Intrenational Crime
တရုတ်ဂိုဏ်းများက ChatGPT ကို အသုံးပြု၍ အမေရိကန် အိမ်ခြံမြေကိုယ်စားလှယ်များကို လိမ်လည်
လွန်ခဲ့သော ၂ နာရီ က
BAP၊ ဘာသာပြန်။
“ဝက်သတ်ခြင်း” ဟုခေါ်သော ခရစ်ပ်တိုငွေကြေးလိမ်လည်မှုများအတွက် “အမှန်တကယ် ထိရောက် သည်” ဟု သတင်းဌာနများက ဖော်ပြထားသည်။
တရုတ်လူမျိုးများ ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက အာရှရှိ အလိမ်အညာလုပ်ငန်းအချို့တွင် ChatGPT ကို အသုံးပြု၍ အမေရိကန် အိမ်ခြံမြေကိုယ်စားလှယ်များကို လိမ်လည်နေသည့် သတင်းများကို ဘဏ္ဍာရေး သတင်းနှင့် အကဲဖြတ်လေ့လာမှုများဖော်ပြသည့် Benzinga တွင် ဖော်ပြထားသည်။
ယခုနှစ်အစောပိုင်းက ဘန်ကောက်ရှိ အလိမ်အညာလုပ်ငန်းတစ်ခုမှ ကယ်ဆယ်ခဲ့ရသည့် လိမ်လည်သူ Okindo က သူနှင့်အခြားသူများသည် အမေရိကန်များကို လိမ်လည်သော ခရစ်ပ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လှည့်ဖြားသည့် မက်ဆေ့ချ်များကို ဖန်တီးရန်အတွက် ChatGPT အခမဲ့ဗားရှင်းကို အတင်းအကျပ် အသုံးပြုစေခဲ့ကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့သည်။
“ဝက်သတ်ခြင်း” ဟု လူသိများသော ဤအလေ့အထသည် လိမ်လည်သူများက ၎င်းတို့၏ သားကောင် များ၏ ငွေမခိုးယူမီ ယုံကြည်မှုရယူခြင်းဖြစ်သည်။
Benzinga ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို OpenAI က ချက်ချင်းတုံ့ပြန်ခြင်းမရှိပါ။
Okindo ၏ ပြောကြားချက်အား သူ့ကို ကယ်ဆယ်ရာတွင် ပါဝင်ခဲ့သည့် လူမှောင်ခိုကူးမှု တိုက်ဖျက် ရေးအဖွဲ့အစည်းဖြစ်သော HAART Kenya ၏ ကိုယ်စားလှယ်တစ်ဦးက အတည်ပြုခဲ့သည်။ Okindo ၏ အသေးစိတ် ပြောကြားချက်များသည် Reuters က တွေ့ဆုံမေးမြန်းခဲ့သည့် အခြားအတင်းအကျပ် လုပ်အားပေးခဲ့ရသူများ၏ ပြောကြားမှုများနှင့်လည်း ကိုက်ညီနေသည်။ Okindo က အမေရိကန် အိမ်ခြံမြေကိုယ်စားလှယ်များကို ပစ်မှတ်ထား လိမ်လည်ခြင်းဖြစ်သည်။ သူသည် အလားအလာရှိသော သားကောင်များကို သွေးဆောင်ရန်အတွက် Zillow.com ကဲ့သို့သော အိမ်ခြံမြေဝက်ဘ်ဆိုက်များတွင် ငွေကြေးချမ်းသာသည့် ရင်းနှီးမြှုပ်နှံသူအဖြစ် ဟန်ဆောင်ခဲ့သည်။
သူက ၎င်းတို့၏ ရည်ရွယ်ချက်မှာ နေ့စဉ် အိမ်ခြံမြေကိုယ်စားလှယ် အနည်းဆုံးနှစ်ဦးကို အမှန်တကယ် မရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေထည့်သွင်းရန် စည်းရုံးရန်ဖြစ်ပြီး တစ်ချိန်တည်းတွင် “ဖောက်သည်” အနည်းဆုံး ၁၀ ဦးနှင့် အမြဲဆက်သွယ်နေရကြောင်း ထုတ်ဖော်ခဲ့သည်။
Okindo က ChatGPT ကို အသုံးပြု၍ နည်းဗျူဟာအသစ်များကို တီထွင်ခဲ့ရာ ၎င်းနည်းဗျူဟာ များသည် တစ်ခါတစ်ရံတွင် အလွန်ထိရောက်သဖြင့် ယခင် လိမ်လည်ခံခဲ့ရသည့် သားကောင်များကိုပင် နောက်ထပ်ငွေများ ဆုံးရှုံးစေနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ “AI နဲ့ အလုပ်လုပ်ရတာ တကယ် ထိရောက်တယ်” ဟု ၎င်းက ပြောသည်။
AI လိမ်လည်မှုအန္တရာယ်များ မြင့်တက်လာခြင်းကြောင့် စက်မှုလုပ်ငန်းဆိုင်ရာ လုံခြုံရေးကို ပိုမိုတင်းကျပ်လာစေရန် တွန်းအားပေး
ဤဖြစ်ရပ်က လိမ်လည်မှုများတွင် AI ကို အလွဲသုံးစားပြုခြင်းအပေါ် စိုးရိမ်ပူပန်မှုများ တိုးလာ နေကြောင်း ထင်ရှားစေသည်။ ChatGPT ကို ပိုင်ဆိုင်သည့် OpenAI က AI ကို လိမ်လည်မှုဆိုင်ရာ အလွဲသုံးစားပြုခြင်းများအား ဖော်ထုတ်ရန်နှင့် တားဆီးရန် တက်ကြွစွာ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ဤအခြေအနေသည် ဘဏ္ဍာရေးဆိုင်ရာ လုံခြုံရေးအတွက် AI က ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ် များနှင့်ပတ်သက်၍ လုပ်ငန်း ဦးဆောင်သူများ၏ သတိပေးချက်များ ထွက်ပေါ်လာပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်။ OpenAI ၏ CEO ဖြစ်သူ Sam Altman လက်ရှိ အတည်ပြုခြင်းနည်းလမ်းများ (Authentication methods)ကို ကျော်လွှားနိုင်သည့် AI အန္တရာယ်များနှင့်ပတ်သက်၍ ယခင်က သတိပေးခဲ့ဖူးသည်။
AI ကို အခြားလိမ်လည်လုပ်ဆောင်မှုများတွင်လည်း အသုံးပြုခဲ့သည်။ ဥပမာ- “deepfake စီးပွားရေး" တွင် လိမ်လည်သူများသည် ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းများအဖြစ် ဟန်ဆောင်ရန် AI ကို အသုံးပြု၍ လုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းဖြစ်သည်။
သို့သော်လည်း နည်းပညာကုမ္ပဏီများသည် ဤလိမ်လည်မှုများကို တိုက်ဖျက်ရန် အဆင့်ဆင့် လုပ်ဆောင်နေကြသည်။ ဥပမာအားဖြင့် Google သည် ၎င်း၏ Gemini AI မော်ဒယ်ကို အသုံးပြု၍ လိမ်လည်မှုပြုသော ဝက်ဘ်ဆိုက်များကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေပြီး ပိတ်ဆို့ရန် လုပ်ဆောင်ခဲ့ရာ ၎င်း၏ လုံခြုံရေးစွမ်းဆောင်ရည်များကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။
ကိုးကား - Benzinga
ပုံစာ - ၂၀၂၄ ခုနှစ် Microsoft Build ညီလာခံမှ OpenAI ၏ CEO ဖြစ်သူ Sam Altman။ Jason Redmond / AFP - Getty Images file
Burma Associated Press