Politics
မြန်မာ့ပြည်တွင်းပဋိပက္ခ တရုတ်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာ
လွန်ခဲ့သော တစ်နှစ် က
မြန်မာစစ်အာဏာရှင်နှင့် တိုင်းရင်းသားတော်လှန်သူများအကြား ကြားဝင်ဖျန်ဖြေရေး တရုတ်နိုင်ငံ၏ လတ်တလော အားထုတ်မှုများသည် ကိုယ်ကျိုးစီးပွားအတွက်သာ အဓိက ဖြစ်ပြီး ပဋိပက္ခအတွက် သိသာ ထင်ရှားသော ထိရောက်မှု ရှိနိုင်မည်မဟုတ်ဟု ဒေသတွင်း ကျွမ်းကျင်သူများက ယုံကြည်ကြသည်။
စစ်တပ်နှင့် ညီနောင်သုံးဖွဲ့မဟာမိတ်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့က ကူမင်းတွင် ကျင်းပပေးခြင်းမှာ တရုတ်နိုင်ငံ၏ ရည်မှန်းချက် နှစ်ခုအတွက် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ တစ်ခုမှာ တရုတ်နိုင်ငံသားများကို ကျူးလွန်နေသည့် အွန်လိုင်းအလိမ်အညာလုပ်ရပ်များကို အမြစ် ဖြတ် ဖယ်ရှားရန်နှင့် အခြားရည်ရွယ်ချက်တစ်ခုမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တည်ငြိမ်စေရန် ဖြစ်သည်ဟု ဆိုသည်။
“စီးပွားရေးအကျိုးအမြတ် ဒါမှမဟုတ် နယ်စပ်ကုန်သွယ်ရေးကို သေချာပေါက် ထိခိုက်တယ်။” ဟု Stimson စင်တာ၏ တရုတ်ရေးရအစီအစဉ် ညွှန်ကြားရေးမှူး Yun Sun က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောသည်။
“ဒါပေမယ့် ဒါက အွန်လိုင်းအလိမ်အညာလုပ်ငန်းနှင့် ယှဉ်ရင် အဓိက မကျတဲ့ စဉ်းစားချက်ပါ။ ပြီးမြောက်သွားတာနဲ့တပြိုင်နက်၊ အပစ်ရပ်တာနဲ့တပြိုင်နက်၊ တည်ငြိမ်မှုက ပြန်ရလာမှာ ဖြစ်ပါတယ်။”
လက်နက်ကိုင်ပဋိပက္ခကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၀ သန်းအထိ နေ့စဉ် ဆုံးရှုံးရသည်ဟု မြန်မာပြည်တွင်းနိုင်ငံရေး အကဲဖြတ်လေ့လာသူ ဦးသန်းစိုးနိုင်က ဆိုသည်။ သို့သော် ၎င်းဆုံးရှုံးမှုက တရုတ်နိုင်ငံထက် မြန်မာနိုင်ငံအတွက် ပိုမိုထိခိုက်စေသည်ဟု ၎င်းက ပြောသည်။
“နယ်စပ်က စီးဆင်းတဲ့ကုန်ဆိုတာ တရုတ်ရဲ့ နိုင်ငံတကာ စီးပွားရေးဆက်ဆံမှုနဲ့ ယှဉ်ရင် အများကြီး မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံက ပိုပြီး ထိခိုက်ခံစားရပါတယ်။” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ၏ အဓိက စိုးရိမ်မှုမှာ စစ်ကောင်စီနှင့် တိုင်းရင်းသားတပ်ဖွဲ့များအကြား နယ်မြေထိန်းချုပ်မှုနှင့် သက်ဆိုင်သည့် အရေးမဟုတ်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ရှိ အွန်လိုင်း အလိမ်အညာ လုပ်ငန်းများကို ဖြိုခွင်းရေးသာဖြစ်ကြောင်း Yun Sun က ပြောသည်။
၎င်းအချက်မှာ တရုတ်နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်နေသည်။ စစ်အာဏာရှင် ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လှုပ်ရှားမှုသည် ၁၀၂၇ စစ်ဆင်ရေးအဖြစ် အဓိက ထိုးစစ်စတင်ချိန်မှ စတင်၍ အရှိန်အဟုန်ရနေပြီဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်းတွင် သိသာထင်ရှားသော နယ်မြေများ ထိန်းချုပ်နေနိုင် ပြီဖြစ်သည်။
အာဏာရှင်စစ်တပ်သည် ယခုအခါ ခံစစ်ပြုနေရပြီး အပစ်ရပ်ရေး အလေးသာနေသည်ဟု အကဲဖြတ်လေ့လာသူနှစ်ဦးလုံးက ယုံကြည်ကြသည်။ သို့သော် ဦးသန်းစိုးနိုင်က သူပုန်များသည် ထိုးစစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာ မည်ဟု ခန့်မှန်းထားသည်။
တရုတ်က မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအကြား ဘယ်သူနိုင်မလဲ ထိုင်ပြီး စောင့်ကြည့်နေလိမ့်မယ်။ တရုတ်အစိုးရက အာဏာရတဲ့သူကို ချဉ်းကပ်မှာပဲ။ သူက အုပ်ချုပ် နေတဲ့ အစုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ခါးပတ်နဲ့ လမ်းစီမံကိန်းအပါအဝင် သူ့စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်
“တရုတ်က မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအကြား ဘယ်သူနိုင်မလဲ ထိုင်ပြီး စောင့်ကြည့်နေလိမ့်မယ်။ တရုတ်အစိုးရက အာဏာရတဲ့သူကို ချဉ်းကပ်မှာပဲ။ သူက အုပ်ချုပ် နေတဲ့ အစုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ခါးပတ်နဲ့ လမ်းစီမံကိန်းအပါအဝင် သူ့စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်။” ဟု ၎င်းက ပြောသည်။
“ဥပမာတစ်ခု ပေးပါရစေ။ တရုတ်က ကျွဲနှစ်ကောင် ခတ်တာကို တောင်ပေါ်က ထိုင်ကြည့်နေတဲ့ ကျားတစ်ကောင်လိုပဲ။ သူက နိုင်တဲ့သူ ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်မှာပဲ။ ဒါပေမယ့် သူတို့ရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ နိုင်ငံတကာ သံတမန်အနေအထားအရ ဒီပဋိပက္ခမှာ တစ်ဘက်ဘက်က ဝင်ပါမှာ မဟုတ်ဘူး။ တရုတ်နိုင်ငံက အာဏာရတဲ့သူ ဘယ်သူနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်လိမ့်မယ်။ အာဏာ အပြောင်းအလဲ ရှိရင်တောင် တရုတ်ကတော့ အာဏာရလာတဲ့ အစုအဖွဲ့အသစ်နဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပဲ ဖြစ်တယ်။”
ဦးသန်းစိုးနိုင်က တရုတ်နိုင်ငံသည် မြန်မာ့အရေး ပြင်ပဝင်ရောက်စွက်ဖက်မှုများကို မလိုလားကြောင်းလည်း ထောက်ပြသည်။
“ဒီအရေးမှာ အနောက်နိုင်ငံ ဒီမိုကရေစီအင်အားစုတွေ ပါဝင်လာမှာကို တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ ကာကွယ်သွားလိမ့်မယ်လို့ ကျွန်တော်တော့ ယုံတယ်ဗျ။” ဟု ၎င်းက ပြောသည်။
ကိုးကား - VOA
ပုံစာ - နိုဝင်ဘာလ ၂၄ ရက် ၂၀၂၃ ခုနှစ် ကိုးကန့်အွန်လိုင်းမီဒီယာမှ ရရှိသည့် ဓာတ်ပုံတွင် ညီနောင် မဟာမိတ်သုံးဖွဲ့မှ အဖွဲ့ဝင်များ မြန်မာစစ်တပ်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များကို စစ်ဆေးနေစဉ်။ (Photo: The Kokang online media via AP, File)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က