bap-logo
Politics

ထောက်ပံ့ကူညီရေး အားထုတ်မှုက မြန်မာအကျပ် အတည်းကို ဆွေးနွေးပြောဆိုမှုဆီသို့ ဦးတည်စေမည်ဟု ထိုင်းနိုင်ငံက ယုံကြည်

suxKw-yxhz4vvZepSioRU-image

လွန်ခဲ့သော တစ်နှစ် က

 

ထိုင်းနိုင်ငံက ဦးဆောင်မည့် လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်သစ်တစ်ခုက စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ဆွေးနွေးပြောဆိုရေးဆီသို့ လမ်းခင်းပေးရန် ရည်ရွယ်သည်ဟု အကြီးတန်း ထိုင်းအရာရှိတစ်ဦးက ပြောသည်။

 

ဒေသခံအသိုင်းအဝိုင်းများနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူ ၂၀၀၀၀ ကို အစားအသောက်များနှင့် ဆေးဝါးအထောက်အပံ့များ ပေးဝေရန် ထိုင်းနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းသည့်နယ်မြေတစ်ခု မြန်မာနယ်စပ် မဲဆောက်-မြဝတီ နယ်စပ်ဖြတ်ကျော်ရာနေရာတွင် ယခုလကုန်ပိုင်း၌ တည်ထောင်သွားရန် စီစဉ်ထားသည်ဟု ထိုင်းနိုင်ငံ၏ ဒုနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောသည်။

 

Sihasak က ၎င်းအစီအစဉ်သည် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ၏ အားထုတ်ကြိုးပမ်းမှုတိုးမြှင့်လာစေရန် ဖြစ်သည်ဟု ပြောသည်။ အာဆီယံသည် စစ်တပ်နှင့် တိုင်းရင်းသားလူနည်းစုလက်နက်ကိုင်များ လက်နက် ကိုင်ခုခံတော်လှန်ရေးလှုပ်ရှားမှုများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်ရန် လုပ်ဆောင်မှုများ မအောင်မြင်ခဲ့ပေ။

 

အဆုံးသတ်ရည်ရွယ်ချက်မှာ ပဋိပက္ခများ ထိန်းချုပ်နိုင်စေရန်နှင့် ဆွေးနွေးရေးလမ်းကြောင်းများ ပွင့်လာစေရန် ဖြစ်သည်။

 

မြန်မာနိုင်ငံ ဆက်လက်မတည်မငြိမ်ဖြစ်နေတာကို ကျွန်တော်တို့ မမြင်လိုတော့ပါဘူး။ဟု ၎င်းက ပြောပြီး လုပ်ငန်းစဉ်များသည် "ထိရောက်၊ ယုံကြည်မှုရှိပြီး ပွင့်လင်းမြင်သာရမည်ဟုလည်း ပြောသည်။

 

၎င်းအစီအစဉ်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတို့၏ ပြီးခဲ့သည့်အပတ်အတွင်း ထောက်ခံအတည်ပြုမှု ရရှိခဲ့ပြီး ထိုင်းနှင့် မြန်မာ ကြက်ခြေနီတို့က အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အဖွဲ့၏ စောင့်ကြည့်လေ့လာမှုဖြင့် ကူညီမှုများ ပေးအပ်မည်ဖြစ်သည်။

 

ထိုင်းနိုင်ငံဦးဆောင်သည့် အစီအစဉ်သည် စစ်အာဏာရှင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒီမိုကရေစီလိုလားထောက်ခံသူ တပ်ဖွဲ့များနှင့် မဟာမိတ်ပြုထားသည့် အမျိုးသားညီညွတ်ရေးအစိုးရတို့ပါဝင်သည့် ဆွေးနွေးပွဲများဆီသို့ ဦးဆောင်သွားနိုင်သည်ဟု Sihasak က ပြောသည်။

 

စစ်အုပ်ချုပ်ရေးဘက်မှ အဆိုပါ ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူထားခြင်း ရှိ၊ မရှိ ၎င်းက မပြောပေ။

 

စစ်အုပ်ချုပ်ရေးဘက်မှ ပြောခွင့်ရသူက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း အကြောင်းမပြန်ခဲ့ပါ။

 

အချို့သော ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေ အနည်းဆုံး နှစ်လယ်ပိုင်းလောက်မှာ စတင်နိုင်ပါတယ်။ဟု Sihasak က ပြောသော်လည်း အသေးစိတ်ကို မပြောပေ။

 

ထိုင်းနိုင်ငံသည် အိန္ဒိယနှင့် တရုတ်တို့အပါအဝင် အခြားသော နိုင်ငံတကာ အိမ်နီးချင်း မိတ်ဖက်နိုင်ငံများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့သည်ဟု ၎င်းက ပြောသည်။

 

ဒါက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာကို ပြန်လည်ထိတွေ့ဖို့၊ အပြုသဘောဆောင် ထိတွေ့ဆက်ဆံဖို့ လမ်းခင်းပေးတာပါ။ဟု ၎င်းက ပြောသည်။

 

ဒါဟာ ဆွေးနွေးရေး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးရေး စတင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။

 

ကိုးကား - Reuters

 

ပုံစာ - ၂၀၁၄ ခုနှစ် ဩဂုတ်လ ၀၈ ရက် အာဆီယံ အစိုးရများအကြား လူ့အခွင့်အရေး ကော်မရှင် ဆွေးနွေးပွဲသို့ တက်ရောက်လာသော Sihasak Phuangketkeow (Photo:REUTERS/File photo)

 

Burma Associated Press

မြန်မာ
နိုင်ငံရေး
ထိုင်း

Share With
bap-logo