Politics
မြန်မာမှ အမြောက်ကျည်ဆန်များ တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ မြို့သို့ ကျရောက်
လွန်ခဲ့သော တစ်နှစ် က
ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအနီး တရုတ်မြို့တစ်ခုအတွင်းသို့ နယ်စပ်ဖြတ်ကျော် လမ်းလွဲလာသည့် အမြောက်ကျည်ဆန်များ ကျရောက်မှုကြောင့် လူငါးဦး ဒဏ်ရာရကြောင်း တရုတ်အစိုးရထိန်းချုပ်အောက်ရှိ Global Times သတင်းဖော်ပြမှုအရ သိရသည်။
လမ်းဘေးစတိုးဆိုင်တန်းများရှေ့ရှိ လူသွားစင်္ကြံပေါ်တွင် လူတစ်ဦး လဲကျနေပြီး လူအများက “ရဲကိုခေါ်” ဟု အော်ဟစ်နေကြသည့် ဗီဒီယိုတစ်ခု Global Times က လူမှုမီဒီယာတွင် ထုတ်လွှင့်ခဲ့သည်။
မြန်မာနိုင်ငံ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှ လမ်းလွဲလာသည့် အမြောက်ကျည်က ၎င်း၏ အုပ်ချုပ်မှုအောက်ရှိ Nansan မြို့ကို ဗုဒ္ဓဟူးနေ့ နေ့လည် ၂ နာရီ (0600 GMT) တွင် ထိမှန်ခြင်းဖြစ်သည်ဟု ယူနန်ပြည်နယ် Zhenkang မြို့မှ အရာရှိတစ်ဦးက ဗီဒီယိုတွင် အတည်ပြုသည်။
ဒဏ်ရာရသူ ငါးဦးကို ဆေးရုံသို့ သယ်ဆောင်သွားပြီးဖြစ်ကြောင်း ၎င်းဗီဒီယိုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ကိုးကန့်ဒေသသည် နှစ်ပေါင်းများစွာ အကြမ်းဖက်မှုနှင့် မတည်ငြိမ်သည့် ဒေသ ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် မြန်မာအစိုးရစစ်တပ်နှင့် သူပုန်များအကြား တိုက်ပွဲများဖြစ်ပွားစဉ် အမြောက်ကျည်များ နယ်စပ်ဖြတ်ကျော်၍ ယူနန်ပြည်နယ်အတွင်း ကျရောက်ခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား လေးဦးတို့ကို ထိခိုက်ခဲ့၍ တရုတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။
၎င်းအချိန်တွင် တရုတ်-မြန်မာနယ်စပ်မှ ၅၀၀ မီတာ (၅၄၆ ကိုက်) အနီးထိ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။
၂၀၀၉ ခုနှစ်၌ ၎င်းဒေသတွင်ပင် တိုက်ပွဲများကြောင့် လူပေါင်း သောင်းချီ၍ နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ အတင်းအကျပ် တိမ်းရှောင်စေခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာနှင့် အခွင့်အရေးလှုပ်ရှားသူ အဖွဲ့များက ဆိုသည်။
ပြီးခဲ့သည့်အပတ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၎င်းတို့၏ နိုင်ငံသားများကို လုံခြုံရေးအန္တရာယ် မြင့်တက်လာသည့်အတွက် လောက်ကိုင်မြို့မှ အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်းခဲ့သည်။
မြန်မာစစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခများ ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းမှ စတင်၍ တိုးမြင့်လာနေခြင်းဖြစ်သည်။ အိမ်နီးချင်းတရုတ်နိုင်ငံက အပစ်ရပ်ရေး ဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကာ နှစ်ဖက် ဆွေးနွေးပွဲများကိုလည်း စီစဉ်ပေးခဲ့သည်။
အောက်တိုဘာ ၂၇ နောက်ပိုင်း မြန်မာမှ လူပေါင်း ၆၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်ဟု ဒီဇင်ဘာလ လယ်ပိုင်း ကုလသမဂ္ဂအဆိုအရ သိရသည်။
တရုတ်အာဏာပိုင်များက တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ ခရီးသွားလာခြင်းမပြုရန် ပြောထားပြီး ၎င်းဒေသများသို့ ရောက်ရှိနေသူများကိုလည်း ဘေးကင်းရာတွင် နေရန် သို့မဟုတ် တရုတ်နိုင်ငံသို့ ပြန်လာရန် တိုက်တွန်းထားသည်။
တရုတ်နိုင်ငံက ပဋိပက္ခတွင် ပါဝင်နေသူများကို “သည်းခံချုပ်တည်းမှု အမြင့်ဆုံး” ထားရန်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှ အခြေအနေများကို “သိမ်မွေ့စွာ ဖြေရှင်းရန်” တိုက်တွန်းထားသည်။
ကိုးကား - Reuters
ပုံစာ - ဇန်နဝါရီလ ၃ ရက် ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လုံခြုံရေးစောင့်ကြည့်ဗီဒီယိုတစ်ခုမှ ဖမ်းယူထားသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ Nansan မြို့အတွင်း အမြောက်ကျည်ဆန်တစ်ခု ကျရောက်ပေါက်ကွဲမှုကြောင့် လမ်းပေါ်တွင် မီးခိုးများထွက်ပေါ်နေသည့် ဗီဒီယို။ (Photo: Video Obtained By Reuters/via REUTERS)
Burma Associated Press
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က