Politics
စစ်ကောင်စီတပ်စွဲထားတဲ့ ဆိုက်ခေါင်ဈေးမှာ မြို့ပြင်ပမှ လာရောက်ဈေးရောင်းချမှုပိတ်ပင်
လွန်ခဲ့သော တစ်နှစ် က
ရှမ်း၊ မတ် ၇။
စစ်ကောင်စီတပ်တွေနဲ့ ပအိုဝ်းပြည်သူစစ်တွေတပ်စွဲထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင် စံပြကျေးရွာရဲ့စျေးမှာ အနီးနားကမြို့တွေကနေ လာရောက်ရောက်ချသူတွေကို ရောင်းချခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
"ဆိုက်ခေါင်ကလူတွေပဲ စျေးရောင်းရမယ်တဲ့၊ ပျံကျခင်းရောင်းတဲ့စျေးခုံတွေကအစ စျေးလူကြီးတွေက သိမ်းခိုင်းတယ်၊ ဒီနေ့ နေ့လယ် ၁၂ နာရီကတည်းက ပိတ်ခိုင်းတာ" လို့ စျေးအတွင်းရောင်းချနေသူ တဦးက ပြောပါတယ်။
စျေးအတွင်း ရောင်းချနေသူတွေထဲက အချို့ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာသက်တမ်း ရောင်းချနေသူတွေဖြစ်ပြီး အနီးအနား ဆီဆိုင်မြို့ကနေ လာသူတွေလို့ ဒေသခံတွေက ပြောပါတယ်။
ဆိုက်ခေါင်မြို့နယ်ဟာ စစ်ကောင်စီနဲ့ ဆက်ဆံကောင်းတဲ့ ပအိုဝ်းပြည်သူ့စစ်တွေ ကြီးစိုးတဲ့နေရာဖြစ်ပြီး အဲဒီနေရာကနေ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့အတွင်းကို လက်နက်ကြီးတွေ ဒရုန်းတွေ အသုံးပြုပြီး တနေကုန် ပစ်ခတ်တိုက်ခိုက်နေတာလည်းရှိပါတယ်။
"၅ ရက်တစျေးဖွင့်တဲ့ ခေတ်ကတည်းက ရောင်းချနေသူတွေ စျေးပတ်ရောင်းသူတွေခက်ခဲသွားပြီပေါ့၊ နောင်မွန်မှာနေပြီး နေ့စဥ်လာရောင်းသူတွေလည်း ပေးမရောင်းတော့ အကုန်လုံး ဒုက္ခ ရောက်ရပြီ" လို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ဆီဆိုင်မြို့ကို ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ပြီးခဲ့တဲ့လက ဆီဆိုင်မြို့မစျေးမီးလောင်ခဲ့ပြီး ဆိုင်ခန်းအားလုံးနီးပါး မီးလောင် ပျက်စီးခဲ့ပါတယ်။
ဒါကြောင့်ဆီဆိုင်မြို့စျေးအတွင်း စျေးရောင်းချသူတွေဟာ နီးစပ်ရွာရွာတွေမှာ နေထိုင်ပြီး ဆိုက်ခေါင်စျေးထဲမှာ ဆိုင်ခန်းတွေငှားရမ်းကာ ရောင်းချဖို့ ဖြစ်လာခဲ့တာပါ။
အခုလို ပြင်ပကနေလာရောက် ရောင်းချခွင့်ပိတ်လိုက်တာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဈေးရောင်းချ သူတွေက ပြောပါတယ်။
"ဆီဆိုင်မြို့ကလူတွေ ဒုက္ခရောက်အောင်သက်သက်လုပ်တာ၊ ဆီဆိုင်တမြို့လုံးလည်း သူတို့ဖျက်တာပျက်စီးပြီ၊ အခုအနီးနားရွာက သူတွေပါပိတ်ပင်လိုက်တော့ ဘာလုပ်စားကြရတော့မလဲ"လို့စျေးရောင်းသူတဦးက ပြောပါတယ်။
ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားပြီး စစ်တပ် နဲ့ ပအိုဝ်းပြည်သူ့စစ်- PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။
Burma Associated Press
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က