Politics
မြန်မာတွင် ဘုရားကျောင်း၊ ဝတ်ကျောင်း၊ ဘုန်းကြီးကျောင်းများ လေကြောင်းတိုက်ခိုက်မှု ပုံမှန် ပြုလုပ်ခံနေရ
လွန်ခဲ့သော တစ်နှစ် က
မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှု သက်သေအထောက်အထားများ စုဆောင်းနေသည့် သုတေသီများ၏ လေ့လာမှု တစ်ရပ်ကို အင်္ဂါနေ့က ထုတ်ပြန်ရာတွင် ဗုဒ္ဓဘာသာအများစု ကိုးကွယ်သည့် နိုင်ငံတွင်းမှ ခရစ်ယာန် အများစု ရှိသည့် ပြည်နယ်တွင် စစ်အုပ်ချုပ်ရေးမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် ဘုရားကျောင်းများ ပျက်စီးထိခိုက်နေကြောင်း သတင်းတင်ပြချက်များကို ထောက်ခံထားသည်။
သုတေသီများ စစ်ဆေးလေ့လာခဲ့သည့် နိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်မှ ဘုရားကျောင်းများကို တိုက်ခိုက်မှု ၁၀ ခုသည် စစ်ပွဲဒဏ်ခံနေရသည့် နိုင်ငံတစ်ဝှမ်းမှ ဘာသာရေးအသိုင်းအဝန်းများကို ကျယ်ပြန့်စွာ တိုက်ခိုက် နေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အခြားသော ဘာသာရေးနှင့် လူ့အခွင့်အရေးလုပ်သားများက ပြော သည်။
ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဗုဒ္ဓဘာသာ မြန်မာ လူများစုအသိုင်းအဝိုင်းမှ ခုခံတော်လှန် တိုက်ခိုက်ရေးသမားများသည် ကာလရှည်ကြာစွာ ဖိနှိပ်ခံခဲ့ရသည့် တိုင်းရင်းသားလူနည်းစုများနှင့် ချိတ်ဆက် ပူးပေါင်းခဲ့ကြသည်။ ၎င်းတိုင်းရင်းသား တို့အနက် အချို့မှာ အရေးပါ ပြီး ခရစ်ယာန်လူထုဖြစ်သည်။
ဘာသာရေးအဆောက်အအုံများကို နိုင်ငံတကာဥပဒေများအရ အထူးကာကွယ်ရမည့် အဆင့်အဖြစ် သတ်မှတ်ထားသည်
လုံခြုံရေးတပ်ဖွဲ့များသည် အရပ်သားများကို ဗုံးများဖြင့် သိမ်းကြုံး၍ မမျှမတ ပစ်မှတ်ထားခြင်း၊ စစ်ဆင်ရေး အတွင် ဖမ်းဆီးရမိလျှင် အစုအပြုံလိုက် သတ်ဖြတ်ခြင်း၊ အရပ်သားနေအိမ်များကို ပမာဏများပြားစွာ မီးရှို့ခြင်း စသည့် သက်သေခံအထောက်အထားများကို လူ့အခွင့်အရေးကိုယ်စား လှယ်အဖွဲ့များနှင့် ကုလသမဂ္ဂ စစ်ဆေးသူ များက တွေ့ရှိခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ၏ နိုင်ငံရေးအရ ဖမ်းဆီးမှုနှင့် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၄၄၁၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယူနိုက်တက်ကင်းဒမ်းအခြေစိုက် Information Resilience စင်တာမှ Myanmar Witness စီမံချက်က ပြုစုသည့် အင်္ဂါနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွင်း လများစွာ ချင်းပြည်နယ်မှ ဘုရားကျောင်းများကို ရုပ်ဝတ္ထုပိုင်းထိခိုက်မှုဖြစ်စေသည့် လေကြောင်းတိုက်ခိုက်ကြောင်း စွပ်စွဲမှု ငါးခုကို အတွင်းကျကျ လေ့လာ ဆန်းစစ်ထားသည်။ ၎င်းအစီရင်ခံစာတွင် လေကြောင်းတိုက်ခိုက်မှု ငါးခုလုံးကို အတည်ပြုနိုင်ကြောင်း အဆုံးသတ် ဖော်ပြထားသည်။
ဘာသာရေးအဆောက်အအုံများကို နိုင်ငံတကာဥပဒေများအရ အထူးကာကွယ်ရမည့် အဆင့်အဖြစ် သတ်မှတ်ထားသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ချင်းပြည်နယ်တစ်ခုတည်းတွင်ပင် စစ်တပ်က ဘုရားကျောင်း ၆၇ ခု၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ငါးခုအပါအဝင် ဘာသာရေးအဆောက်အအုံ ၁၀၇ ခု အနည်းဆုံး ဖျက်ဆီးခဲ့သည် ဟု ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းက ပြောသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်၏ ၂၀၂၃ ခုနှစ် ဧပြီလအထိ ထည့်သွင်းလေ့လာထားသည့် အစီရင်ခံစာတွင် တစ်နိုင်ငံလုံးအနေဖြင့် အဓိက ဗုဒ္ဓဘာသာနယ်မြေ ၉၄ ခု၊ ခရစ်ယာန်နယ်မြေ ၈၇ ဖျက်ဆီးခံခဲ့ရသည်ဟု ဖော်ပြထားသည်။
Myanmar Witness က ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် လူမှုမီဒီယာမှ မျက်မြင်သက်သေများထံမှ သက်သေ အထောက်အထားများကို ဂြိုဟ်တုဓာတ်ပုံ လေ့လာဆန်းစစ်ချက်များ၊ အခြား နည်းလမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လူ့အခွင့်အရေး ဖိနှိပ်ချိုးဖောက်မှုများကို အတည်ပြုရန် ကြိုးပမ်းခဲ့သည်။ အဆုံးသတ် ရည်ရွယ်ချက်မှာ “နိုင်ငံတကာယန္တရားထံသို့ ရက်စက်ယုတ်မာမှု ကျူးလွန်သူများ တာဝန်ခံစေရေး အထောက်အထားများ ပေးအပ်နိုင်ရန်”ဖြစ်သည်ဟု စီမံချက် ညွှန်ကြားရေးမှူး Matt Lawrence က ပြောသည်။
၎င်းတိုက်ခိုက်မှုများသည် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်း ဟုတ်၊ မဟုတ် အစီရင်ခံစာတွင် ဖော်ပြမထား သော်လည်း မြန်မာလေတပ်၏ “လေကြောင်းသာလွန်မှု ကြီးမားစိုးမိုးခြင်း” ကြောင့် အစိုးရက စီစဉ်ညွှန်ကြား ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရေးသားထားသည်။
ဘုရားကျောင်းနဲ့ တခြားဝတ်ပြုရာနေရာတွေကို ပစ်မှတ်ထားခြင်းအားဖြင့် ဒီလူမှုအသိုင်းအဝိုင်းတွေရဲ့ အမှတ်အသားတွေကို တိုက်ရိုက် တိုက်ခိုက်နေတာပဲ
လူ့အခွင့်အရေးလှုပ်ရှားသူ အများအပြားက ဘာသာရေးအဆောက်အအုံများကို စစ်တပ်က ရည်ရွယ်မှုရှိကြောင်း ယုံကြည်ကြသည်။
“ဘုရားကျောင်းတွေကို ဗုံးကြဲတာက ဘေးထွက်ထိခိုက်မှုဆိုတာထက် အများကြီး ပိုနေတယ်။” ဟု Christian Solidarity Worldwide လူ့အခွင့်အရေးအဖွဲ့အစည်းမှ ယခင် အရှေ့အာရှအဖွဲ့ခေါင်းဆောင်ဟောင်း၊ မြန်မာ အကြောင်း စာအုပ် သုံးအုပ် ရေးသားခဲ့သူ Benedict Rogers က အီးမေးလ် မေးမြန်းခန်းတစ်ခုတွင် ရေးသား ဖြေဆိုသည်။ “ဒီလို ပစ်မှတ်ထားတာက ရည်ရွယ်ချက်ရှိတဲ့ မဟာဗျူဟာတစ်ခုရဲ့ အစိတ်အပိုင်းပဲ။” ဟု ၎င်းက ပြောသည်။
မြန်မာစစ်အာဏာရှင်တို့သည် မြန်မာမဟုတ်သည့် တိုင်းရင်းသားများ၊ ဗုဒ္ဓဘာသာမဟုတ်သည့် လူနည်းစု ဘာသာများအပေါ် အမြင်ကျဉ်းမြောင်းကြောင်း ၎င်းက ပြောသည်။ ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရခိုင်ပြည်နယ် တွင် သောင်းကျန်းပုန်ကန်မှုတန်ပြန်စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး လူနည်းစု မူဆလင် ရိုဟင်ဂျာ ၇၄၀,၀၀၀ ခန့်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခဲ့သည်။
“ဘုရားကျောင်းနဲ့ တခြားဝတ်ပြုရာနေရာတွေကို ပစ်မှတ်ထားခြင်းအားဖြင့် ဒီလူမှုအသိုင်းအဝိုင်းတွေရဲ့ အမှတ်အသားတွေကို တိုက်ရိုက် တိုက်ခိုက်နေတာပဲ။” ဟု ၎င်းက ပြောသည်။
ဘုရားကျောင်းများနှင့် အခြားဝတ်ပြုရာ နေရာများမှာ တိုက်ပွဲများကြောင့် အရပ်သားများ ခိုလှုံရာရှာသည့် နေရာများအဖြစ် ပိုမိုအသုံးပြုကြသော်လည်း တိုင်းရင်းသားအတိုက်အခံအဖွဲ့များကို ပိုမိုသက်ညှာရာနေရာများ အဖြစ် သံသယထားခံရသည်ဟု ၎င်းက ပြောသည်။
အစီရင်ခံစာတွင် စစ်တပ်က မှတ်ချက် ချက်ခြင်းမပေးနိုင်ခဲ့သော်လည်း ယခင်ကမူ စစ်ပွဲ၏ တရားဝင် ပစ်မှတ် များကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ခုခံတော်လှန်ရေး တပ်ဖွဲ့များကို အကြမ်းဖက် သမားများအဖြစ် စွပ်စွဲခဲ့သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ Salai Mang Hre Lian က ယခင်အစိုးရသည်လည်း ဘာသာရေးဆိုင်ရာ လူနည်းစု များကို ခွဲခြားဆက်ဆံမှုများရှိခဲ့ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် “ခရစ်ယာန်လူနည်းစု အပေါ် တိုက်ခိုက်မှုများ၊ တိုက်ရိုက် ချိုးဖောက် ခွဲခြားဆက်ဆံမှုများမှာ ပိုမို သိသာထင်ရှားလာပြီး တိုးမြင့်လာ ကြောင်း” ပြောသည်။
“ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကိုလည်း ခုခံတော်လှန်ရေးအဖွဲ့တွေအတွက် ခိုလှုံရာနဲ့ အထောက်အပံ့ ပေးတယ်လို့ သံသယရှိရင် တိုက်ခိုက်ခံရတာပဲ။” ဟု ၎င်းက မှတ်ချက်ပြုသည်။
ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်မှုများသည် “နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများအရ အကာကွယ်ပြုလုပ်ထားသည့်နေရာများဖြစ်သည့်တိုင် စစ်အာဏာရှင်အုပ်စုမဟုတ်သူများကို ထောက်ခံလျှင် ပစ်မှတ်ဖြစ်လာလိမ့်မည်ဟု အရပ်သားအားလုံးကို ပြင်းပြင်းထန်ထန် အချက်ပြမှု ပေးနေခြင်း” ဖြစ်သည်ဟု Lian က ပြောသည်။
“ခရစ်ယာန်တွေပဲ မဟုတ်ပါဘူး။ ဘာသာရေး လူနည်းစုအားလုံးကို ဖိနှိပ်ညှဉ်းဆဲနေတာပါ။” ဟု ယခုအခါ ဩစတြေးလျတွင် နေထိုင်နေသည့် လူသိများသော ခရစ်ယာန်သင်းအုပ်ဆရာ Ngun Thawng Lian က ပြောသည်။
အစောပိုင်း ပြင်းထန်ရက်စက်သည့် တိုက်ပွဲများကြောင့် ၎င်း၏ ဇာတိ ထန်တလန်မြို့သည် စက်တင်ဘာလ ၂၀၂၁ ခုနှစ်တွင် ပြားပြားဝပ်လုနီး ပျက်ဆီးခဲ့သည်။ မြန်မာနိုင်ငံသား လေးဦးနှင့် ၎င်းသည် စစ်အာဏာရှင်တို့ကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၀၉ ခုနှစ် ဖိလစ်ပိုင် နိုင်ငံတကာစီရင်ပိုင်ခွင့်အရ ရာဇဝတ်မှုဖြင့် စွဲဆိုခဲ့သည်။
ဘုရားကျောင်းများကို တိုက်ခိုက်မှု ပြုလုပ်နေကြောင်း ခရစ်ယာန်လူသားချင်းစာနာမှု အထောက်အကူပြုအဖွဲ့ Free Burma Rangers က တင်ပြမခဲ့သည်။ ၎င်းအဖွဲ့သည် ကရင်နီပြည်နယ်ဟုလည်း သိရှိကြသည့် ကယား ပြည်နယ်နှင့် အခြားသော မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် ဆေးဘက်ဆိုင်ရာ အထောက်အကူများနှင့် ဧဝံဂေလိတရားဆိုင်ရာ လုပ်ဆောင်ချက်များ ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။
“အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ ဘုရားကျောင်းတွေ အများကြီး ဗုံးကြဲခံရ၊ ဖျက်ဆီးခံရတယ်။ ချင်းပြည်နယ်ပဲ မဟုတ်ပါဘူး။ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တွေမှာလည်း အတူတူပါပဲ။” ဟု ယခင် အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်း၊ အဖွဲ့တည်ထောင်သူနှင့် ညွှန်ကြားရေးမှူးဖြစ်သူ Dave Eubank က ပြောသည်။
ယှဉ်ပြိုင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဒီမောဆိုမြို့နယ်ဝန်းကျင်တွင် ဘုရားကျောင်းအများစု ဗုံးကြဲခံရပြီး လုံးဝပျက်စီး၊ ထိခိုက်ခဲ့သည်ဟု ပြောသည်။
“တိုက်ရိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း ၁၀ ခု ပျက်စီးတာ၊ အပေါက်ကြီးတွေ ဖြစ်နေတာ ကျွန်တော် မြင်ခဲ့ရပါတယ်။ ဒီမောဆိုရဲ့ အကြီးဆုံး ဘုရားကျောင်းတွေထဲက တစ်ခုဆိုရင် ၂၀၂၂ ခုနှစ်မှာ တိုက်ခိုက်ရေး ဟယ်လီကော်ပတာရဲ့ တိုက်ရိုက် ဒုံးကျည်နဲ့ စက်သေနတ်ကြီးတွေရဲ့ ပစ်ခတ်မှု ဘုရားကျောင်း ဦးချွန်ကို ထိမှန်ခဲ့ပါတယ်။”
ကိုးကား - AP
ပုံစာ - ဇန်နဝါရီလ ၈ ရက် ၂၀၂၄ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ်မြို့၊ ကနန်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် St. Peter Batist Church-Kanan ဘုရားကျောင်းမှ အပျက်အစီးများ။ (Photo:David Htan via AP)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၉ ရက် က