International
ဆေးခြောက်လိုလားသူနှင့် ကာရာအိုကေသီဆိုခြင်းကို နှစ်သက်သူ သို့မဟုတ် ထိုင်းနိုင်ငံ၏ နောက်လာမည့် ဝန်ကြီးချုပ်
လွန်ခဲ့သော ၁၂ နာရီ က
BAP။ ဘာသာပြန်။
Saxophone မှုတ်ခြင်း၊ လေယာဉ်မောင်းခြင်းနှင့် ချက်ပြုတ်ခြင်းစသည့် ဝါသနာများရှိသော Anutin Charnvirakul သည် ပေါ့ပေါ့ပါးပါးနှင့် ပွင့်လင်းမြင်သာပုံရသော်လည်း ထက်မြက် သော နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း ပြသနေသည်။
သောကြာနေ့တွင် ပါလီမန်အမတ်အများစု၏ ထောက်ခံမှုကို ရယူခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်လာမည့်သူသည် ဘုရင်စနစ်ကို အခိုင်အမာထောက်ခံသူနှင့် ရှေးရိုးစွဲဝါဒီဖြစ်ပြီး ထူးခြားသော ဝါသနာများနှင့် စိတ်အားထက်သန်မှုများ ပေါင်းစပ်နေသူ တစ်ဦးဖြစ်သည်။
အသက် ၅၈ နှစ်အရွယ်ရှိ Anutin Charnvirakul သည် ဆေးခြောက်ကို တရားဝင်ဖြစ်ရေး ထောက်ခံခြင်းအပါအဝင်၊ ခန္ဓာကိုယ်အင်္ဂါအစားထိုးကုသမှုခံယူမည့် လူနာများအတွက် ကိုယ်တွင်းအင်္ဂါများကို ပို့ဆောင်ပေးရန် သူ၏ကိုယ်ပိုင်ဂျက်လေယာဉ်များကို အသုံးပြု ခဲ့သည့် လေယာဉ်မှူးတစ်ဦး၊ saxophone တီးခတ်သူတစ်ဦးနှင့် လမ်းဘေးအစားအစာ များကို နှစ်သက်သူတစ်ဦး ဖြစ်သည်။
လူမှုကွန်ရက်မီဒီယာများတွင် သူသည် ကာရာအိုကေ သီချင်းဆိုနေခြင်း၊ ၈၀ ပြည့်လွန်နှစ် များက ထိုင်းပေါ့ပ်သီချင်းများကို saxophone ဖြင့် တီးခတ်နေခြင်း သို့မဟုတ် ဘောင်းဘီ တို၊ တီရှပ်ဝတ်ဆင်ကာ ထမင်းကြော် ကြော်နေခြင်းတို့ကို တွေ့မြင်နိုင်သည်။
Anutin သည် ပေါ့ပေါ့ပါးပါး လူတစ်ယောက်ပုံစံရှိသော်လည်း ထက်မြက်သော နိုင်ငံရေး သမားတစ်ဦးဖြစ်သည်။ သူသည် ယခင် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦး၏ သား ဖြစ်ပြီး ဘန်ကောက်မြို့၏ အဓိကလေဆိပ်ကဲ့သို့သော ထင်ရှားကျော်ကြားသည့် ဖွံ့ဖြိုး တိုးတက်မှုအချို့အတွက် တာဝန်ယူခဲ့သော ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီများအနက်မှ တစ်ခုကို ပိုင်ဆိုင်သည့် မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေးကို လွှမ်းမိုးခဲ့သော ရှေးဟောင်းအာဏာပြိုင်ဆိုင်မှုများကို ကျွမ်းကျင်စွာ ဖြတ်ကျော်ကာ နိုင်ငံရေးအရ အကျိုးအမြတ်ရှိသည့် မဟာမိတ်များကို တည်ဆောက်ခြင်းဖြင့် သူ၏ "ထိုင်းလူမျိုးဖြစ်ရသည်ကို ဂုဏ်ယူပါသည်" ဟူသော အဓိပ္ပာယ်ရသည့် Bhumjaithai ပါတီကို ပါလီမန်ရှိ အဓိက ရှေးရိုးစွဲအင်အားစုအဖြစ် Anutin က ကူညီတည်ထောင်ခဲ့သည်။
Anutin သည် ယခင်က ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ကျန်းမာရေးဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဆေးခြောက်ကို တရားဝင်ဖြစ်စေရန် တာဝန်ယူခဲ့သူ ဖြစ်သည်
သူ၏ပါတီသည် ထိုင်းနိုင်ငံ၏ အင်အားကြီးမားသော ဘုရင်စနစ်ကို ခိုင်မာစွာ ထောက်ခံ ခြင်းမှလွဲ၍ ခိုင်မာသည့် အယူဝါဒ မရှိကြောင်း လေ့လာသူများက မှတ်ချက်ပြုသည်။
လွန်ခဲ့သည့် ရွေးကောက်ပွဲအပြီးတွင် Anutin ၏ ပါတီဝင်များသည် မဲအများဆုံးနှင့် အမတ်နေရာအများဆုံး ရရှိခဲ့သော ပြုပြင်ပြောင်းလဲရေးလိုလားသည့် ပါတီကို ပိတ်ဆို့ ရာတွင် အထောက်အကူပြုခဲ့သည်။ ယင်းသို့ ပိတ်ဆို့ခြင်းမှာ ထိုပါတီ၏ ဘုရင့်အပေါ် ဝေဖန်မှုသည် ထောင်ဒဏ် ၁၅ နှစ်အထိ ကျနိုင်သည့် ထိုင်းနိုင်ငံ၏ တင်းကျပ်သော ဘုရင်ကို စော်ကားမှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြုခြင်းကြောင့် ဖြစ်သည်။
ထိုအချိန်က Anutin ၏ ပါလီမန်အမတ်တစ်ဦးက ပါလီမန်တွင် "ဘုရင်စနစ်ကို စော်ကား သူများကို သေနတ်နဲ့ ပစ်ခွင့်ပြုတဲ့ ဥပဒေကို ကျွန်တော် အဆိုပြုရင် ဘယ်လိုနေမလဲ" ဟု မေးမြန်းကာ အဆိုပါ ဥပဒေကို ကာကွယ်ပြောဆိုခဲ့သည်။
နန်းတော်က Anutin အား Chulachomklao ဘွဲ့ ဒုတိယတန်းနှင့် Rattanaporn တံဆိပ် တတိယတန်းတို့ကို ချီးမြှင့်ခဲ့သည်။ ထိုအချိန်က ဤဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည့် အရပ်သားနိုင်ငံရေးသမားမှာ သူတစ်ဦးတည်းသာ ဖြစ်သည်။
“အမှတ်သင်္ကေတတွေက အလွန်အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံမှာ ရှေးရိုးစွဲဝါဒီ အမွေခံအသစ်တစ်ဦးကို ရာဇဘိသိက်ခံပေးခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းရင် မမှားပါဘူး ။” ဟု ISEAS – Yusof Ishak Institute မှ ဧည့် လေ့လာသူ နပွန် ဂျတုစရီပီတက်ခ် (Napon Jatusripitak) က ရေးသားခဲ့သည်။
Anutin သည် ယခင်က ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ကျန်းမာရေးဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဆေးခြောက်ကို တရားဝင်ဖြစ်စေရန် တာဝန်ယူခဲ့သူ ဖြစ်သည်။
နောက်ပိုင်း အဆိုပါ ကိစ္စမှာ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။ ဥပဒေပြောင်းလဲမှုကို အကာအကွယ်အစီအစဥ်များမရှိဘဲ အလျင်စလို ဆောင်ရွက်ခဲ့သည်ဟု ဝေဖန်ခံခဲ့ရပြီး ဆေးခြောက်ဆိုင်များ အဆမတန် ပေါက်လာခဲ့သည်။
Anutin က သူ၏ ရည်ရွယ်ချက်မှာ ဆေးဘက်ဆိုင်ရာ ဆေးခြောက်ကိုသာ အာရုံစိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ကနဦး ဥပဒေရေးရာ ဟာကွက်ကြောင့် ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ဥပဒေပြောင်းလဲမှု များကလည်း အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ငန်းငယ်များအတွက် ကြီးမားသော မရေရာမှုများကို ဖြစ်ပေါ်စေခဲ့သည်။
Anutin ၏ပါတီသည် ပါလီမန်တွင် တတိယအကြီးဆုံးပါတီဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူအများစုက ရွေးချယ်သည့် ပထမဆုံး ဝန်ကြီးချုပ်မဟုတ်ပေ။
သို့သော် ထိုင်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော နိုင်ငံရေးစနစ်က သူ့အတွက် ရာထူး ရယူရန် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးခဲ့သည်။
အငြင်းပွားဖွယ်ရာ ဝင်ရောက်စွက်ဖက်တတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်များကြောင့် အခြားရွေးချယ်စရာများ နည်းပါးခဲ့သည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံးပါတီဖြစ်သော ပြည်သူ့ပါတီ (ယခင် Move Forward) သည် ၎င်း၏ အရည်အချင်းပြည့်မီသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းကို တရားရုံး ၏ ဆုံးဖြတ်ချက်အရ ပိတ်ပင်ခံရသောကြောင့် ဝန်ကြီးချုပ်အတွက် အမည်စာရင်း တင်သွင်း နိုင်ခြင်းမရှိပေ။ အဆိုပါတရားရုံးကပင် ဒုတိယအကြီးဆုံးပါတီဖြစ်သည့် သက်ဆင်ရှင်နာ ဝါထရာ၏ ဖူထိုင်းပါတီမှ ဝန်ကြီးချုပ်နှစ်ဦးကိုလည်း ပိတ်ပင်ဖြုတ်ပယ်ခဲ့သည်။
၎င်းတို့မှာ ပြီးခဲ့သည့်အပတ်က ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် သက်ဆင်၏သမီး Paetongtarn Shinawatra နှင့် သူမ မတိုင်မီ တစ်နှစ်စောပြီး ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် Srettha Thavisin တို့ ဖြစ်သည်။
Anutin အနေဖြင့် လေးလအတွင်း ရွေးကောက်ပွဲကျင်းပရန်နှင့် အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေးလူထုဆန္ဒခံယူပွဲပြုလုပ်ရန် ကတိပြုပြီးမှသာ ပြည်သူ့ပါတီ အမတ်များ က ၎င်းကို ထောက်ခံခဲ့ပြီး အာဏာရရှိလာခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ပါတီအမတ်များ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေးစနစ်ကို ပိုမိုဒီမိုကရေစီဆန်စေရန်ဖြစ်သည်။
Anutin သည် ယခင်က မဟာမိတ်များဖွဲ့ခြင်းနှင့် ဖြိုခွဲခြင်း နှစ်ခုစလုံးကို ပြုလုပ်ခဲ့သူ ဖြစ်သောကြောင့် သူ၏ကတိများကို ထိန်းသိမ်းမည်ဟုတ်၊ မဟုတ်ကို အချို့က မေးခွန်း ထုတ်ခဲ့ကြသည်။
အကယ်၍ သူက ရွေးကောက်ပွဲကျင်းပမည်ဆိုပါက လက်ရှိရာထူး၌ ရှိနေသည့် အားသာ ချက်ကို ရှိမည်ဖြစ်သည်။ သောကြာနေ့က ပါလီမန်မှ ထွက်ခွာစဉ်တွင် Anutin က မီဒီယာ များကို “အချိန်သိပ်မရှိတဲ့အတွက် ကျွန်တော် နေ့တိုင်း၊ အားလပ်ရက်မရှိ အပြင်းအထန် ကြိုးစားလုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။
ကိုးကား - The Guardian
ပုံစာ - Anutin Charnvirakul သည် ယခင် ဒုတိယဝန်ကြီးချုပ်အနေဖြင့် ဆေးခြောက်ကို တရားဝင်အဖြစ် ပြောင်းလဲပေးရန် တာဝန်ယူခဲ့သူဖြစ်သည်။ Photo - Lillian Suwanrumpha/AFP/Getty Images