bap-logo
Politics

လွိုင်ကော်က ထွက်ချင်သူတစ်ဦးလျှင် ခရီးစရိတ် ကျပ်တစ်သိန်းအထိရှိနေ

t0z9inSqaCeuLUUv5j6Hf-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၁၇။

 

ကရင်နီပြည်၊ လွိုင်ကော်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြို့တွင်း ပိတ်မိနေသူတွေ လူတစ်ဦးကို ငွေကျပ် တစ်သိန်းထိ ပေးရပြီး ထွက်ခွာနေကြတယ်လို့ လွိုင်ကော်မြို့မှာပိတ်မိနေသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

 

"မိန်းမနဲ့ကလေးတွေ ပိတ်မိနေတယ်၊ ကျွန်တော်က ဆီဆိုင်မြို့ဘက် အလုပ်နဲ့ရောက်နေတာ၊ ခုမိသားစုကိုခေါ်ဖို့ မေးတာ၊ တစ်ယောက်တစ်သိန်းနဲ့ ခေါ်ထုတ်လာပေးမယ့် စိတ်ချရတဲ့လမ်းကြောင်းနဲ့ ကားရှိတယ်လို့ ပြောတယ် "လို့ လွိုင်ကော်မြို့မှာ ပိတ်မိနေတဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

 

လွိုင်ကော်မြို့ထဲက ပိတ်မိနေတဲ့စစ်ရှောင်ပြည်သူတွေ ရှမ်းပြည်တောင်ပိုင်း မြို့နယ်တွေနဲ့ ကယားပြည်နယ် အတွင်းက အခြားမြို့နယ်တွေကို စစ်ရှောင်လာကြတာဖြစ်ပါတယ်။

 

ယမန်နေ့ကအထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူအများ အပြားလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

 

အခု ပြေးလာရတဲ့ စစ်ဘေးရှောင်က ပစ်ခတ်မှုတွေကြားက ပြေးလာရတာ၊ မရှိရှိတာရောင်းချပြီး မြို့ထဲကနေ ထွက်ဖို့ ကြိုးစားနေကြတာ၊ လိုက်ပို့ပေးမယ့် သူမရှိတော့ ဗုံးခိုကျင်းတွေတူးပြီး နေထိုင်ကြသူတွေ အများကြီး ရှိနေကြသေးတယ်လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

 

စစ်ရှောင်တွေဟာ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးလာသူတွေရှိသလို၊ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပို့ဆောင်ပေးမှုတွေရှိနေတယ်လို့ သိရပါတယ်။

 

တိမ်းရှောင်လာတဲ့သူတွေ များနေတာကြောင့် ကူညီပေးနေတဲ့ အရေအတွက်ထက် စစ်ရှောင်မိသားစု အရေအတွက် ပိုများနေတာကြောင့် ကားတွေ အခက်အခဲရှိနေတယ်လို့ ပိတ်မိနေသူတွေက ပြောပါတယ်။

 

"ဘယ်လောက်ကြာမယ်မှန်းမသိတော့ အိမ်ငှားမယ်လို့ စိတ်ကူးထားတယ်၊ ကျမတို့က ၁၅ ရက်က စထွက်လာ သူတွေဆိုတော့ ကားခစုငှားလိုက်တာ သိပ်မကုန်လိုက်ဘူး၊ ဒီနေ့ကပိုဆိုးနေတယ်၊ လိုက်ပို့ပေးဖို့ လူရှားတယ်၊ လူတယောက် တစ်သိန်းဆိုတော့ မိသားစုကျန်ခဲ့သူတွေကျ မတတ်နိုင်တော့ အကူညီပေးတဲ့ကားတွေကိုပဲ စောင့်နေကြရသူတွေအများကြီး "လို့ စစ်ရှောင်လာသူတစ်ဦးက ပြောပါတယ်။

 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ရှောင်လာသူတွေ ရက်ပိုင်းအတွင်း၊ ထောင်နဲ့ချီ ရှိနေနိုင်တယ်လို့ ဒီးမော့ဆို ဒေသခံတွေက ပြောပြပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှစပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ လွိုင်ကော်မြို့မှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတာပါ။

 

နိုဝင်ဘာလ ၁၄ ရက်က လွိုင်ကော်မြို့ထဲပိတ်မိနေတဲ့ ပြည်သူတွေနဲ့အတူ UN ဝန်ထမ်းတွေ၊ NGO တံဆိပ် တပ်ထားတဲ့ ကားတွေ ရှမ်းပြည်တောင်ပိုင်း ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပြ ပါတယ်။

 

ဓာတ်ပုံ - Clean Yangon

 

Burma Associated Press

ကယား(ကရင်နီ)
လွိုင်ကော်
အရပ်သား
ဒုက္ခသည်
ပဋိပက္ခ

Share With
bap-logo