bap-logo
International

ဘင်္ဂလားဒေ့ရှ်မှ မျိုးတုန်းရန် အန္တရာယ်အလွန်များနေသည့် အာရှဆင်များ တရားရုံး၏ အကာအကွယ်ရရှိ

3a5nDDuwEcc4M2__vHTMD-image

လွန်ခဲ့သော ၇ လ က

ဘင်္ဂလားဒေ့ရှ်မှ မျိုးတုန်းရန် အန္တရာယ်အလွန်များပြားနေသည့် ဆင်ရိုင်းများကို မွေးမြူခြင်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်းမှ တားမြစ်သည့် တရားရုံးအမိန့် ထုတ်ပြန်လိုက်သည်။

 

အထက်တရားရုံးက ငယ်ရွယ်သော အာရှဆင်များကို ဆက်လက်ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းထားခြင်း မပြုလုပ်နိုင်ရန် လိုင်စင်များ ဆိုင်းငံ့လိုက်သည့်အတွက် တိရစ္ဆာန်အခွင့်အရေးအဖွဲ့များက ကြိုဆိုကြသည်။

 

အချို့သော တိရစ္ဆာန်များမှာ တောင်းရမ်းခြင်း၊ ဆပ်ကပ်ပြခြင်းနှင့် လမ်းဘေးပြပွဲများတွင် အသုံးချခြင်း ခံခဲ့ရသည်။

 

ဘင်္ဂလားဒေ့ရှ်တွင် ဆင်ကောင်ရေ ၂၀၀ ခန့်သာ ကျန်တော့ပြီး ၎င်းတို့၏ တစ်ဝက်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

 

ဘင်္ဂလားဒေ့ရှ်သည် အာရှဆင်များအတွက် အဓိက နေအိမ်တစ်ခုဖြစ်ခဲ့သော်လည်း သတ်ဖြတ်မှုများနှင့် ကျင်လည်ရာနေရများ ဆုံးရှုံးခြင်းများကြောင့် အရေအတွက် သိသာစွာ ကျဆင်းခဲ့သည်။

 

ယခင်စနစ်အရ ငယ်ရွယ်သော ဆင်များကို သစ်တောဌာနမှ ထုတ်ပေးသော လိုင်စင်ဖြင့် သစ်ထုတ်လုပ်ရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းကာ သစ်ဆွဲရာတွင် အသုံးပြုကြသည်။ အခြားဆင်များမှာမူ ဆပ်ကပ်များတွင် အသုံးချခြင်း ခံရသည်။ ၎င်းကဲ့သို့ အမြတ်ထုတ်ခြင်းများသည် လိုင်စင်သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည်ဟု တရားရုံးက ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တိရစ္ဆာန်သာယာဝပြောရေးအတွက် လူများ People for Animal Welfare (PAW) တိရစ္ဆာန်အခွင့်အရေးအဖွဲ့ဖောင်ဒေးရှင်းမှ အကြီးအကဲ Rakibul Haque Emil က "ထူးခြားထင်ရှားသည့် အမိန့်" ဟု ပြောသည်။

 

ဆင်တွေကို သင်ကြားလေ့ကျင့်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆပ်ကပ်အဖွဲ့တွေအပါအဝင် ပုဂ္ဂလိကလိုင်စင်ရသူတွေဟာ ဆင်သားပေါက်တွေကို သူတို့အမေတွေနဲ့ ခွဲခြားထားကြတယ်။ ခြေချင်းခတ်ပြီး လများစွာ ထားကြတယ်။ ပြီးတော့ ပြကွက်တွေ သင်ကြားဖို့ နှိပ်စက်ကြတယ်။” ဟု ၎င်းက ပြောသည်။

 

ယခုအခါ ဖမ်းဆီးခံထားရသည့် ဆင်များကို ပြန်လည်ပြုစုပျိုးထောင်ပေးရန် မျှော်လင့်လာနိုင်ပြီဟု ၎င်းက ပြောသည်။

 

ယမန်နှစ်က လမ်းပေါ်တွင် တောင်းရမ်းရာ၌ အသုံးပြုသည့် ဆင်ငယ်တစ်ကောင် ရထားတိုက်မိ၍ သေဆုံးခဲ့သည့်ဖြစ်စဉ်က ထင်ရှားခဲ့သည်။ ၎င်းတို့ကို တောက်ပသည့် အရောင်များ လိမ်းခြယ်ထားပြီး ၎င်းတို့ကို ဖမ်းဆီးထားသူများက ပြကွက်များ အတင်းအကျပ် ပြသစေသည်။

 

၂၀၁၉ ခုနှစ်တွင် ပိန်လှီအားနည်းနေသည့် လမ်းဘေး တောင်းရမ်းရာတွင် အသုံးချခံနေရသော ဆင်နှစ်ကောင်ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ရသည်။

 

ကိုးကား - BBC

(Photo: Getty Images)

 

ဘင်္ဂလားဒေ့ရှ်
အာရှ
ဆင်

Share With
bap-logo