဆီဆိုင်မြို့ခံပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်တို့ စိတ်ကြိုက်သယ်ယူခွင့် ရရှိနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"၁ ရက်နေ့က ပစ္စည်းပြန်သယ်တာ၊ တွေ့ခဲ့ရတဲ့ကားတစ်စီးဆို ပအိုဝ်းပြည်သူ့စစ် အမှတ်အသား လုပ်ထားတဲ့ ပစ္စည်းထုပ်တွေ၊ တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေ အများကြီးပဲတွေ့ရတယ်၊ ပြန်လာမသယ်နိုင်တဲ့ အိမ်တွေက ခိုးလာမှန်းသိသာတယ်၊ သူတို့အိမ်တွေ ဆီဆိုင်မြို့မှာမရှိဘဲ ပြန်သယ်နေတာ၊ ခိုးဖို့ပစ္စည်း​တွေပဲပေါ့" လို့ ပစ္စည်းပြန်သယ်ယူခဲ့တဲ့ ဆီဆိုင်မြို့ခံတစ်ဦးက သူမြင်ခဲ့ရတာကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ၇ ရက်အထိ ပစ္စည်းတွေပြန်သယ်ဖို့ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက ခွင့်ပြုခဲ့ပီးတဲ့နောက် ဆီဆိုင်မြို့​ခံအများစု ပစ္စည်းတွေ ပြန်သယ်ယူခဲ့ကြပါတယ်။

 

ပစ္စည်းပြန်သယ်မယ့် ရာနဲ့ချီတဲ့ကားတွေကို ဆီဆိုင်မြို့အဝင် ဆိုက်ခေါင်မြို့​ဘက်ခြမ်းကနေ ကားတစ်စီးကို ဘယ်လောက်ဆိုပြီး ကောက်ခံနေတာတွေကြောင့် စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တွေ အတွက် ငွေရတဲ့နည်းလမ်းတစ်ခုဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေက ပြောပါတယ်။

 

"စစ်အသုံးစားရိတ်လည်း ကောက်တယ်၊ ကားတွေလည်း တစ်ရွာတစ်စီး ပေးရတယ်၊ ပြည်သူ့စစ်ကို ရိက္ခာလည်း ပို့ပေးရတယ်၊ ပြည်သူတွေကျ ထမင်းနပ်မမှန်ဘူး စားနေရတာ၊ သူတို့ကတော့ ဆိုင်ကယ်တွေ၊ ကားတွေအပြင် ရွှေ၊ ငွေအပြည့် ဖုန်းအကောင်းစားနဲ့ မြင်နေရတာ ရင်နာစရာကောင်းတယ် " လို့ ဆီဆိုင်မြို့နယ်ထဲက ရွာသားတစ်ဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့ကို ဒီလို ပစ္စည်းပြန်သယ်ယူခွင့်ပြုလို့ ​မြို့ထဲပြန်ဝင်ချိန် နေအိမ်အများစု မီးလောင်ခံထားရတာ၊ ဘယ်အချိန်တည်းက ခိုးခံထားရလဲ မသိလို့ အိမ်ကတန်ဖိုးကြီးပစ္စည်းတွေ​ မရှိသလောက် ကုန်နေကြတယ်လို့ မြို့​ခံတွေက ပြောပါတယ်။

 

"စားနပ်ရိက္ခါတွေလိုလို့ ဘယ်အဖွဲ့က သယ်သယ်၊ လိုလို့သယ်တာ လက်ခံတယ်၊ ခုက စီးပွားဖြစ် သယ်နေတယ်၊ ကုတင်ကအစ တိုင်တွေဖြုတ်ပြီး ပစ္စည်းတွေကို ရှာထားတာ၊ ရောင်းလို့ရတာ မှန်သမျှ အကုန်ခိုးနေကြတာ၊ မြို့ထဲ​​​​စိတ်ကြိုက် ပြန်သယ်လို့ရနေတာ သူ့လူတွေပဲ၊ သူတို့မသိပဲနဲ့တော့ မဖြစ်နိုင်ဘူး" လို့ ဆီဆိုင်မြို့ခံတစ်ဦးကပြောပါတယ်။

 

Burma Associated Press

ဆီဆိုင်မြို့
တပ်သားများ
စစ်တပ်
PNO

Share With
bap-logo