bap-logo
Politics

ဆီဆိုင်မြို့နယ်မှာ လေကြောင်းပစ်ခတ်တဲ့အတွက် Grade 3 ကျောင်းသူတစ်ဦး သေဆုံး

puwclPQ05eny49uXS2qMR-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၂၆။

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ကန်တော်ကလေးကျေးရွာမှာ ဇန်နဝါရီ ၂၅ ရက်က စစ်ကောင်စီ လေကြောင်းနဲ့ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး Grade 3 ကျောင်းသူတစ်ဦးသေဆုံးခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

"ကလေးက အိမ်သာသွားတာ၊ လူကြီးတွေကအိမ်မှာမရှိချိန် ကလေးဆိုတော့ လေယာဉ် လာတာ၊ ဓာတ်မီးနဲ့ထိုးတယ်တဲ့၊ နာမည်က နန်းဝင်းဝါရွှေပါ၊ ကန်တော်ကလေးကျောင်းမှာ တက်နေတာပါ"ဆိုပြီး မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဒီနေ့ ဇန်နဝါရီ ၂၆ ရက်မှာလည်း စစ်တပ်ကလေကြာင်းနဲ့ ရမ်းပစ်နေတာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးပြီး တစ်မြို့လုံးပစ်ခတ်သံတွေ ဆူညံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဆီဆိုင်မြို့နယ်က ကျေးရွာ ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက်က ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့ အကြိမ် ၂၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)က အသိပေးထားပါတယ်။

 

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

 

ဆီဆိုင်မြို့ဒေသခံအများအပြားဟာ တောင်ကြီးမြို့ဘက်ကို ရှောင်ပြေးနေကြရပြီး ကျန်ခဲ့တဲ့ ပစ္စည်း ပြန်ယူမယ့်သူတွေကို မပြန်ကြဖို့ မြို့တွင်းပိတ်မိနေသူတွေက အသိပေးပါတယ်။

 

"မြကန်သာရပ်ကွက်က မီးသွေးကုန်းမှာ မီးလောင်နေတာ တစ်တန်းလုံး၊ လေယာဥ်တွေကလဲ မနက်ကတည်းက ဗုံးကြဲနေတယ်၊ ပစ္စည်းတွေကို ပြန်မယူကြသေးနဲ့ဦး၊ လမ်းတွေပိတ်ထားတာ၊ ရွာတွေထိ ဗုံးကျနေလို့ ပြေးစရာနေရာမရှိတော့ဘူး ပိတ်မိနေကြပြီ"လို့ မြို့ထဲမှာကျန်ခဲ့သူ တစ်ဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်အောက်ခံ PNO နဲ့ PNLA မဟာ မိတ်တပ်တွေက ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေကာ စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်နေတာကြောင့် တစ်မြို့လုံး နီးပါး ရှောင်ပြေးနေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်။

 

Burma Associated Press

ဆီဆိုင်မြို့
လေကြောင်းတိုက်ခိုက်မှု
ကျောင်းသား
သေဆုံးခဲ့

Share With
bap-logo