Urban Life
နေရာပြောင်းရင် ဆက်ဆံရေးပြောင်းတဲ့ ပြည်သူ့ဆေးရုံပေါ်က ပုဂ္ဂလိကဝန်ထမ်းတွေ
လွန်ခဲ့သော ၉ နာရီ က
BAP၊ ဧပြီ ၈။
ပုဂ္ဂလိကအထူးကု ဆေးရုံကြီးတွေမှာ ပြုံးရွှင်တဲ့ ဟန်အမူအရာ၊ ရိုးကျိုးဖော်ရွေတဲ့ ပုံစံတွေနဲ့ မြင်တွေ့ရ တတ်တဲ့ ဝန်ထမ်းတွေဟာ ရန်ကုန်ပြည်သူ့ဆေးရုံလို နေရာမျိုးမှာတော့ အခြားတယောက်လို ပုံစံပြောင်း လဲ သွားပါတယ်။
“ဆရာဝန်ကြီးတွေလှည့်နေတယ် ဝင်မရဘူး”
“ဒီဖက်ကမတက်ရဘူး၊ ဟိုဖက်ကတက်”
“ဒီမှာသန့်ရှင်းရေးလုပ်နေတာ လူလိုနားမလည်ဘူးလား၊ ဧည့်တွေ့ချိန်ကုန်ပြီ”
“အမှိုက်တွေ ဘယ်လိုပစ်နေတာလဲ လူလိုနားမလည်ကြဘူးလား”
စတဲ့ ငေါက်ငမ်းစကားသံတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေကခန့်ထားတဲ့ ဝန်ထမ်းတွေက ပြည်သူ့ဆေးရုံ လာတက်သူတွေကို ဆက်ဆံနေတဲ့ စကားလုံးတွေပါ။
ပုဂ္ဂလိက ကုမ္ပဏီတွေက ခန့်ထားတဲ့ ဝန်ထမ်းတွေထံက ရင့်သီးတဲ့စကားလုံးတွေနဲ့ ပြောဆိုဆက်ဆံ နေတာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၇ ထပ်ဆောင်မှာ ဆေးရုံလာတက်သူတွေ အများအပြား ကြုံနေရ ပါတယ်။
ဒီဆေးရုံဟာ လသာမြို့နယ် အနော်ရထာလမ်းမပေါ်မှာရှိပြီး မြန်မာပြည်အတွင်းက ပြည်သူ့ဆေးရုံ တွေထဲမှာ အကြီးဆုံးနဲ့ စက်ကရိယာပစ္စည်းအစုံလင်ဆုံး ဆေးရုံတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ပြည်သူ့ဆေးရုံတွေမှာ အောက်ခြေဝန်ထမ်းတွေ၊ သူနာပြုတွေက အော်ငေါက်သံ၊ ဆဲဆိုသံ၊ အလုပ်သမား အချို့ရဲ့ ငွေကြေးတောင်းခံတာတွေက လူတိုင်းနီးပါးကြုံဖူးကြပါလိမ့်မယ်။
အဲဒီလို ဆက်ဆံတတ်တဲ့ ဝန်ထမ်းတွေဟာ ပြည်သူ့ဆေးရုံမဟုတ်တဲ့ အခြားနေရာတွေမှာ အခုလို မလုပ်ကြပါဘူး။
ဆေးရုံအတွက် ပုဂ္ဂလိကကုမ္ပဏီတွေကနေ စစ်တပ်က ငွေကြေးပေးငှားရမ်းထားတဲ့ လခစား ဝန်ထမ်း တွေဟာ ဒီနေရာ (ရန်ကုန်ဆေးရုံကြီးကို) ရောက်လာတာနဲ့ ပြောဆို ဆက်ဆံပုံပြောင်းလဲသွားကြတယ်လို့ ကိုယ်တိုင်ကြုံ ခဲ့သူတွေက ပြောကြပါတယ်။
“ကျမတို့ လူနာလာကြည့်တာပါ၊ ဒီလူတွေက အာယုဆေးရုံကြီးလိုနေရာမှာ ယဉ်ကျေးပျူငှာသလောက် ပြည်သူ့ဆေးရုံရောက်ရင် ပြောင်းလဲသွားလိုက်ကြတာ အစိုးရဆေးရုံဝန်ထမ်းတွေရဲ့ ဓာတ်များကူးသွား သလား အောက်မေ့ရတယ်"လို့ လူနာကြည့် အမျိုးသမီးက မကျေနပ်ဟန်နဲ့ ပြောပါတယ်။
ပြည်သူ့ဆေးရုံရဲ့ မြေညီထပ်နေရာတခုမှာ အထုတ်အပိုးတွေကိုင်ထားတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီး နှစ်ဦးဟာ မောပန်းနေတဲ့ဟန် ညိုးငယ်နေတဲ့ အမူအရာနဲ့ဓာတ်လှေကားရှေ့မှာ ရပ်နေပါတယ်။
ဓာတ်လှေကားတံခါးဖွင့်လာချိန်မှာ သူတို့နှစ်ယောက်ဟာ လူအချို့နဲ့အတူ အထဲဝင်ဖို့ ဟန်ပြင်လိုက် ပါတယ်။
ဓာတ်လှေကားရဲ့ အတွင်းအဝမှာ ပုဂ္ဂလိက ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသား တဦး ရှ်ိနေပြီး ဓာတ်လှေကားဝကဝင်လာတဲ့သူတွေကို
“ဘယ်အထပ်လဲ ဟိုဖက်ဘေးကပ်လို့ မာကျောတဲ့ အသံနဲ့ပြောပြီး တံခါးခလုတ်ကို နှိပ်လိုက်ပါတယ်။
ဓာတ်လှေကားအတွင်းရှိနေသူအချို့က မသိမသာအနေထားမျိုးနဲ့ ဓာတ်လှေကားမောင်းသူကို ငွေကြေး ပေးတတ်ကြပါတယ်။ ငွေမပေးသူတွေကို ဓာတ်လှေကားအတွင်းမှာ ဒီအမျိုးသားက ပေါ်တင်တောင်း တတ်ပြီး၊ အချို့ ငွေမပေးဘဲ အပြင်ကိုအထုပ်အပိုးနဲ့ ထွက်သွားပါက တံခါးခလုတ်ကို ရပ်ကာ နောက်ကနေ လိုက်လံတောင်းယူနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒီလိုအခြေအနေတွေက ၇ ထပ်ဆောင်ဆေးရုံမှာ လာရောက်သူတွေ နေ့စဥ်ကြုံနေရတဲ့ အခြနေတခုလို့ ဆေးရုံလာတက်သူ လူနာစောင့်တွေက ပြောကြပါတယ်။
“သန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းကောင်မလေးကလည်း သူသန့်ရှင်းရေးလုပ်ချိန် ဘေးကနေဖြတ်သွားတာကို မျက်နှာကြောတင်းတင်းနဲ့ အော်ငေါက်တယ်၊ လူနာအသက်ရူကြပ်နေလို့ ဆရာဝန်ခန်းကိုသွားတာ မသိလို့ ဖြတ်တာကို ဒီမှာကြမ်းတိုက်နေတာမမြင်ဘူးလား၊ ကန်းနေတာလားဆိုပြီးဆဲတယ်” လို့ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ကနေ ဆေးရုံလာတက်တဲ့လူနာစောင့်တဦးက သူကြုံရတာကို ပြန်ပြောပြ ပါတယ်။
ဆရာဝန်သူနာပြုတွေကို မပေးရဘူး။ သူတို့ကိုပဲကြောက်နေရတာ။ အစိုးရဝန်ထမ်းတွေထက်သူတို့ကို ကြောက်နေရတယ်
ရန်ကုန်ဆေးရုံကြီး ၇ ထပ်အဆောက်အဦဟာ ပုဂ္ဂလိကဆေးရုံကြီးတွေနီးပါး အဆင့်မြင့်တဲ့ အပြင်အဆင် တွေရှိနေပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ထပ်မံဖွင့်လှစ်တိုးချဲ့ထားတဲ့ အဆင့်မြင့် ၇ ထပ်ဆောင် ကုတင် ၄၀၀ ဆံ့ ဆေးရုံဖြစ်ပါတယ်။ ဒီဆေးရုံသစ်ကြီးမှာ ဓာတ်မှန်ခန်း ၆ ခန်း၊ ကွန်ပြူတာ ဓာတ်မှန်ခန်း ၂ ခန်းပါဝင်တဲ့အဆောင်တွေ၊ ဓာတ်ခွဲခန်း အဆောင်တွေ၊ သွေးရောဂါကုသဆောင်တွေ၊ ရိုးတွင်းခြင်ဆီ အစားထိုး ကုသဆောင်၊ ဖျားနာကုသဆောင်တွေ ရှိပါတယ်။
အမျိုးသား အမျိုးသမီးလူနာဆောင်တွေ၊ သီးသန့် လူနာခန်းတွေရှိပြီး တာဝန်ကျ ဆရာဝန်၊ ဆရာမတွေ သူနာပြု နားနေခန်းတွေနဲ့ အခြားအထွေထွေရောဂါ ကုသအဆောင်တွေနဲ့စာသင်ခန်းတွေပါရှိတဲ့ အဆင့်မြင့် ဆေးရုံတခုအဖြစ်တည်ရှိနေတာပါ။
အောက်ဆုံးထပ်မှာ CD scan ရိုက်တဲ့စက်ကြီးတွေ ထားရာအခန်း၊ ဓာတ်မှန်ရိုက်ရာနေရာ၊ အခြား ဆေးစစ်ခန်းတွေအပြင် ATM စက်တွေ၊ အဆင့်မြင့်ဓာတ်လှေကား ၄ ခု လည်းရှိပါတယ်။
အမျိုးသားလူနာဆောင်နဲ့အမျိုးသမီးလူနာဆောင်ဖက်မှာ ဓာတ်လှေကားတခုဆီ ပါဝင်ပါတယ်။
ဒီဓာတ်လှေကားနှစ်ခုကို မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိသာ အသုံးပြုဖို့သတ်မှတ်ထားပါတယ်။ ဆေးရုံအလယ်ဝင်ပေါက်မှာတာ့ ဆရာဝန်တွေအတွက်တခုနဲ့ အရေးကြီးလူနာ အများဆုံး အသုံးပြုရတဲ့ ဓာတ်လှေကားနှစ်ခုရှိနေပြီး ပုံမှန်လူနာစောင့်တွေနဲ့ဧည့်သည်တွေကို ညနေ ၅ နာရီနောက်ပိုင်းမှာ အသုံးပြုဖို့ သတ်မှတ်ထားပါတယ်။
ဆေးရုံအဝင်မှာ တူညီဝတ်စုံဝတ်ထားတဲ့ လုံခြုံရေး၊ သန့်ရှင်းရေးဝန်ထမ်းတွေက ဆေးရုံလာ တက်သူ တွေကို အော်ငေါက်တတ်ကြပေမဲ့ ဘယ်သူကမှ ပြန်မပြောတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆေးရုံလာ တက်သူတွေက ပြောပါတယ်။
“ဆရာဝန်သူနာပြုတွေကို မပေးရဘူး။ သူတို့ကိုပဲကြောက်နေရတာ။ အစိုးရဝန်ထမ်းတွေထက်သူတို့ကို ကြောက်နေရတယ်”လို့ ဆေးရုံလူနာလာကြည့်သူအမျိုးသားတဦးက ပြောပါတယ်။
ပြည်သူ့ဆေးရုံဆိုတာက ဆရာဝန်ကုသခနဲ့ အခန်းခ၊ ကုတင်ဖိုးတာ အခမဲ့ရပေမယ့် ကုသတဲ့ဆေး ၈၀ ရာခိုင်နူန်းက ပြင်ပကနေဝယ်ယူနေရပါတယ်။
အရေးကြီးလူနာတွေကို ခွဲစိပ်ပေးတာ၊ အောက်ဆီဂျင်ပေးတာ၊ နှလုံးနှိုးစက်နဲ့ အသက်ရူအောင် လုပ်ပေး တာ၊ အထူးကုသမားတော်တွေ နေ့စဉ်ကြည့်ပေးတာ၊၂၄ နာရီလုံး ဆရာဝန်သူနာပြူတွေ အဆင်သင့်ရှိနေ တာဖြစ်လို့ ကျန်းမာရေးကိစ္စကြုံလာတဲ့အခါ ဒီဆေးရုံမှာပဲ တက်ရောက်ကုသချင်သူတွေ အများအပြားရှိ နေပါတယ်။
နေ့စဉ် အစားအသောက် လာရောက်လှူဒါန်းသူတွေ အများအပြားရှိနေတာကြောင့် ထမင်းတန်းစီတဲ့ လူအပိုရှိပါက စားစရိတ်သက်သာနိုင်တယ်လို့ ဆေးရုံတက်ရောက်သူတွေက ပြောပါတယ်။
“တရက် ၄ ကြိမ်ဝေတယ်။ တန်းစီဖို့ လူတယောက်အပိုရှိရင် စားစရိတ်သက်သာတာပေါ့။ တချို့လူတွေ ကလည်း စည်းကမ်းမရှိတော့ အော်ခံရတာတွေလက်ခံတယ်။ ဓာတ်လှေကအသုံးပြုခပုံစံ ငွေတောင်းတာ ကတော့ လက်မခံနိုင်ဘူး။ ပျော်လို့လာကြသူတွေမပါဘူးလေ"လို့ လူနာစောင့် အမျိုးသမီးတဦးက ပြောပါတယ်။
ပဲခူးမြို့မှာနေတဲ့ မမူမူကတော့ မိခင်ဖြစ်သူ နှလုံးသွေးကြောပိတ်ရောဂါအပြင် ရိုးတွင်းချဉ်ဆီအားနည်းတဲ့ ရောဂါ၊ အဆုတ်ပိုးဝင်တဲ့ရောဂါတွေဖြစ်နေလို့ ဒီဆေးရုံမှာ ဆေးရုံတက်နေရတာ တစ်လခွဲကျော် ရှိနေပါပြီ။
မိခင်ဖြစ်သူဟာ အထူးကြပ်မတ်ခန်းမှာ ကုသနေရတာကြောင့် သူတို့မောင်နှမ သုံးယောက် အလှည့်ကျ စောင့်ရင်း ဆေးရုံကြီးမှာ အဆင်ပြေသလို နေထိုင် စားသောက်နေရပါတယ်။
ဒီဆေးရုံမှာ ရောဂါအမျိုးမျိုးအတွက် သွေး၊ ဆီးစစ် စတဲ့စစ်ဆေးမူမျိုးတွေကို ဆေးရုံကြီးအနီးက ပုဂ္ဂလိက ဓာတ်ခွဲခန်းမှာ စစ်ဆေးရသလို ဆေးဝယ်ရင်လည်း ပြင်ပကနေ အများဆုံးဝယ်ယူရတာပါ။
“တရက်တရက် အောက်ကိုဆေးဝယ်တာ သွေး၊ ဆီးစစ်ဖို့နေရာသွားရတာ ထမင်းဆင်းဝယ်ဘာညာနဲ့ဆို တရက် လေးခေါက် အနည်းဆုံးဆင်းဝယ်ရတယ်။ အထပ်မြင့်တော့ ဓာတ်လှေကားကိုပဲ သုံးရတာ ဓာတ် လှေကားက တရက်ကို လူက သုံးခါလောက်ပြောင်းနေတော့ တယောက်ကို တထောင်ပေးရရင် လေးထောင်ကုန်မယ်။ အချို့လူတွေက မပေးရင်ရပေမဲ့ နှစ်ယောက်လောက်က မပေးမဖြစ်ကိုပေးရတယ်။ မရှိလို့ဒီဆေးရုံလာတက်တာ ဒီလိုလူတွနဲ့ကြုံတော့ မလိုအပ်ဘဲ ကုန်နေတာ” လို့ မမူမူက သူတို့ကြုံနေရ တာကို ပြောပါတယ်။
ဒီလို ပုဂ္ဂလိကဝန်ထမ်းတွေကို ငွေကြးပေးနေရတာကို စိစစ်ပေးဖို့ ဆန္ဒရှိကြပေမဲ့ ဘယ်သူကမှ မတိုင်ရဲ ကြဘူးလို့ ဆေးရုံလာတက်သူတွေက ပြောကြပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၇ ထပ်ဆောင်ဆေးရုံဟာ အဆင့်မြင့် (၇) ထပ် ဆောင်ကို ငွေကျပ် ၂၁.ဘီလီယံ ကျော် အကုန်ကျခံဆောက်လုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်၊ မေ ၂၇ ရက်က စတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီပုဂ္ဂလိကကုမ္ပဏီတွေကခန့်ထားသူတွေကို ဆေးရုံသန့်ရှင်းရေး ဝန်ဆာင်မူနေရာ၊ ဓာတ်လှေကား အဖွင့် အပိတ်လုပ်ပေးရတဲ့နေရာ၊ တံခါးအဝင်အထွက်၊ ဆေးကုသဆောင် လုံခြူံရေးနေရာတွေမှာ တာဝန် ပေးထားကြပါတယ်။
လူနာသယ်ဖို့ ကုတင်တွန်းတာ၊ ဝှီးချဲတွန်းတာ၊ ဆေးစစ်ထားတဲ့စာရွက် ပို့တာ၊ လူနာအတင်အချလုပ်တာ၊ သွေးအိတ်သယ်ပေးတာတွေကိုတော့ စစ်တပ်ခန့် ဝန်ထမ်းတွေကိုပဲ လုပ်ဖို့ခွင့်ပြုထားတာပါ။
ဒီလူတွေကိုလည်း ကုတင်အပြာင်းအရွေ့၊ လူနာသယ်ပေးတာတွေအတွက် သုံးထောင်ကျပ်ကနေ ၅ ထောင်ကျပ်အထိ ပေးရပါသေးတယ်။
ပိုက်ဆံတန်ခိုးကအတော်ကြီးတယ်၊ ငွေပေးထားတော့ လူကိုတောင်ပွေ့ချီမတတ် ပါးစပ်ကနားရွက် ချိတ်မတတ်ပြုံးကြ၊ အစစ်ဆေးမရှိပေးဝင်တော့ အခြားသူတွေကိုလည်းအားနာရတာပေါ့၊ တန်းတူဆက် ဆံ စေချင်တယ်
စစ်တပ်ခန့်ဝန်ထမ်းတွေအော်ငေါက်တာတွေဟာ သမားရိုးကျဖြစ်နေကျမို့ မထူးဆန်းပေမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေက ခန့်ထားသူတွေကပါ ငွေတောင်းတာအပြင် ရိုင်းပြတဲ့အမူအရာတွေက ကုမ္ပဏီက ခန့်အပ် ထားတာချင်းအတူတူ နေရာဒေသမတူတာနဲ့ ဆက်ဆံပုံကွာခြားနေတယ်လို့ ပုဂ္ဂလိက ဆေးရုံမှာရော ရန်ကုန်ဆေးရုံကြီးမှာပါ တက်ဖူးသူတွေက ပြောကြပါတယ်။
“အစိုးရက လူမလောက်လို့ ဒီဝန်ထမ်းတွေကို ပြင်ပကနေ ခန့်ထားတာ၊ သူတို့က ခွဲခြားဆက်ဆံမူ ပြုလို့မရ ဘူး၊ ငွေလည်းတောင်းခွင့်မပြုဘူး ကုမ္ပဏီတွေက ကိုယ့်ဝန်ထမ်းတွေကို ထိန်းကြောင်းပေးဖို့ လိုတယ်”လို့ လုံခြုံရေးအငှားဝန်ဆာင်မူလုပ်ငန်းလုပ်သူ တဦးက ပြောပါတယ်။
ဒီဝန်ထမ်းတွေဟာ ငွေကြေးတတ်နိုင်သူတွေအပေါ်မှာတော့ ဆက်ဆံရေးကောင်းတတ်ကြပါတယ်။
မမိမိရဲ့ အဒေါ်ဟာ ဦးနှောက်ပိုးဝင်ရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ အဆုတ်ပိုးဝင်ရောဂါတွေကို ပြင်ပ ပုဂ္ဂလိက ဆေးရုံတွေက လက်လျှော့လိုက်တာကြောင့် ရန်ကုန်ရုံကြီး ၇ ထပ်ဆောင်ကို ပြောင်းရွေ့လာသူ ပါ။ ငွေကြေးအတော်အတန်ပြည့်စုံတဲ့ မမိမိတို့မိသားစုက ဓာတ်လှေကားမောင်းသူ၊ သန့်ရှင်းရေး ဝန်ထမ်း၊ လုံခြုံရေးဝန်ထမ်းအချို့ကို မုန့်ဖိုးငွေကြေးသောင်းဂဏန်းပေးထားတာကြာင့် သူတို့ဟာ အခြား လူနာစောင့်တွေထက် အခွင့်အရေးပိုရကြပါတယ်။
“ပိုက်ဆံတန်ခိုးကအတော်ကြီးတယ်၊ ငွေပေးထားတော့ လူကိုတောင်ပွေ့ချီမတတ် ပါးစပ်ကနားရွက် ချိတ်မတတ်ပြုံးကြ၊ အစစ်ဆေးမရှိပေးဝင်တော့ အခြားသူတွေကိုလည်းအားနာရတာပေါ့၊ တန်းတူဆက် ဆံ စေချင်တယ်”လို့ မမိမိက ပြောပါတယ်။
ရန်ကုန်ပြည်သူဆေးရုံတွေမှာ တက်ရောက်ကုသဖို့ရွေးချယ်ရသူတွေထဲမှာ အခြေခံလူတန်းစားတွေ သာမက လူလတ်တန်းစားတွေပါ အားကိုးနေရတာပါ။
ပြင်ပပုဂ္ဂလိကဆေးရုံတွေမှာ ဆေးရုံတက်ပါက ဆရာဝန်လူနာကြည့်ခ၊ သူနာပြုဝန်ဆောင်ခ၊ သန့်ရှင်းရေးခ ဆေးရုံဝန်ဆောင်မှုအတွက် ငွေကြေးအများအပြားပေးနေရပါတယ်။
ပြင်ပပုဂ္ဂလိကဆေးရုံတွေမှာ ဆေးရုံတက်ရပါက အခန်းခအဖြစ်တရက်ကို ၅ သောင်းကျပ်ကနေ ၅ သိန်း ကျပ်အထိ ကုန်ကျစရိတ်ရှိနေပါတယ်။
လက်ရှိကာလအနေထားအရ ပြည်သူ့ဆေးရုံတွေမှာဝန်ထမ်းအင်အား မလုံလောက်လို့ ပြင်ပကုမ္ပဏီ တွေကနေ ငှားရမ်းအသုံးပြုနေတာဖြစ်လို့ ပုဂ္ဂလိကဝန်ထမ်းတွေနဲ့ပတ်သက်ပြီး မကျေနပ်ပါက ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားနိုင်တယ်လို့ ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ကျဆရာဝန်တဦးက ပြောပါတယ်။
“ကျနော်တို့က လူနာကိုသာအထူးဂရုစိုက်နေရလို့ ဒီလိုကိစ္စတွေက အုပ်ချုပ်ရေးအဖွဲ့တို့ ဆေးရုံလူမူ ဆက်ဆံရေးဌာနတွေမှာတိုင်ကြားနိုင်တယ်။ တိုင်ကြားရမဲ့နံပါတ်တွေလည်း စာရွက်နဲ့ ကပ်ထားပါတယ်” လို့ တာဝန်ကျဆရာဝန်တဦးက ပြောပါတယ်။
ဒီဆေးရုံမှာတက်ရောက်ကုသသူတွေကို လူနာစောင့်အဖြစ် အများဆုံးနှစ်ယောက်သာ ခွင့်ပြုထား ပါတယ်။
ထမင်းစားဖို့နေရာ၊ အမှိုက်ပစ်ဖို့နေရာတွေလည်း သတ်မှတ်ထားပါတယ်။
လူနာစောင့်တွေ ဆေးရုံအခန်းအတွင်း ထမင်းစားခွင့်မပြုထားပါဘူး။ ရပ်ဝေးကလာရောက်တဲ့ အခြား အပိုလူနာစောင့်တွေကို လူနာစောင့် သီးသန့်နားနေဆောင်မှာ အိပ်ခွင့်ပေးထားပါတယ်။ သံမံတလင်း သာခင်းထားတဲ့ အခန်းတွေမှာ ညအိပ်နားနေခွင့်ပြုထားတာပါ။
ဆေးရုံဝင်းအတွင်း ပုဂ္ဂလိကငှားရမ်းထားတဲ့ လုံခြုံရေးဝန်ထမ်းတွေက ၂၄ နာရီ စောင့်ကြည့်ပြီး လူနာစောင့်လည်ဆွဲကတ်မပါပါက ညအိပ်ခွင့်မပြုဘဲ ဧည့်စာရင်းတိုင်ကြားရပါတယ်။
ဒီဆေးရုံလာတက်သူတွေထဲမှာ အသက် ၆ နှစ်၊ ၄ နှစ်နဲ့ လသားအရွယ် ကလေး တွေရဲ့ မိခင်တဦးလည်း ပါဝင်နေပါတယ်။
ဒီအမျိုးသမီးဟာ ဦးခေါင်းကိုက်တဲ့ရောဂါ အသက်ရှုရခက်တဲ့ အဆုတ်အား နည်းတဲ့အခြေအနေတွေနဲ့ ဆေးရုံကို ရောက်လာသူပါ။
လူခွဲမရှိလို့လသားအရွယ်ကလးငယ်ကို တရက် ၇ ထောင်ကျပ်နဲ့ အခြားသူဆီမှာ အပ်ထားပြီး ဆေး ရုံတက်ဖို့ အမျိုးသားအပါဝင်ကလေးနှစ်ဦးကို ခေါ်လာပါတယ်။
သူတို့စားဖို့အတွက်ကို ဆေးရုံကို လာရောက်လှူဒါန်းတဲ့ အစားအသောက် တန်းစီယူပြီး ဖြေရှင်း နေကြရကာ ဆေးဖိုးကိုတော့ အလှူရှင်အချို့ပေးထားတဲ့ငွေရယ် ဆေးရုံက အခမဲ့ပေးတဲ့ ဆေးတွေကို အသုံးပြုနေကြရ တာပါ။
ဒီအမျိုးသမီးရဲ့ ခင်ပွန်းက ဆေးဝယ်တာ၊ ဆေးထုတ်တာတွေပြုလုပ်ပြီး ၈ နှစ်အရွယ် ယောက်ကျားလေး ကလေးငယ်က ထမင်းတန်းစီ၊ အမှိုက်သွန်၊ ဆီးအိုးသွန်တဲ့အလုပ်လုပ်ကို ဆေးရုံတက်တဲ့ တစ်လနီးပါး ကြာတဲ့ထိလုပ်နေတာကို မြင်ရသူတိုင်းက ဂရုဏာသက်ကြပါတယ်။
သူတို့မိသားစု လေးယောက်ဟာ လာလှူတဲ့အလှူရှင်တွေ လှူတာမှန်သမျှကို ကလေးငယ်က တန်းစီယူရင်း ဆေးရုံမှာတလနီးပါးကြနေတာကြောင့် ဆေးရုံဝန်ထမ်းတွေကအစ မှတ်မိနေကြပါတယ်။
ညအချိန်ရောက်ပြီမို့ လူနာစောင့်တွေဟာ ဆေးရုံလူနာကုတင်ဘေးက နေရာလွတ်တွေမှာ အိပ်ဖို့ ပြင်ဆင်နေကြပါတယ်။ အမျိုးသမီးလူနာအဆောင်ဖြစ်လို့ ပုဂ္ဂလိကကုမ္ပဏီအမှတ်တံဆိပ်ပါ ဝတ်စုံဝတ် ထားတဲ့ လုံခြုံရေးဝန်ထမ်တွေကလည်း ဆေးရုံအခန်းအတွင်း နာစောင့်တွေ တဦးထက် ပိုနေသလား ၊အခန်းအတွင်း လူနာစောင့်တွေ ထမင်းစားနေသလား၊ ဧည့်သည်တွေ ပြန်ပြီလားစတဲ့အခြေနေတွေကို လိုက်လံစစ်ဆေးနေပါတယ်။
မိခင်ကိုလူနာစောင့်အနေနဲ့ ပြုစုဖို့ ဆေးရုံပေါ်ရောက်နေတဲ့ ၈ နှစ်အရွယ် ကလေးငယ်ဟာ ဖော့ဘူးခွံတွေ သူ့အရပ်ထက်ထက်ဝက်မကမြင့်တဲ့ အမှိုက်တွေထည့်ထားတဲ့ အိတ်အမဲကြီးကိုကိုင်ပြီး အမှိုက်ပုံးရှိရာ နေရာကို တရွေ့ရွေ့သွားနေပါတယ်။
ဒီမြင်ကွင်းကို ကြည့်နေတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းအမျိုးသမီးက ကြည့်ရင်းသူ့ရဲ့ ပါးစပ်က နေ စကားသံထွက်လာပါတယ်။
“နင့်အမေက တနေကုန်သူများကျွေးတာတွေမှန်သမျှ တည့်လားမတည့်လားမတွေးဘူး အကုန်မြိုစို့ထား တာမလား ခဏနေ ဆေးရုံတဆောင်လုံးကို အိပ်မရအောင် အော်ဟစ်ဆူညံတော့မယ် အကုသိုလ် ပေးတဲ့ဟာတွေ” လို့ မကျေနပ်တဲ့အသံနဲ့ ကလေးငယ်ကို ဟိန်းဟောက်လိုက်သံက ၇ ထပ်ဆောင်တခုလုံး ကြားရမတတ်ပါပဲ။
Top News
လွန်ခဲ့သော ၉ နာရီ က
လွန်ခဲ့သော ၅ ရက် က