Politics
လွိုင်ကော်စစ်ရှောင်တွေကို နေအိမ်မှာ လက်မခံဖို့ တိုက်တွန်းတဲ့ ရပ်ကွက်လူကြီးနဲ့ ရဲတွေရှိနေ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၁၇။
ကရင်နီပြည်၊ လွိုင်ကော်မြို့ကနေစစ်ရှောင်လာသူတွေကို နေအိမ်တွေမှာ လက်မခံကြဖို့ ရပ်ကွက်လူကြီးနဲ့ရဲတွေ အသိပေးတာတွေပြုလုပ်နေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း မြို့ခံ အချို့က ပြောပါတယ်။
"လက်ခံတဲ့အိမ်တွေကိုလဲဧည့်စားရင်းလာစစ်တာတွေလုပ်နေကြတယ်၊ PDF တွေပါမှာစိုးလို့လက်မခံဖို့ ဘုန်းကြီး ကျောင်းတို့ဓမ္မာရုံတို့မှာပဲလက်ခံတယ်၊ မြို့ခံတွေကလက်ခံတယ်၊ အာဏာပိုင်တွေကဖိအားပေးလို့ လက်မခံရဲ ကြတာ"လို့ ဆီဆိုင်မြို့ ဒေသခံတဦးက BAP ကို ပြောပါတယ်။
ဆီဆိုင်မြို့ထဲကို နိုဝင်ဘာလ ၁၆ ရက် ညပိုင်းအချိန်က စစ်ရှောင်ကား ၁၀ စီးခန့် အထုတ်အပိုးတွေနဲ့ ရောက်ရှိလာကြပြီး၊ နီးစပ်ရာဆွေမျိုးတွေရှိတဲ့နေရာကို ထွက်ခွာနေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်ကားတွေကို လမ်းတလျောက်ရွာတွေကအိမ်တွေမှာ ပေးမနေကြဘဲ ဘုန်းကြီး ကျောင်းကိုသာသွားခိုင်းဖို့ ကျေးရွာလူကြီးတွေက အသိပေးထား တယ်လို့ ဆီဆိုင်မြို့ကျေးရွာတခုက ဒေသခံတဦးက ပြောပါတယ်။
"ကိုယ့်ဆွေမျိုးသူငယ်ချင်းတွေ ကိုယ်နဲ့အသိတွေတောင်အိမ်မှာ ပေးမအိပ်ရဲကြဘူး၊ ရန်ရှာမှာစိုးလို့ ဘုန်းကြီး ကျောင်းကိုပဲသွားခိုင်းကြရတယ်၊ လမ်းတလျှောက်စစ်ဘေးရှောင်ကားတွေကြီးပဲ " လို့ ဆီဆိုင်မြို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ရှောင်လာသူတွေ ဆီဆိုင်မြို့နယ်ထဲမှာ လက်ရှိ အချိန်ထိရှိနေပါသေးတယ်။
"စစ်ရှောင်တွေလာရင်နေအိမ်မှာလက်မခံကြဖို့ ရပ်ကွက်လူကြီးတွေက အသိပေးကြတယ်၊၊ ရွှေညောင်၊ ညောင်ရွှေ အကုန်ပါတယ်၊ စာထုတ်ထားတာလို့ ပြောပါတယ်၊ ပြည်သူအပေါ် အာဏာတွေပြ လိုက်ကြတာ ခုလက်တွေ့ ကြုံလာရတာပါ။ ဧည့်စာရင်းလည်း အတိုင်မခံပါဘူး"လို့ ညောင်ရွှေမြို့ဒေသခံတဦးက ပြောပါတယ်။
စစ်ရှောင်တွေကို ဆီဆိုင်မြို့၊ တောင်ကြီးမြို့အိမ်ရှင်တွေက လက်မခံတာ မဟုတ်ဘဲ ရပ်ကွက်လူကြီးတွေက ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သီးသန့်စစ်ဆေးပြီးမှ လက်ခံဖို့စီစဥ်နေတာကြောင့်လို့ ဆိုပါတယ်။
တောင်ကြီးမြို့ထဲ စစ်ရှောင်လာတဲ့ပြည်သူတွေအိမ်ငှားပါက အကျိုးဆောင်ခ မယူကြဖို့၊ စစ်ရှောင်လာသူတွေကို ကူညီကြဖို့ မြို့ခံတွေအချင်းချင်း တိုက်တွန်းထားပါတယ်။
"စရံကိုလည်း ၆လတင်မှ ရမယ် ဘာညာတွေလည်း မလုပ်ကြပါနဲ့လို့ အခက်အခဲဖြစ်နေကြတာပါရှင့် နေအိမ်မှာ လက်မခံရဲလည်း အိမ်ငှားလို့ရမယ့် နေရာ အခမဲ့တည်းလို့ရမယ့်နေရာကို ပရဟိတအဖွဲ့တွေက ကူညီကြပါရှင် "လို့ တောင်ကြီးမြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှစပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ လွိုင်ကော်၊ မိုးဗြဲ မြို့တွေမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။
ဓာတ်ပုံ - The Clean Yangon
Top News
လွန်ခဲ့သော ၈ နာရီ က
လွန်ခဲ့သော ၅ ရက် က