Politics
အိုးဖိုထောင်မှ နိုင်ကျဥ်းတစ်ဦး ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သေဆုံး
လွန်ခဲ့သော တစ်နှစ် က
ဖေဖော်ဝါရီ ၇။
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရခဲ့လို့ ဖေဖော်ဝါရီ ၄ ရက်က ကျောက်ကပ်ရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ အသက် ၃၅ နှစ် အရွယ် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးဖြစ်ပြီး၊ ပုဒ်မ ၅၀၅(က)နှစ်မှုနဲ့ ၂၀၂၁ ခုနှစ် မတ်လအတွင်း တရားရုံးက ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရသူဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက်(PPNM)က ဒီနေ့ အသိပေးပါတယ်။
"မသေဆုံးမီ အချိန်များအတွင်းမှာလည်း ကာယကံရှင်ဖြစ်သူ မယဉ်မိုးအနေဖြင့် မကြာခဏ ထောင်အာဏာပိုင်များကို ၎င်းအား ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသပေးရန် တောင်းဆိုမှုကြောင့် ထောင်အာဏာပိုင်များအနေဖြင့် ပြင်ပဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရသော်လည်း လုံခြုံရေး မပေးနိုင်သည့်အတွက်ကြောင့်ဟုဆိုကာ ပြင်ပဆေးရုံကြာရှည်စွာ ဆေးဝါးကုသခွင့်မပေးဘဲ ကုသမှုခံယူနေရစဉ်အတွင်းပင် မန္တလေးဆေးရုံကြီးမှ အိုးဘိုအကျဉ်း ထောင် သို့ ၆ ကြိမ်တိုင်တိုင် ပြန်လည်ခေါ်ယူမှုများရှိခဲ့တယ် " လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက်(PPNM)ရဲ့ ဒေတာကောက်ယူထားမှုအရ အသိပေးထားပါတယ်။
ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း သေဆုံးသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၅ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။
မယဉ်မိုးဟာ အမိန့်ချခံရပြီးနောက် အိုးဘိုအကျဥ်းထောင်ကနေ မြင်းခြံအကျဥ်းထောင်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ထောင်ပြောင်းရွေ့ခံခဲ့ရပြီး မြင်းခြံထောင်တွင်းမှာ ကျန်းမာရေးမကောင်းတဲ့အတွက် မန္တလေးအိုးဘိုအကျဉ်း ထောင်ကို ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။
"ဘယ်ထောင်မှာကျကျ ဆေးဝါးမလုံလောက်တဲ့အပြင် ဒိတ်လွန်မှိုတက်တွေနဲ့ပဲ သောက်ခဲ့ရတာ၊ ပါရာစီတမောတောင် လုံလောက်အောင်ရှိတာမဟုတ်ဘူး၊ နှစ်ရှည်ကျနေတဲ့ နာတာရှည်သမားတွေ အတွက်ကတော့ တခုခုဖြစ်ရင် အသက်ရှင်ရက် ပြန်ထွက်လာဖို့ဆိုတာမလွယ်ဘူး၊ ကျောက်ကပ်သမား ဆေးပုံမှန်သောက်ရသလို အချိန် မှန်ဆေးမှ ရတာလေ "လို့ ထောင်ကနေ ပြန်လွတ်လာသူ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။
သေဆုံးသူ မယဥ်မိုးဟာ ဇန်နဝါရီလတစ်လအတွင်း နှစ်ကြိမ်တိုင်တိုင် ထောင်ဆေးရုံနဲ့ မန္တလေးဆေးရုံကြီးနှစ်ခုအတွင်း ကျောက်ကပ်ရောဂါ မသက်သာတဲ့ကြားကနေ ကူးပြောင်းမှုများကို မကြာခဏ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက်မှာ မယဉ်မိုးဟာ အကျဉ်းထောင်အတွင်း ပြန်လည်ခေါ်ဆောင်ခြင်းခံခဲ့ရပြီး နောက်ရက်များမှာရောဂါမသက်သာတဲ့အတွက် အကျဉ်းထောင်ကနေ ပြင်ပဆေးရုံကို ထပ်မံပို့ဆောင်ခဲ့ပြီး ၅ ရက်အကြာမှာအကျဥ်းထောင်ကို ပြန်လည်သယ်ဆောင်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
မယဉ်မိုး အကျဉ်းထောင်အတွင်း ကျောက်ကပ်ရောဂါရှိနေကြောင်းကို အချိန်မီ မသိရှိရခြင်းနဲ့ ရောဂါဖြစ်နေစဉ်အတွင်း အကျဉ်းထောင်တွင်း ဆေးဝါးကုသစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်း၊ ပြင်ပဆေးရုံကို ပို့ဆောင်ပေးခဲ့မှုများ ရှိခဲ့တယ်လို့ဆိုပေမယ့် အကျဉ်းဦးစီးဌာနက လုံခြုံရေးမပေးနိုင်လို့ အကြောင်းပြကာ ပြင်ပဆေးရုံမှာ အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့(PPNM)မက အသိပေးပါတယ်။
ဓာတ်ပုံ-PPNM
Related Articles
- မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ကုလလုံခြုံရေးကောင်စီဝင် ၉ နိုင်ငံ တိုက်တွန်း
- NLD နာယက သူရဦးတင်ဦး ဆေးရုံတက်နေရ
- ထောက်ပံ့ကူညီရေး အားထုတ်မှုက မြန်မာအကျပ် အတည်းကို ဆွေးနွေးပြောဆိုမှုဆီသို့ ဦးတည်စေမည်ဟု ထိုင်းနိုင်ငံက ယုံကြည်
- စစ်ကောင်စီနဲ့ ပြည်သူ့စစ်က အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၇ ရက် က