bap-logo
Politics

နှစ်သောင်းကျပ်တန်ငွေစက္ကူများအား NUG နှင့် ယင်းအားဆက်ခံသော အစိုးရများက အသိအမှတ် ပြုမည်မဟုတ်

pVmDhod8NrGeVgDzWx1ld-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၇။

စစ်ကောင်စီက ရိုက်နှိပ်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင် ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ယနေ့ကြေညာသည်။

 

ကျွန်ုပ်တို့နိုင်ငံသည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ယခင် မကြုံဖူး သည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက်စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်ဟု NUG ကဆိုသည်။

 

အဖက်ဖက်က အကြပ်တည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့ သက်ဆိုး ရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက် မပြတ်ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူ အမျိုးအစားသစ် စတင်ရိုက်ထုတ်ခြင်း အားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုအဖြစ် မှတ်ယူသည်ဟု NUG က ဆိုသည်။

 

တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ ယင်းအားဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းတခုခုက ဖြစ်စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသော လုပ်ရပ်ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟိုဘဏ်က နှစ်သောင်း ကျပ်တန် ငွေစက္ကူ အမျိုးအစား သစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

 

ပုံစာ - စစ်ကောင်စီက အသစ်ရိုက်ထုတ်မည့် နှစ်သောင်းတန် ငွေစက္ကူနမူနာ

 

Burma Associated Press

စစ်ကောင်စီ

Share With
bap-logo