Politics
မြန်မာနယ်စပ်အနီး စစ်ရေးလေ့ကျင့်မှုများ ပိုမိုပြုလုပ်ရန် တရုတ်စစ်တပ် စီစဉ်
လွန်ခဲ့သော ၁၀ လ က
တရုတ်နိုင်ငံသည် လေကြောင်းကာကွယ်ရေးနှင့် ကျည်အစစ်အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုများ မြန်မာနယ်စပ်အနီးတွင် ပြုလုပ်သွားမည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်ပြီး မြန်မာစစ်အာဏာရှင်အုပ်ချုပ်သူများနှင့် တော်လှန်ပုန်ကန်သူတပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမို ပြင်းထန်လာနေစဉ် ယခုလအတွင်း ယင်းကဲ့သို့လေ့ကျင့်မှုမှာ ဒုတိယအကြိမ်ဖြစ်သည်။
တော်လှန်ပုန်ကန်သူတပ်ဖွဲ့များက ထိုင်းနိုင်ငံနယ်စပ် အဓိက ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သော မြန်မာနိုင်ငံ မြဝတီမြို့ကို သိမ်းပိုက်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းသို့ ဒုက္ခသည်များ အဆက်မပြတ် ဝင်ရောက်ခဲ့ကာ ပြီးခဲ့သည့်အပတ်အတွင်း ပဋိပက္ခ သိသာစွာ မြင့်တက်လာပြီးနောက်ပိုင်း စစ်ရေးလေ့ကျင့်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံပိုင် ရုပ်သံလွှင့်လုပ်ငန်း CCTV က တရုတ်နိုင်ငံတောင်ပိုင်း စစ်ရေးဇုန်၏ ယခုအပတ် စစ်ရေးလေ့ကျင့်မှုသည် နှစ်ပတ်လည် လေ့ကျင့်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံ၏ တိုက်ပွဲများအကြောင်း ရည်ညွှန်းခြင်းမရှိဘဲ ပြောသည်။
တရုတ်တပ်ဖွဲ့များသည် အရေးပေါ်အခြေအနေများကို တုန့်ပြန်ရန် အမြဲ ပြင်ဆင်ထားပြီး "အမျိုးသားအချုပ်အခြာအာဏာ၊ နယ်စပ် တည်ငြိမ်မှု၊ လူထု၏ အသက်နှင့် စည်းစိမ် ဘေးကင်းရေးတို့ကို မားမားမတ်မတ် ကာကွယ်သွားမည်” ဟု လည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှာ ဇန်နဝါရီလက တရုတ်ကြားဝင်ညှိနှိုင်းမှုဖြင့် အပစ်ရပ်ရန် ဆွေးနွေးမှုနောက်ပိုင်း အသင့်အတင့် တည်ငြိမ်အေးချမ်းနေခဲ့သည်။
ယခုလအစောပိုင်း မြန်မာနယ်စပ် ကြည်း၊ လေ စစ်ရေးလေ့ကျင့်မှုများမှာလည်း မြောက်ပိုင်း ပဋိပက္ခနှင့် တိုက်ရိုက်ချိတ်ဆက်နေကြောင်း ဖော်ပြခဲ့ခြင်း မရှိပေ။
ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ ဗုံးဆံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ကျရောက်၍ လူငါးဦး ထိခိုက်ခဲ့ပြီးနောက် တရုတ်က ချက်ချင်း အပစ်ရပ်ရန် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ကျည်အစစ်အသုံးပြုသည့် လေ့ကျင့်ရေးများ ပြုလုပ်ချိန်တွင် မြန်မာနိုင်ငံမှ လက်နက်ကိုင် ပဋိပက္ခများသည် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာစေကြောင်း၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးစေကြောင်း၊ နယ်စပ်ဒေသရှိ အသက်အိုးအိမ်တို့ကို ကာကွယ်ရန် တရုတ်စစ်တပ်တွင် တာဝန်ရှိကြောင်း ၎င်းတို့က ပြောသည်။
“နယ်စပ်လုံခြုံရေးကို ကာကွယ်ရန်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တာဝန်ဖြစ်သည်။” ဟု စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်စဉ် ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ကာ ၎င်းလေ့ကျင့်မှုတွင် လေတပ်ပါဝင်ခြင်း မရှိပေ။
နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း တရုတ်သံရုံးက ရှမ်းပြည်နယ် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှ လုံခြုံရေးသတိပေးချက်များထုတ်ပြန်၍ ၎င်း၏နိုင်ငံသားများ ထွက်ခွာကြရန် တိုက်တွန်းခဲ့သည်။
၂၀၁၅ ခုနှစ်တွင်လည်း မြန်မာစစ်တပ်နှင့် တော်လှန်ပုန်ကန်သူများ၏ နယ်စပ်မှ ၅၀၀ မီတာ (၅၄၀ ကိုက်) အတွင်း ဖြစ်ပွားသော တိုက်ပွဲများအကြား အမြောက်ကျည်များ ယူနန်ပြည်နယ်သို့ ကျရောက်ခဲ့သေးသည်။
၂၀၀၉ ခုနှစ်တွင် ဒေသတွင်း ထိပ်တိုက်ပဋိပက္ခများကြောင့် လူပေါင်း သောင်းချီ၍ နယ်စပ်ဖြတ်ကျော်ကာ တရုတ်သို့ ထွက်ပြေးခဲ့ရသည်ဟု နိုင်ငံပိုင် မီဒီယာနှင့် အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက ပြောသည်။
ကိုးကား - Reuters
ပုံစာ - ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ ရိုက်ကူးထားပြီး ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ညှိနှိုင်းကွပ်ကဲရေးမှူးရုံးက မေလ ၂၄ ရက် ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အရှေ့တရုတ်ပင်လယ်ပေါ်တွင် ပျံသန်းသွားသည့် တရုတ် H-6 ဗုံးကြဲလေယာဉ်။ (Joint Staff Office of the Defense Ministry of Japan/HANDOUT via REUTERS/File Photo)
Burma Associated Press
Related Articles
- မြန်မာဒုက္ခသည်များအတွက် ထိုင်းပြင်ဆင်၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးအစား ရနောင်းကို အသုံးပြုဖွယ်ရှိကြောင်းပြော
- မြန်မာနယ်စပ်ကို စည်းရိုးကာရန် အိန္ဒိယက ဒေါ်လာ ၃.၇ ဘီလီယံ အသုံးပြုမည်
- မြဝတီကို အကြမ်းဖက်တိုက်ခိုက်မှု မပြုရန် မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
- ထိုင်းမှ မြန်မာသို့ ပထမအသုတ် အထောက်အပံ့များပေးပို့၊ စစ်အာဏာရှင်ကိုသာ ကူညီရာရောက် မည်ဟု ဝေဖန်သူများပြော
Top News
လွန်ခဲ့သော ၁၁ နာရီ က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၆ ရက် က