bap-logo
Data

နှစ်နှစ်အတွင်း စစ်ကောင်စီအင်အား ၁၂.၅ ရာခိုင်နှုန်းခန့် စစ်မြေပြင်၌ ပြုန်းတီးခဲ့ဟု MOD ဆို

doUSOBMNqPQDCTm3a8R0F-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၇။

 

နွေဦးတော်လှန်ရေး နှစ်နှစ်တာကာလအတွင်း စစ်မြေပြင်တွင် စစ်ကောင်စီအင်အား ၁၂.၅ ရာခိုင်နှုန်းခန့် ပြုန်းတီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD က ဆိုသည်။

 

စစ်ကောင်စီကြည်းတပ်တွင် ခြေလျင်တပ်ရင်း ၂၁၄ ရင်းနှင့် ခြေမြန်တပ်ရင်း ၃၀၇ ရင်းရှိသည့်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး တော်လှန်ရေးတပ်ဖွဲ့များက နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၃၀,၀၀၀ ခန့် နှိမ်နင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယနေ့ စက်တင်ဘာ ၇ ရက်ထုတ် ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

 

ပြည်သူ့ ခုခံတွန်းလှန်စစ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြရန် စတင် တိုက်တွန်းခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

 

နှစ်နှစ်အတွင်း တိုက်ပွဲအကြိမ်ရေ ၉,၉၀၀ ခန့် ဖြစ်ပွားခဲ့ရာ ပထမနှစ်တွင် ရန်သူ့စခန်း ၂၈ ခုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင် စခန်းပေါင်း ၁၀၇ ခုထိ သိမ်းပိုက်နိုင်ခဲ့သဖြင့် တစ်နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲ ၃ ဆကျော် ဆင်နွှဲနိုင်ခဲ့သည်ဟုလည်း MOD က အသိပေးသည်။

 

လေတပ်၊ ရေတပ်နှင့် လက်ရုံးတပ်များအပါအဝင် စစ်ကောင်စီအင်အား စုစုပေါင်း (၂၂၅,၀၀၀- ၂၄၀,၀၀၀) ခန့်ရှိနိုင်သည်ဟုလည်း MODက ပြောထားသည်။

 

ပြည်သူ့ခုခံတွန်းလှန်စစ် ဒုတိယနှစ်တွင် စစ်တပ်ဘက်က ဘက်ပြောင်းမှုများသည် တစ်ဦးချင်း၊ တစ်ယောက်ချင်း မဟုတ်တော့ဘဲ တပ်ခွဲ့အဆင့်၊ တပ်ရင်းအဆင့်လိုက် ဘက်ပြောင်းမှုများ ပေါ်လာသည်ဟုလည်း MOD က ဆိုသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပြောင်းလာသည့် တပ်မတော်သား ၃,၂၃၅ ဦး၊ ရဲတပ်သား ၁၀,၅၃၆ ဦး ရှိပြီး စိစစ်ဆဲ တပ်မတော်သားနှင့် ရဲတပ်သားများပါဝင်ပါက စုစုပေါင်း ၁၄,၀၀၀ ကျော်ရှိမည်ဟု MODက ခန့်မှန်းထားသည်။

 

နှစ်နှစ်အတွင်း မြို့နယ် ၂၅၀ ကျော်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်း ၂၉၃ ရင်း ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်နယ် ၅ ခုတွင် တိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ ၂၂ ဖွဲ့ ပေါ်ပေါက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ကတဆင့် သိရသည်။

 ပုံစာ- ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ကရင်ရှိ ကြိတ်စခန်းသိမ်းတိုက်ပွဲမှ ရရှိလာသည့် လက်နက်ခဲယမ်းများ

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော်
စစ်တပ်
အာဏာသိမ်းမှု
စစ်ကောင်စီ

Share With
bap-logo