bap-logo
Politics

ရှမ်း-ကယားနယ်စပ်ကို စက်သုံးဆီပေပါလိုက်ရောင်းလို့ ရောင်းချသူတွေ အဖမ်းခံနေရ

o8K4sytnjiFUc7DRoBybA-image

လွန်ခဲ့သော တစ်နှစ် က


ဒီဇင်ဘာ ၂၇။


ရှမ်း-ကယားနယ်စပ်ကို စက်သုံးဆီ ပေပါလိုက်ရောင်းချလို့ဆိုပြီး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာက စက်သုံးဆီရောင်းချသူတွေ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



ရှမ်း-ကယားနယ်စပ်က ရေဖြူရွာကို စက်သုံးဆီ ပေပါရောင်းလို့ဆိုပြီး ဆိုက်ခေါင်ကျေးရွာက ရောင်းချသူနှစ်ဦး ဒီရက်ပိုင်းအတွင်းဖမ်းဆီးခံခဲ့ရတယ်လို့ ဆီဆိုင်မြို့ဒေသခံတဦးက ပြောပါတယ်။



"
စက်သုံးဆီ ပေပါလိုက်ရောင်းလို့ဆိုပြီး ဆိုက်ခေါင်က တစ်ယောက်နဲ့ ရေဖြူရွာက တစ်ယောက်ကို ဖမ်းတယ်၊ ပြန်မလွှတ်ပေးသေးဘူး၊ ရောင်းတဲ့ဆိုင်တွေကလည်း ပုံးနဲ့ဆို မရောင်းပေးရဲဘူး၊ ကယားကိုပို့ဖို့ ပစ္စည်းတွေဖြစ်မှာ စိုးရိမ်လို့ လမ်းတလျောက်အရမ်းစစ်တယ်၊ ဆေးတွေ ဆန်တွေလည်း မတင်ရဘူး" လို့ ဆီဆိုင်မြို့နေသူတဦးက ပြောပါတယ်



ပြည်သူတွေစက်သုံးဆီ ပေပါလိုက်ရောင်းချရင် ဖမ်းဆီးစစ်ဆေးနေပေမယ့် ကယားမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေ အတွက် စက်သုံးဆီကားတွေကိုတော့ ရွာတွေဖက်ကနေ သယ်ယူမယ့် လမ်းတစ်လျောက် စစ်တပ်က လုံခြုံရေး ယူပေးနေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။



ဖမ်းဆီးခံရတဲ့ ရောင်းချသူနှစ်ဦးရဲ့နောက်ဆက်တွဲ သတင်းတွေမသိရသေးတာကြောင့် အခြားဆိုင် တွေလည်း စက်သုံးဆီကို ပုံးတွေနဲ့မရောင်းချရဲဘူးလို့ ဒေသခံအချို့ကပြောပါတယ်။



ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်တပ်တို့တိုက်ပွဲ ပြင်းထန်နေလို့ တောင်ကြီးကနေ ဆီဆိုင်မြို့ကို သွားတဲ့ကားတွေကို အစစ်အဆေး ကြမ်းနေပြီး၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ တင်ပို့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။



ကရင်နီပြည်မှာ လက်ရှိ စက်သုံးဆီ တစ်ဂါလံကို ကျပ်လေးသောင်းအထိ ပေါက်ဈေးရှိနေတယ်လို့ ကူညီနေသူတွေထံကနေ သိရပါတယ်။



"
ဆီဆိုင်တောင်ကြီး ကားလမ်းတလျောက် ပအိုဝ်းပြည်သူစစ်နဲ့ စစ်တပ်ပေါင်းပြီး လူတယောက် ချင်းဆီကို သေချာစစ်တယ်၊ ကိုယ်ပိုင်ကားတွေဆို ကားအတွင်း ထဲကပုံးတွေထဲကအစ စစ်ဆေးတာ၊ တခါတလေ ရဲတွေလဲပါတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။



ဆီဆိုင်မြို့မှာ စစ်ရှောင်ပြည်သူသောင်းနဲ့ချီရှိနေပြီး၊ စစ်ရှောင်စခန်းတွေကို လာရောက်ကူညီသူ တွေကို တင်းကြပ်မူရှိနေပြီး အလှူ ရှင်တွေက အမည်မဖော်ဘဲ လှူနေကြတယ်လို့ သိရပါတယ်။

 

Burma Associated Press

ရှမ်းပြည်နယ်မြောက်ပိုင်း
ဆီဆိုင်မြို့
ဓာတ်ဆီ

Share With
bap-logo