bap-logo
International

အာရှ-ပစိဖိတ်ဒေသ ကြက်ငှက်တုပ်ကွေး 'စိုးရိမ်ဖွယ်’ ပြန့်နှံ့မှုကို အရေးပေါ်တုန့်ပြန်ရန် ကုလကြိုးပမ်း

f5T7QZSPhJ_he9sM0qyij-image

လွန်ခဲ့သော ၂ လ က

 

အာရှ-ပစိဖိတ်ဒေသတဝှမ်း လူနှင့် တိရစ္ဆာန်များတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု "စိုးရိမ်ဖွယ်" မြင့်တက်နေခြင်းကို အရေးပေါ်၊ စုစည်းတုန့်ပြန်ကြရန် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

 

H5N1 ဗိုင်းရပ်စ်သည် ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ ပြန့်နှံ့နေပြီး တောင်အမေရိက၊ အန္တာတိကတို့အထိ ရောက်ရှိကာ တောရိုင်းတိရစ္ဆာန်နှင့် အိမ်မွေးတိရစ္ဆာန်များ မျိုးစိတ်အသစ်များဆီသို့ပါ ကူးစက်နေသည်ဟု ၎င်းအဖွဲ့က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

 

၂၀၂၃ နှစ်ကုန်ပိုင်းက စတင်ပြီး လူတွေမှာ ဖြစ်ပွားမှု မြင့်တက်လာခြင်း၊ တိရစ္ဆာန်မျိုးစိတ်အသစ်များတွင် ဗိုင်းရပ်စ် ပြန့်နှံ့နေခြင်းတို့ကို လေ့လာတွေ့ရှိရပါတယ်။ဟု FAO နယ်နိမိတ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများအတွက် အရေးပေါ်စင်တာမှ ဒေသဆိုင်ရာမန်နေဂျာ Kachen Wongsathapornchai က ပြောသည်။

 

ပိုပြီး လွယ်လွယ်ကူကူ ကူးစက်နိုင်တဲ့ A/H5N1 မျိုးကွဲအသစ်တွေ ထွက်ပေါ်လာတာက ကပ်ဘေးအန္တရာယ် ခြိမ်းခြောက်မှု တိုးမြင့်လာစေပါတယ်။ ချက်ချင်း၊ ပူးပေါင်းညှိနှိုင်း ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်ပါတယ်။

 

ကုလအေဂျင်စီက ၂၀၂၃ နှောင်းပိုင်းမှ စတင်ပြီး ကမ္ဘောဒီးယားတွင် လူသို့ ကူးစက်မှု ၁၃ ခုနှင့် တရုတ်နှင့် ဗီယက်နမ်တို့မှ ထပ်တိုးဖြစ်ပွားမှုများကို မှတ်တမ်းတင်ထားသည်။

 

မဟာမဲခေါင်ဒေသခွဲ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည်လည်း ဂေဟစနစ်ဆိုင်ရာ မြေပြင် ကျယ်ပြန့် မျိုးစုံခြင်း၊ ဇီဝလုံခြုံရေးဆိုင်ရာလုပ်ဆောင်မှုများ အကန့်အသတ်ရှိခြင်းတို့ကြောင့် တိုးမြှင့်စိစစ်မှုနှင့် ရင်ဆိုင်နေရပြီး အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ပျံ့ပွားမှုကို ရင်ဆိုင်ဖြေရှင်းနေရသည်ဟု ဆိုသည်။ ထိုင်း၊ မြန်မာ၊ မဟာမဲခေါင်ဒေသခွဲ အစိတ်အပိုင်းအချို့တို့မှာ ယခုနှစ်များအတွင်း ပျံ့ပွားမှု တင်ပြချက် မရှိဟု ဖော်ပြထားသည်။

 

ဗိုင်းရပ်စ် ပြန့်နှံ့မှုနှင့် ဆင့်ကဲ့ပြောင်းလဲမှုကို ခြေရာခံနိုင်ရန် genome အပြည့်အစုံ စိစစ်ခြင်း အပါအဝင် အလုံးစုံလွှမ်းခြုံသော စောင့်ကြည့်စနစ်များ အကောင်အထည်ဖော်ရာတွင် အတူတကွ လုပ်ဆောင်ကြရန် FAO က အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားသည်။

 

အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများကိုလည်း သတင်းအချက်အလက်များ ပွင့်လင်းမြင်သာစွာ မျှဝေရန်တောင်းဆိုလိုက်ပြီး ကြက်ငှက်လုပ်ငန်းခွင်အတွက် ဇီဝလုံခြုံမှုလုပ်ဆောင်ချက်များ အားကောင်းစေရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားသည်။

 

ကြက်ငှက်တုပ်ကွေးသည် ခြံမွေးတိရစ္ဆာန်များသို့ တောရိုင်းငှက်များမှတဆင့် ကူးစက်ပြန့်နှံ့ခြင်းဖြစ်သည်။

 

ကြက်ငှက်တုပ်ကွေး မျိုးကွဲဖြစ်သော H5N1 သည် မကြာသေးခင်နှစ်များအတွင်း ကမ္ဘာအနှံ့ပြန့်နှံ့ဖြစ်ပွားခဲ့ကာ ခြံမွေးနှင့် တောရိုင်းငှက်များ သန်းထောင်ဂဏန်းချီ၍ သေဆုံးစေခဲ့ပြီး နို့တိုက်သတ္တဝါမျိုးစိတ် ဆယ်ဂဏန်းတွင် ကူးစက်ပြန့်နှံ့ခဲ့သည်။ ဩစတြေးလျတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု နေရာသုံးခုတွင် တပြိုင်နက်တည်း ရင်ဆိုင်နေရပြီး လူတွင် H5N1 ဖြစ်ပွားမှုတစ်ခု ရှိကြောင်း သတင်းဖော်ပြခဲ့သည်။

 

ယခုနှစ်အစောပိုင်းတွင် ကြက်ငှက်တုပ်ကွေး မျိုးကွဲတစ်ခု ဖြစ်သော ရှားပါး H3N8 ကြောင့် တရုတ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကမ္ဘာပေါ်တွင် ၎င်းမျိုးကွဲကြောင့် ပထမဦးဆုံး သေဆုံးမှုဖြစ်သည်။

 

Reuters မှ ရောဂါကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို မေးမြန်းမှုများအရ စောင့်ကြည့်စစ်ဆေးမှု ကွာဟချက်များက ရောဂါကပ်ဘေးအသစ်တစ်ခုနောက် ခြေလှမ်းများစွာ ကျန်ရစ်နေနိုင်မှုကို ကြက်ငှက်တုပ်ကွေးပြန့်နှံ့မှု ခြေရာခံ သိပ္ပံပညာရှင်များက စိုးရိမ်မှု မြင့်တက်လာသည်ဟု သိရသည်။

 

ကိုးကား - Reuters

ပုံစာ - ဇန်နဝါရီလ ၁၄ ရက် ၂၀၂၃ ခုနှစ် ကြက်ဥများပေါ်တွင် "ကြက်ငှက်တုပ်ကွေးစာတန်း ကပ်ထားသော စမ်းသပ်ပြွန်နှင့် ဩစတြေးလျ အလံကို သရုပ်ဖော်ထားစဉ်။ (REUTERS/Dado Ruvic/Illustration/File Photo)

 

Burma Associated Press

ကျန်းမာရေး
ကြက်ငှက်တုပ်ကွေး
အာရှ

Share With
bap-logo