bap-logo
Politics

ရွှေဗျိုင်းဖြူနှင့် ကြယ်ငါးပွင့် သင်္ဘောလိုင်းတို့ကို အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုများ ချမှတ်

lTylTV8pazT9KSJJOGS9K-image

လွန်ခဲ့သော တစ်နှစ် က

 

မြန်မာနိုင်ငံ အာဏာသိမ်းမှု သုံးနှစ်မြောက်နေ့တွင် စစ်အာဏာရှင်နှင့် ဆက်စပ်နေသည့် အစုအဖွဲ့သုံးခုနှင့် လူပုဂ္ဂိုလ်အချို့အပေါ် အမေရိကန်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ဒဏ်ခတ်အရေးယူမှုများ ထပ်မံ ချမှတ်လိုက်သည်။

 

ဗုဒ္ဓဟူးနေ့ ကန့်သတ်အရေးယူမှုတွင် စစ်အာဏာရှင်တို့ ပစ်မှတ်ထားလေ့ရှိသည့် အရပ်သားများကို လေကြောင်းမှ ဗုံးကြဲမှုများတွင် အသုံးပြုသည့် လောင်စာဆီနှင့် စစ်တပ်၏ လက်နက်ထုတ်လုပ်နိုင်ရေးကို ရည်ရွယ်ခြင်းဖြစ်သည်။

 

အမေရိကန်ဘဏ္ဍာရေးဌာနက ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စု၊ ၎င်းကုမ္ပဏီအုပ်စု၏ ပိုင်ရှင် သိန်းဝင်းဇော်၊ ၎င်း၏ ဇနီးနှင့် အရွယ်ရောက် သားသမီးနှစ်ဦးတို့ကို ပစ်မှတ်ထားကြောင်း ထုတ်ပြန်သည်။

 

၎င်းကုမ္ပဏီသည် စစ်တပ်အတွက် လောင်စာတင်သွင်းမှုနှင့် ဖြန့်ချိမှု ပြုလုပ်ပေးနေပြီး စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(Myanmar Economic Holdings Ltd, MEHL) လုပ်ငန်းစုနှင့် အကျိုးအမြတ်ခွဲဝေရှိသည့် ဆက်ဆံရေးရှိသည်ဟု ၎င်းဌာနက ဆိုသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို အမေရိကန်အစိုးရက ၂၀၂၁ ခုနှစ်ကပင် ဒဏ်ခတ်အရေးယူမှု ချမှတ်ထားသည်။

 

အမေရိကန်အစိုးရက MEHL ပိုင် သင်္ဘောလိုင်းဖြစ်သော မြန်မာ ကြယ်ငါးပွင့်လိုင်းကိုလည်း စစ်တပ်အတွက် ပြည်တွင်းတွင် လက်နက်များ ထုတ်လုပ်ရန် ပစ္စည်းများ တင်သွင်းပေးသည်ဟုဆိုကာ ပစ်မှတ်ထား အရေးယူလိုက်သည်။

 

အစုအဖွဲ့နှစ်ခုသည် နိုင်ငံခြားငွေ ဝယ်ယူခွင့် ရရှိထားပြီး စစ်တပ်ကိုယ်စား လောင်စာနှင့် အခြားပစ္စည်းများ တင်သွင်းပေးနေကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ပြောသည်။

 

အရပ်သားများအပေါ် စစ်တပ်၏ လုပ်ရပ်များကို ထောက်ပံ့ပေးနေသည့် စစ်အာဏာရှင်၏ ဝင်ငွေရလမ်းကို ပစ်မှတ်ထားသည့်အနေဖြင့် ဤအရေးယူမှုကို ကျွန်ုပ်တို့ ချမှတ်လိုက်သည်။ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က ထုတ်ပြန်လိုက်ပြီး အမေရိကန်အစိုးရ၏ စစ်တပ်ကို လမ်းကြောင်းပြောင်းစေရေး တောင်းဆိုမှုကိုလည်း ထပ်မံ တောင်းဆိုလိုက်သည်။

 

ဒဏ်ခတ်အ‌ရေးယူမှုများသည် ပစ်မှတ်ထားသူများ၏ အမေရိကန်နိုင်ငံမှ ပိုင်ဆိုင်မှုမှန်သမျှ တားမြစ်ပိတ်ပင်ခြင်းနှင့် ၎င်းတို့နှင့် ဆက်သွယ်လုပ်ကိုင်ခြင်းများကို တားမြစ်လိုက်ခြင်းဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုနှင့် အခြား မဟာမိတ်များ၊ မိတ်ဖက်များက မြန်မာပြည်သူများကို အကြမ်းဖက်ဖိနှိပ်မှုမှ အကျိုးအမြတ်ရယူသူများ၊ ထောက်ခံအားပေးသူများကို တာဝန်ယူမှုရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်။ဘဏ္ဍာရေးဌာန၊ အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်၏ လက်ထောက်အတွင်းဝန် Brian Nelson က ထုတ်ပြန်ချက်တွင် ပြောသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၂၁ ခုနှစ် ရန်ကုန်မြို့ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအနီးမှ စစ်သားများ။ (Photo: REUTERS/Stringer)

 

Burma Associated Press

မြန်မာ့စီးပွားရေးဦးပိုင်
မြန်မာကြယ်ငါးပွင့်
ရွှေဗျိုင်းဖြူအုပ်စု
အမေရိကန်
ပိတ်ဆို့အရေးယူမှု

Share With
bap-logo