bap-logo
International

ဆင်များတွင် အချင်းချင်း ခေါ်ဆို ဆက်သွယ်ရန် ကိုယ်ပိုင်နာမည်ရှိသည်ဟု လေ့လာတွေ့ရှိ

Pwn1-xxPwBiWI-AJLywA9-image

လွန်ခဲ့သော ၃ လ က

အသိဉာဏ်တု ဆော့ဝဲ (AI) ဖြင့် ဆင်အော်သံများကို ဆန်းစစ်လေ့လာချက်တစ်ခုတွင် တစ်ကောင်ချင်းစီကို သီးခြား မြည်ဟည်းသံများဖြင့် ခေါ်သံပြုခြင်းနှင့် တုန့်ပြန်ခြင်းတို့ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ညွှန်ပြနေသည်။

 

နာမည်များသည် တစ်ဦးနှင့် တစ်ဦး သတိပြုမိရန် ခေါ်ဆိုရသည်သာ မကပါ။ လူ့အဖွဲ့အစည်းနှင့် ဘာသာစကားတို့၏ ဝိသေသလက္ခဏာလည်း ဖြစ်သည်။ တိရစ္ဆာန်များနှင့် ပိုင်းခြားထားသော သီးသန့်သတ်မှတ်ချက်လည်း ဖြစ်ပါသည်။ ယခုအခါတွင်မူ ဆင်များသည်လည်း တစ်ကောင်နှင့် တစ်ကောင် နာမည်များဖြင့် ခေါ်ဆို တုန့်ပြန်ကြကြောင်း အသိဉာဏ်တု ဆောဝဲ့များ၏ အကူအညီဖြင့် အထောက်အထားများ တွေ့ရှိခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

 

မြည်ဟည်းသံတွေမှာ စိတ်ဝင်စားစရာတွေ အများကြီး ရှိနေတယ်

 

သူတို့မှာ မိသားစုဝင်တွေ တစ်ကောင်ချင်းစီကို သီးခြား မတူညီတဲ့ ခေါ်ဆိုမှုတွေ လုပ်နိုင်တယ်။” ဟု Cornell ငှက် လေ့လာ စမ်းသပ်ခန်းမှ အသံပိုင်းဆိုင်ရာ ဇီဝဗေဒပညာရှင်ဖြစ်သူ တနင်္လာနေ့တွင် ဖြန့်ချိခဲ့သော Nature Ecology & Evolution ဂျာနယ်တွင် လေ့လာချက်တစ်ရပ်ကို ရေးသားခဲ့သူ Mickey Pardo က ပြောသည်။

 

ဆင်ကျည်သံများသည် ၎င်းတို့ကို သိသာစေသည့် အသံများ ဖြစ်နိုင်သော်လည်း ၎င်းအသံများမှာ "အခြေခံအားဖြင့် စိတ်ခံစားချက် ပေါက်ကွဲထွက်လာတာ ဖြစ်ပါတယ်။” ဟု ဒေါက်တာ Pardo က ပြောသည်။ အနိမ့်သံဖြင့် မြည်ဟည်းခြင်းမှာမူ ပို၍ အဓိပ္ပါယ်ပါသည်ဟု ၎င်းက ပြောသည်။ ၎င်းမြည်ဟည်းသံများမှာ ဆင်များ၏ အဓိက မြည်သံပြုခြင်းဖြစ်ပြီး ဆင်အုပ်အတွင်း အခြေအနေမျိုးစုံအတွက် အသုံးပြုကြသည်။ "မြည်ဟည်းသံတွေမှာ စိတ်ဝင်စားစရာတွေ အများကြီး ရှိနေတယ်။” ဟု ၎င်းက ပြောသည်။

 

၎င်းမြည်ဟည်းသံများကို အဓိပ္ပါယ်ဖော်ရန် ဒေါက်တာ Pardo နှင့် ကော်လိုရာဒို ပြည်နယ် တက္ကသိုလ်မှ ထိန်းသိမ်းစောင့်ရှောက်ရေး ဇီဝဗေဒ ပါမောက္ခ၊ Save the Elephants အကျိုးအမြတ်မယူသည့်အဖွဲ့မှ သိပ္ပံပညာဆိုင်ရာ ဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ George Wittemyer တို့က ကင်ညာနိုင်ငံရှိ Amboseli အမျိုးသားဥယျာဉ်၊ Samburu and Buffalo Springs အမျိုးသား ကြိုးဝိုင်းတို့မှ အရွယ်ရောက် ဆင် အမများ၏ မိသားစု အစုဖွဲ့များနှင့် ၎င်း ဆင်မများ၏ သားပေါက်များထံမှ အသံဖမ်းယူခဲ့သော မြည်သံပြုမှု ၄၆၉ ခုတို့ကို ဆန်းစစ်လေ့လာခဲ့သည်။

 

ဆင်များ၏ မြည်ဟည်းသံများသည် လူသားတို့၏ နားတွင် ခွဲခြားရန် ခက်ခဲနိုင်သည့်အတွက် သုတေသီများက စက်ဖြင့် သင်ယူ ဆန်းစစ်အကဲဖြတ်မှု အထူးသဖြင့် အသိဉာဏ်တု ဆော့ဝဲများကို ဆင်များ၏ မတူညီသော အော်သံကို ခွဲခြားရန် အသုံးပြုခဲ့ကြသည်။

 

အခြား ဆင်များထံမှ မြည်ဟည်းသံကို ဆင်တစ်ကောင်ချင်းစီ သီးခြား တုန့်ပြန်ခဲ့သည်ဟု ယူဆရပြီး သုတေသီများက ၎င်းအသံများကို အသိဉာဏ်တု ဆော့ဝဲများအတွင်း ထည့်သွင်းခဲ့ကြသည်။ "ခေါ်သံတွေက နာမည်တစ်ခုနဲ့ တူတယ်ဆိုရင် ဘယ်သူ့ကို ခေါ်တယ်ဆိုတာ အဲဒီ ခေါ်သံ တစ်ခုတည်းနဲ့တင် သိနိုင် ခွဲခြားနိုင်ရမယ်။” ဟု ဒေါက်တာ Pardo က ပြောသည်။

 

ယခုအချိန်ထိမူ သိပ္ပံပညာရှင်များသည် မြည်သံပြုမှု၏ မည်သည့် အစိတ်အပိုင်းသည် ဆင်၏ "နာမည်” ဖြစ်သည်ကို အတိအကျ မသိရှိသေးပါ။ သို့သော် ၎င်းတို့၏ အသိဉာဏ်တု ဆော့ဝဲများသည် မြည်ဟည်းသံက ကြုံရာ ကျပန်း အော်မြည်ခြင်းကို ကျော်လွန်၍ ရည်ရွယ်ခေါ်ဆိုသူကို ခွဲခြားသိရှိနိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့ကြသည်။

 

ဒေါက်တာ Pardo နှင့် ၎င်း၏ လေ့လာချက်ကို ပူးတွဲရေးသားသူ၊ Save the Elephants မှ သုတေသန လက်ထောက် David Lolchuragi တို့ ပြုလုပ်ခဲ့သော ကွင်းဆင်းလေ့လာချက်များကို ၎င်း အကဲဖြတ် ဆန်းစစ်ချက်များက ဖြည့်စွက်ပေးခဲ့ကြသည်။ သုတေသီများက အသံဖမ်းယူထားသော ဆင် မြည်ဟည်းသံများကို ဆင်တစ်ကောင်ချင်းစီကို ဖွင့်ပြသောအခါ ၎င်းတို့၏ "နာမည်များ” ကို အခြားအသံများထက် ပို၍ အခိုင်အမာ တုန့်ပြန်ခြင်း၊ နားရွက်များ လှုပ်ခတ်ခြင်းနှင့် မြည်ဟည်းသံ ပြန်၍ ပြုခြင်းတို့ တွေ့ရှိခဲ့ကြသည်။

 

ကျွန်တော် အတော်ကြီး စိတ်လှုပ်ရှားမိတယ်။ အထူးသဖြင့် အသံတွေ ပြန်ဖွင့်ပြတဲ့အခါ ရတဲ့ ရလဒ်တွေကြောင့် စိတ်လှုပ်ရှားမိတာပါ။ ဘာကြောင့်လဲဆိုတော့ ဆင်တွေဟာ ခေါ်သံကြားရုံနဲ့ သူတို့ကို ခေါ်တာ ဟုတ် မဟုတ် သူတို့ သိတယ်၊ ခေါ်သံက သူတို့ကို တိုက်ရိုက်ခေါ်တာဆိုရင် သူတို့ ပိုပြီး အခိုင်အမာ တုန့်ပြန်ကြတယ်ဆိုတာရဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားလို့ ယူဆလို့ပါ။ ” ဟု ဒေါက်တာ Pardo က ပြောသည်။

 

လင်းပိုင်များနှင့် ကြက်တူရွေးများ အပါအဝင် အခြားသော တိရစ္ဆာန်များသည်လည်း တစ်ကောင်နှင့် တစ်ကောင် သိပ္ပံပညာရှင်များ အဆိုအရ "နာမည်များ” နှင့် ခေါ်ဆိုကြသည်။ သို့သော် ၎င်းခေါ်သံများမှာ အခြားအကောင်များ မကြာခဏ ပြုလုပ်သော အသံများကို ပြန်လည်တုပခေါ်ဆိုထားသည့် အသံများဖြစ်သည်။ ၎င်းအချက်မှာ လူများ အမည်သတ်မှတ် ခေါ်ဆိုပုံနှင့် ကွဲပြားချက် ဖြစ်သည်။

 

ဥပမာ အားဖြင့် လူတစ်ယောက်၏ အမည်သည် ဂျွန်ဖြစ်သည်။ ၎င်း၏ အမည် ဂျွန်ဖြစ်ရခြင်းမှာ ၎င်းက "ဂျွန်” ဟူသည့် စကားလုံးကို ထပ်ခါတလဲလဲ ရွတ်ဆိုခြင်းဖြင့် ရရှိလာသည် မဟုတ်ပါ။ (လင်းပိုင်နှင့် ကြက်တူရွေးများအပါအဝင် အခြား အမည်ခေါ်သော တိရစ္ဆာန်များမှာ တစ်ကောင်က မကြာခဏ ပြုသည့် အသံကို အခြားအကောင်များက ပြန်လည် တုပ ခေါ်ဆိုခြင်းဖြစ်သည်။) အာဖရိက ချုံပုတ်နေ ဆင်များ(အာဖရိက ဆဗားနား မြက်ခင်းပြင် ဆင်များ)သည် လူများနားလည်သကဲ့သို့ တစ်ကောင်နှင့် တစ်ကောင် ဒြပ်မဲ့ အသံများပေါ် အခြေပြု၍ အမည်ခေါ်ဆိုသည့် လူမဟုတ်သော ပထမဆုံး သတ္တဝါများအဖြစ် တွေ့ရှိလာရခြင်း ဖြစ်နိုင်သည်ဟု ဒေါက်တာ Pardo နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ဆိုသည်။

 

ဤတွေ့ရှိချက်သည် ကနဦး တွေ့ရှိချက် ဖြစ်ပြီး ဆင်များက တစ်ကောင်နှင့် တစ်ကောင် ကိုယ်ပိုင်အမည်သတ်မှတ်ထားသော အသံများပြု၍ ခေါ်ဆိုခြင်းသည် သိသာစွာ အရေးပါနိုင်သည်ဟု ဒေါက်တာ Pardo က ပြောသည်။ အဘယ်ကြောင့်ဆိုသော် လူများက အရာဝတ္တုများကို စိတ်ကြိုက်မှည့်ခေါ်သည့် အသံများ သတ်မှတ်ထားခြင်းမှာ "ပုံသေအသံတွေ မထုတ်လုပ်နိုင်တဲ့ အရာဝတ္တုတွေအကြောင်း ဆက်သွယ်ပြောဆိုနိုင်ရန်ဖြစ်သည်ဟု ၎င်းက ပြောသည်။

 

(သစ်ပင်၊ ကျောက်တုံး၊ ပင်လယ်၊ မြေကြီး စသည်ဖြင့် အရာဝတ္ထုများကို စကားပြောဆို ဆက်သွယ်ရာတွင် လွယ်ကူစွာ ရည်ညွှန်းနိုင်ရန် အမည်သညာ သတ်မှတ် ခေါ်ဆိုခြင်းမှာ လူတို့ကသာ ပြုလုပ်ခဲ့သော်လည်း ဆင်များကပါ ပြုလုပ်နိုင်သဖြင့် အရေးပါသည့် တွေ့ရှိမှုဟု ဆိုလိုသည်။) ၎င်းတွေ့ရှိချက်သည် ဆွေးနွေးပြောဆိုရန် အကြောင်းအရာ များစွာ ကျယ်ပြန့်သွားစေသည်ဟုလည်း ၎င်းက ပြောသည်။ ဤအချက်ကြောင့် ဆင်များသည် အခြားအရာဝတ္ထုများကိုလည်း အမည်များ မှည့်ခေါ်ထား ရှိ မရှိ ပြောဆိုရန် စောလွန်းသေးသော်လည်း ဆင် တစ်ကောင်နှင့် တစ်ကောင် အမည်သတ်မှတ် ခေါ်ဆိုမှုအရ ဖြစ်နိုင်ချေ များပြားလာသည်။

 

၎င်းလေ့လာမှု စီမံချက်တွင် မပါဝင်သော ဟားဗတ်ဆေးကျောင်းမှ အသံပိုင်းဆိုင်ရာ ဇီဝဗေဒပညာရှင် Caitlin O’Connel-Rodwell က ၎င်းလေ့လာတွေ့ရှိမှုကို "အကြီးအကျယ် ပြောင်းလဲမှု" ဟု ပြောသည်။

 

အချိန် သိပ်မကြာခင်လေးမှာပဲ AI နဲ့ စက်ယန္တရား သင်ယူမှု ဆော့ဝဲတွေကြောင့် ဒီလို အကဲဖြတ် ဆန်းစစ်မှုတွေ လုပ်ဆောင် နိုင်လာပြီ။” ဟု ဒေါက်တာ O’Connel-Rodwell က ပြောသည်။ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည့် ဆင်များ၏ ယင်းကဲ့သို့ အသိအမြင်၊ အတွေ့အကြုံ ကြွယ်ဝသည့် ဆက်သွယ်ရေးသည် "အစားအစာ ဖြန့်ကျက် ရှာဖွေရာမှာ၊ သီးသန့် အဆက်အသွယ် လုပ်ဖို့ လိုအပ်တဲ့အခါမှာ အဓိပ္ပါယ်ရှိပြီး နားလည်နိုင်တဲ့ အရာပါပဲ။” ဟု သူမက ပြောသည်။

 

ဆင်များ၏ ဆက်သွယ်ရေးကို ထိုးထွင်းသိမြင်လာမှုသည် "ဒီသတ္တဝါတွေရဲ့ ရပ်တည်ရေးအတွက် အသိုင်းအဝိုင်းဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုက ဘယ်လောက် အရေးကြီးတယ်ဆိုတာ” ပြသနေကြောင်း ဒေါက်တာ Wittemyer က ပြောသည်။ "အသိုင်းအဝိုင်းဆိုင်ရာ ချိတ်ဆက်ထားမှုက ဆင်တွေအတွက် အရာရာတိုင်းရဲ့ အဓိကကျတဲ့ အခြေခံပဲ။” ဟု ၎င်းက ပြောသည်။

 

ဆင်များနှင့် လူများအကြား ၎င်းကဲ့သို့ တူညီနေသည့် အချက်သည် ထိန်းသိမ်းစောင့်ရှောက်မှုပြုရေးတွင် အကျိုးအမြတ် ရှိနိုင်သည်ဟု ဒေါက်တာ Wittemyer က ပြောသည်။ အကြောင်းမှာ "သူတို့နဲ့ ကျွန်တော်တို့ တူညီနေတာယ်ဆိုတာ သိရင် သူတို့ကို ပိုပြီး နားလည်လာနိုင်တာပေါ့။” ဟု ၎င်းက ပြောသည်။

 

ကိုးကား - The New York Times

 

ပုံစာ - Botswana နိုင်ငံ Okavango မြစ်ဝကျွန်းပေါ်ဒေသမှ အာဖရိကန် ဆဗားနား ဆင်များ။ (BEVERLY JOUBERT, NATIONAL GEOGRAPHIC IMAGE COLLECTION)

 

ဆင်
ဉာဏ်ရည်တု

Share With
bap-logo