bap-logo
Politics

ဝိုင်းဝန်းပိတ်ဆို့ထားသည့် ကျိုက်ဒုံဗျူဟာသို့ စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် ထောက်ပို့နေ

_u5M01srYXBi22brrJ9zT-image

လွန်ခဲ့သော တစ်နှစ် က

ကရင်၊ မတ် ၄။

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ဒုံမြို့နယ်ရှိ စစ်​ကောင်စီဗျူဟာကုန်းကို ​တော်လှန်​ရေးပူး​ပေါင်းအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားသည့်အတွက် စစ်​ကောင်စီက ရဟတ်ယာဥ်ဖြင့် ​ထောက်ပို့လုပ်​ဆောင်​နေ​ကြောင်း သိရသည်။

 

"မြို့ထဲရုံး​တွေ​တော့ ဘာမှ မရှိ​တော့ဘူး၊ ဗျူဟာကျန်တယ်၊ ဒီဘက်က သူတို့ (စစ်​ကောင်စီ) လမ်း​ကြောင်း​တွေအကုန် ပိတ်ထားတယ်၊ ​ရေဖြတ်ထားတယ်၊ အ​ပေါ်မှာ စုထားတဲ့​ရေ​တော့ ကျန်နိုင်တယ်၊ ဒီဘက် ​တော်လှန်​ရေး အဖွဲ့​တွေက ဒရူန်းနဲ့တိုက်တာ စနိုက်ဘာနဲ့ ပစ်တာ​တွေ လုပ်​နေတယ်" ဟု ​မြေပြင် အ​ခြေအ​နေသိသူတစ်ဦးက ​ပြောသည်။

 

ကျိုက်ဒုံဗျူဟာကုန်းကို ​ကရင်အ​ခြေစိုက် ​တော်လှန်​ရေးအဖွဲ့များက ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှ စတင်ကာ ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

 

ကျိုက်ဒုံဗျူဟာသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံ-ပိုင်ခလန်( ထိုင်း-မြန်မာ နယ်စပ်) လမ်း တွင်ရှိသည့် အချက်အချာတစ်ခုဖြစ်သည်။

 

"အချို့​စစ်​ကောင်စီရှိတဲ့​နေရာ​တွေမှာ ရွာသား​တွေကို ဆိုင်ကယ်နဲ့ဆို တားပြီး ​နှစ်​ယောက်ဆိုရင် တစ်​ယောက်ကို ​ခေါ်ထားပြီး စျေးဝယ်ခိုင်းတာရှိတယ်၊ တစ်​ယောက်ထဲဆိုလည်း ဖုန်းတို့ ဘာတို့ သိမ်းတယ်၊ ​ဈေးဝယ်​ပေးပြီးရင် ပြန်လွှတ်​ပေးတယ် သိမ်းထားတာပြန်​ပေးတယ်၊ သူတို့ကိုယ်တိုင် သွားမဝယ်ရဲဘူး" ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

 

လတ်တ​လောတွင် စစ်​ကောင်စီက ရံဖန်ရံခါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ​လေ​ကြောင်းပစ်ခတ်ခြင်းများ​ကြောင့် အရပ်သားထိခိုက်မှုများရှိ​နေသည်။

 

ထို့အပြင် ကျိုက်ဒုံမြို့ခံများအပါအဝင် အနီးအနား​ကျေးရွာများမှ ​ဒေသခံ​သောင်းနင့်ချီကာ စစ်​ဘေး​ရှောင်​နေရသည်။

 

ပုံစာ - ကရင်ပြည်နယ် တ​နေရာတွင်​တွေ့ရသည့် စစ်​ကောင်စီ ရဟတ်ယာဥ်တစ်စီး(ပုံ​ဟောင်း)

 

Burma Associated Press

 

စစ်တပ်
ကရင်
အာဏာသိမ်းစစ်တပ်

Share With
bap-logo