bap-logo
Politics

မြန်မာနယ်စပ်ကို စည်းရိုးကာရန် အိန္ဒိယက ဒေါ်လာ ၃.၇ ဘီလီယံ အသုံးပြုမည်

uRFYFoA9gKAz5PQm0Izyl-image

လွန်ခဲ့သော ၁၀ လ က

မှောင်ခိုများနှင့် အခြားတရားမဝင်လှုပ်ရှားမှုများကို ကာကွယ်ရန်အတွက် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနယ်စပ်ဝင်ပေါက်များရှိရာ အရှည် ၁၆၁၀ ကီလိုမီတာ (၁၀၀၀ မိုင်) ကို ဒေါ်လာ ၃. ဘီလီယံအသုံးပြု၍ စည်းရိုးခတ်သွားရန် အိန္ဒိယ စီစဉ်နေသည်ဟု ၎င်းအရေးကို တိုက်ရိုက်သိရှိထားသည့် သတင်းရင်းမြစ်က ပြောသည်။

 

အမျိုးသားလုံးခြုံရေးနှင့် အရှေ့မြောက်ဒေသလူထုအရေအတွက်ကို ထိန်းသိမ်းထားရန်အတွက် နယ်စပ်ကို စည်းရိုးကာသွားမည်ဖြစ်ကြောင်းနှင့် ဆယ်စုနှစ်ချီ ခွင့်ပြုခဲ့သည့် ဗီဇာမလိုဘဲ လွတ်လပ်စွာသွားလာခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ယခုနှစ် အစောပိုင်းတွင် ပြောခဲ့သည်။

 

ဝန်ကြီးချုပ် မိုဒီအစိုးရအဖွဲ့က ခွင့်ပြုရန်လိုအပ်သော စည်းရိုးကာရန် ကုန်ကျစားရိတ်ကို အစိုးရကော်မတီက ယခုလအစောပိုင်းတွင် ခွင့်ပြုခဲ့သည်ဟု မီဒီယာသို့ ပြောကြားခွင့်မရှိသည့်အတွက် အမည်ဖော်ပြရန် ငြင်းဆိုခဲ့သည့်သတင်းရစ်မြစ်က ပြောသည်။

 

ဝန်ကြီးချုပ်ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းအချက် အလက်နှင့် ရုပ်သံလွှင့်ဝန်ကြီးဌာနတို့က အီးမေးလ်ဖြင့် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း အကြောင်းမပြန် ခဲ့ကြပါ။

 

အိန္ဒိယ၏ စည်းရိုးကာရန် အစီအစဉ်ကို မြန်မာမှလည်း မှတ်ချက်ပေးခြင်း မရှိသေးပါ။

 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားထောင်ပေါင်းများစွာနှင့် တပ်ဖွဲ့ ရာပေါင်းမျာစွာ အိန္ဒိယပြည်နယ်များသို့ ထွက်ပြေးခဲ့ကြပြီး နှစ်ဘက်လုံးတွင် မျိုးနွယ်စုနှင့် မိသားစု ဆက်နွယ်မှုများ ရှိကြသည်။ ထို့ကြောင့် အိန္ဒိယက အသိုင်းအဝိုင်းများအကြား တင်းမာမှုများ ပျံ့နှံ့လာမည်ကို စိုးရိမ်ခဲ့သည်။

 

အိန္ဒိယအစိုးရအဖွဲ့ဝင်အချို့က အိန္ဒိယ အရှေ့မြောက်ဘက် မနီပူရ်ပြည်နယ်မှ မတည်ငြိမ်မှုများကို နယ်စပ်ဝင်ထွက်ပေါက်များက ပိုမိုဆိုးရွားစေသည်ဟု အပြစ်တင်ခဲ့ကြသည်။ တိုင်းရင်းသားအစု နှစ်ခုအကြား ပြည်တွင်းစစ်ကဲ့သို့ အခြေအနေကြုံတွေ့နေရသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး မျိုးနွယ်စုတစ်ခုမှာ မြန်မာနိုင်ငံမှ ချင်းလူမျိုးနှင့် မျိုးနွယ်ချင်း ဆက်စပ်နေသည်။။

 

အိန္ဒိယ အကြီးတန်းအရာရှိများ ကော်မတီက စည်းရိုးနှင့်အပြိုင် လမ်းများ၊ စစ်အခြေစိုက်စခန်းများနှင့်နှင့် နယ်စပ်ကို ဆက်သွယ်ထားသည့် ၁၇၀၀ ကီလိုမီတာ (၁၀၅၀ မိုင်) အရှည်ရှိ အရံလမ်းခွဲများ တည်ဆောက်ရန်လည်း သဘောတူခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

 

စည်းရိုးတည်ဆောက်မှုနှင့် အပြိုင်လမ်းတည်ဆောက်မှုများသည် တစ်ကီလိုမီတာလျှင် ရူပီး ၁၂၅ သန်း ကုန်ကျမည်ဖြစ်ပြီး တောင်ထူထပ်သည့် မြေအနေအထား၊ ထိုးဖောက်ဝင်ရောက်မှုနှင့် တိုက်စားပျက်စီးခြင်းကို ကာကွယ်မည့် နည်းပညာများ အသုံးပြုရခြင်းကြောင့် တစ်ကီလိုမီတာလျှင် ၅၅ မီလီယံ ရူပီး ကုန်ကျခဲ့သော ၂၀၂၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည့်    ဘင်္ဂလားဒေ့ရှ် နယ်စပ်စည်းရိုးထက် နှစ်ဆမက ကုန်ကျမည်ဖြစ်သည်ဟု သတင်း ရင်းမြစ်က ပြောသည်။

 

(အမေရိကန် ၁ ဒေါ်လာ = ၈၃.၃၀၂၅ အိန္ဒိယ ရူပီး)

 

ကိုးကား - Reuters

 

ပုံစာ - မတ်လ ၁၃ ရက် ၂၀၂၁ ခုနှစ်က အိန္ဒိယ-မြန်မာ နယ်စပ် အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် Champhai ခရိုင်မှ တောင်ပေါ်လမ်းများ။ (REUTERS/Rupak De Chowdhuri/File Photo)

 

မြန်မာ
အိန္ဒိယ
နယ်စပ်

Share With
bap-logo