bap-logo
Politics

ဆီဆိုင်မြို့ပေါ် လေယာဉ််တွေ ဝဲနေလို့ ဈေးနှင့်ရုံးများ ပိတ်ကာ ရှောင်ပြေးဖို့ ပြင်ဆင်နေ

hbDqnPLp0bhrNSoC6Ktl0-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၂၄။

 

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ် လေယာဥ်တွေ ပျံဝဲနေတဲ့အတွက် စျေးတွေ၊ ရုံးတွေပိတ်ထားကြပြီး တစ်မြို့လုံး ရှောင်ပြေးဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဆီဆိုင်မြို့စျေးတွေ ပိတ်ထားကြရတဲ့အပြင် အနီးအနားက ဆိုက်ခေါင်မြို့စျေးပါ ပိတ်ထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

"တစ်မြို့လုံး တောင်ကြီးဖက် ပြေးကြမှာရော၊ ရှမ်းအရှေ့ပိုင်းဘက်ပြေးမှာရော၊ ပြင်ဆင်နေပြီ၊ ညက တည်းက စိုးတထိတ်ထိတ် ဖြစ်နေတာ၊ လေယာဥ်ဗုံး ကျဲမှာ စိုးရိမ်နေကြတယ်၊ လေယာဥ်က နိမ့်နိမ့်လေး ဝဲနေတာ"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

တိုက်ပွဲပြင်းထန်မယ့် အခြေနေတွေကြောင့် ဒေသခံတွေ အခြားမြို့ပေါ်ကို ရှောင်ပြေးဖို့ ပြင်ဆင်နေကြရလို့ အစိုးရုံးတွေ ပိတ်ထားကြတယ်ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

 

"ခုကစစ်တပ်ထဲက အချုပ်သားတွေ ရဲစခန်းကနေ ပြောင်းပို့ထားသူတွေကို ထမင်းပို့တာလက်မခံဘူး၊ ချဲရောင်းလို့ ဖမ်းခံထားရသူကိုတောင် သံခြေကျင်း ခတ်ထားတယ်၊ တခုခုဆို ဘယ်လိုလုပ်ရမလဲ မသိဘူး"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ အနီးက PNO ပြည်သူ့စစ်စခန်းကို PNLA နဲ့ မဟာမိတ် တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ဆီဆိုင်မြို့ကို PNLA နဲ့ မဟာမိတ် တပ်ဖွဲ့များက ဝင်သိမ်းမယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာလို့ သိရပါတယ်။

 

လက်နက်သယ်လာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တပ်နဲ့ တိုက်ပွဲဖြစ်တဲ့ နေရာအနီးကို လေတပ်က ဗုံးကြဲရာ ကရင်နီစစ်ရှောင်စခန်းကို ထိသွားပြီး နှစ်ဦးသေဆုံးခဲ့ပြီးနောက် အခြေနေတွေ ပြင်းထန် နေတာလို့ သိရပါတယ်။

 

ဆီဆိုင်မြို့နယ်မှာ ကယားပြည်နယ်ကနေ စစ်ရှောင်လာသူ သောင်းနီးပါး နေထိုင်နေကြတယ်လို့ သိရပါတယ်။

 

Burma Associated Press

ဆီဆိုင်မြို့
ရှမ်းပြည်တောင်ပိုင်း
လေကြောင်းတိုက်ခိုက်မှု
အရပ်သား
ဒုက္ခသည်

Share With
bap-logo