Politics
မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ကုလလုံခြုံရေးကောင်စီဝင် ၉ နိုင်ငံ တိုက်တွန်း
လွန်ခဲ့သော တစ်နှစ် က
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် "မဆင်မခြင်” လေကြောင်းတိုက်ခိုက်မှုများအပေါ်ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ကိုးနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်သည်။ အထူးကိုယ်စားလှယ်တစ်ဦးက လုံခြုံရေးကောင်စီကို ရှင်းလင်းတင်ပြမှု မပြုမီ ၎င်းပြစ်တင်ရှုတ်ချမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း ကြိုးပမ်းအားထုတ်မှုအဖြစ် ဧပြီလ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ပါဝင်သူများ ဆွေးနွေးရန်၊ အာဆီယံနိုင်ငံများမှ အထူးကိုယ်စားလှယ်တစ်ဦး ကြာဝင်ဆောင်ရွက်ရန်၊ အာဆီယံလမ်းကြောင်းများဖြင့် လူသားချင်းစားနာမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန်၊ သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံရန် အထူးကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်ရန်တို့ ပါဝင်သော စီမံကိန်းမှာ ထိရောက်မှု မရှိခဲ့ပေ။
ယခုနှစ် အာဆီယံဥက္ကဌဖြစ်သော လာအိုနိုင်ငံမှ ဝါရင့်သံတမန်၊ ယခင်ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဟောင်း Alounkeo Kittikhoun အာဆီယံကိုယ်စား လုံခြုံရေးကောင်စီနှင့် တံခါးပိတ် ဆွေးနွေးမှုတစ်ခုတွင် ရှင်းလင်းဖော်ထုတ်မှု ပြုလုပ်ခဲ့သည်။ Kittikhoun သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံ၏"သဘောတူညီချက် ငါးရပ်” အစီအစဉ်ကို "အသံတိတ်သံတမန်ရေး" အရ အကောင်အထည်ဖော်နေကြောင်း ပြောခဲ့သည်ဟု အစည်းအဝေးနှင့် ရင်းနှီးသူ ကောင်စီသံတမန်တစ်ဦးက ပြောသည်။ အစည်းအဝေးကို သီးသန့်ကျင်းပသည့်အတွက် ၎င်းသံတမန်က အမည်မဖော်ပြဘဲ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာ စစ်ခေါင်းဆောင်များက ၎င်းအစီအစဉ်ကို လျစ်လျူရှုခဲ့ပြီး မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများမှာ လျင်မြန်သော နှုန်းဖြင့် ကြီးထွားလာနေခဲ့သည်။
ကောင်စီအစည်းအဝေးမတိုင်မီတွင် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် Barbara Woodward က ထုတ်ပြန်ချက်တစ်စောင် သတင်းထောက်များကို ဖတ်ကြားခြင်း ပြုလုပ်ခဲ့ပြီး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ကိုးနိုင်ငံက အတူ ရပ်တည်ထောက်ခံပေးခဲ့ကြသည်။ ၎င်းထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်ကို အာဆီယံ၏တိုက်တွန်းချက်ဖြစ်သော "အထူးသဖြင့် အရပ်သားများနှင့် အရပ်ဘက်အဆောက်အအုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန်” ဆိုသည့်အချက်ကို ထပ်မံထင်ဟပ်ခဲ့ခြင်ဖြစ်သည်။
ကောင်စီအဖွဲ့ဝင် ကိုးနိုင်ငံဖြစ်သည့် အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လ်တာ၊ တောင်ကိုးရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်နိုင်ငံတို့က စစ်တပ်အာဏာသိမ်းပြီးနောက် လူပေါင်း ၁၈ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း၊ ၂.၆ သန်း နေရပ်စွန့်ခွာခဲ့ရကြောင်း ပြောသည်။
၎င်းတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ရခိုင်ပြည်နယ်မှ အခြေအနေများကိုလည်း ပိုမိုစိုးရိမ်လာကြောင်း ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် မြန်မာနယ်ခြားစောင့်ရဲ ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတင်း ထွက်ပြေးဝင်ရောက်လာသည်ဟု ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။
ကောင်စီအဖွဲ့ဝင် ကိုးနိုင်ငံက ဆယ်စုနှစ်များစွာ စနစ်တကျ ခွဲခြားဆက်ဆံမှု ခံခဲ့ရပြီး ယခုအခါ လွတ်လပ်စွာ သွားလာခွင့် ပိုမို ကန့်သတ်ခံနေရရုံသာမက ဆေးဝါးနှင့် ဆေးကုသခွင့် ငြင်းပယ်ခံနေရသည့် မြန်မာနိုင်ငံအတွင်းတွင် ရှိနေသေးသော ရိုဟင်ဂျာများအတွက် စိုးရိမ်မှု တိုးပွားလာကြောင်းလည်း ဖော်ပြခဲ့သည်။ ၎င်းတို့က ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် မြန်မာ့အရေး လုံခြုံရေးကောင်စီ၏ ပထမဆုံး ဆုံးဖြတ်ကို အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြသည်။ ၎င်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် "တရားလက်လွတ် ဖမ်းဆီးခံထားရသည့်” အကျဉ်းသားများ အားလုံး ချက်ချင်းပြန်လွှတ်ရန်တို့ ပါဝင်သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီက ပိုမိုအားကောင်းပြီး ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်ရေးအတွက် တနင်္လာနေ့တွင် တိုက်တွန်းခဲ့ပြီး "ဒီမိုကရေစီအင်အားစုတွေက မြေပြင်သိမ်းပိုက်မှုတွေ ရရှိလာပြီဖြစ်ပြီး စစ်အာဏာရှင်ကတော့ နေ့စဉ်ဆုံးရှုံးနေသည်"ဟု ပြောသည်။
ပါဝင်သူအားလုံး၏ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ရေး၊ ဥပဒေစိုးမိုးမှု၊ မြန်မာပြည်သူများ၏ "ဒီမိုကရေစီ ဆန္ဒနှင့် အကျိုးစီးပွား” တို့ကို လေးစားရန် ဆုံးဖြတ်ချက်မှာ တိုးတက်မှု အားနည်းသည့်အတွက် နက်ရှိုင်းစွာ စိုးရိမ်နေကြောင်း အဖွဲ့ဝင်ကိုးနိုင်ငံက ပြောသည်။
စိုးရိမ်မှုများ ကျယ်ပြန့်နေသော်လည်း တနင်္လာနေ့ အစည်းအဝေးတွင် တညီတညွတ်တည်း မရှိကြောင်း ကောင်စီမှ သံတမန်က ပြောသည်။
မြန်မာနိုင်ငံကို ဂျက်လေယာဉ်လောင်စာဆီများ ရရှိနေခြင်းမှ တားဆီးနိုင်သည့် အားကောင်းသော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်ရန် အမေရိကန်နိုင်ငံ တွန်းအားပေးခဲ့သည်ဟု ၎င်းသံတမန်က ပြောသည်။
အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံအတွက် လေယာဉ်ဆီများရရှိမှုကို ကန့်သတ်အရေးယူမှုများ ၂၀၂၃ ခုနှစ်တွင် ချမှတ်ခဲ့သော်လည်း မြန်မာစစ်တပ်က ကန့်သတ်အရေးယူမှုများ ရှောင်လွှဲရန် နည်းလမ်းသစ်များ အသုံးပြုနေကြောင်း Amnesty International က ဇန်နဝါရီလ ၃၁ ရက်တွင် ဖော်ထုတ်တင်ပြခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်သည် လေကြောင်းတိုက်ခိုက်မှု အဆိုးရွားဆုံးနှစ်ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့က ပြောသည်။ မြန်မာသို့ လေယာဉ်ဆီ သယ်ယူပို့ဆောင်မှု အနည်းဆုံး ၇ ခုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဗီယက်နမ်မှ သိုလှောင်ရုံများနှင့် တိုက်ရိုက် ချိတ်ဆက်နေသည်ဟု ဖော်ပြထားသည်။
ကောင်စီသံတမန်၏ အဆိုအရ မြန်မာနှင့် အနီးကပ်ပူးပေါင်းနေသော တရုတ်နိုင်ငံသည် အာဆီယံ၏ အားထုတ်မှုကို အချိန်နှင့် နေရာပေးရန် လိုအပ်ကြောင်း အလေးပေးပြောခဲ့သည်ဟု ဆိုသည်။ အခြား မြန်မာနှင့် ချိတ်ဆက်နေသော ရုရှားနိုင်ငံကမူ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကောင်စီက ဝင်ရောက် မစွက်ဖက်သင့်ကြောင်း ထပ်မံ ပြောဆိုခဲ့သည်။
ကိုးကား - AP
ပုံစာ - အောက်တိုဘာ ၁၀ ရက် ၂၀၂၃ ခုနှစ် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော လိုင်ဇာ၊ မုန်လိုင်ခက် နေရပ်စွန့်ခွာသူများစခန်းရှိ အိမ်များအနီးမှ လူတစ်ဦး။ (Photo:AP Photo, File)
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၇ ရက် က