Urban Life
စစ်မီးထဲက နိုးထဖို့ ရုန်းကန်နေရတဲ့ “မြို့”
လွန်ခဲ့သော ၅ နာရီ က
BAP၊ ဇွန် ၁၀။
( အသိပေးချက်- ယခုဆောင်းပါးပါ အမည်များကို လုံခြုံရေးအရ လွှဲပြောင်းသုံးစွဲထားပါတယ်။)
အိမ်တိုင်ပါမကျန် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ သူ့အိမ်ရှိရာ ဒီနေရာကို မအိ ထပ်လာဖို့ အင်အားမရှိတော့ သည်မှာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
အရင်က အိမ်ကြီးအိမ်ကောင်း ပရိဘောဂအပြည့်အစုံနဲ့သူတို့အိမ်လေးဟာ စစ်မီးကြောင့် ပျက်စီးခဲ့ရပြီး ဒီနေ့အချိန်အထိ ပြန်မဆောက်နိုင်သေးပါဘူး။
"ဒီခေတ်လိုဈေးနူန်းနဲ့ အိမ်ပြန်ဆောက်နိုင်ဖို့ဆိုတာ ဘယ်လိုတတ်နိုင်ဦးမှာလဲ၊ စစ်ပြီးတဲ့အချိန် ပြန်လာ ကြည့်တုန်းကတောင် သတိမေ့တဲ့အထိ ခံစားခဲ့ရတာလေ၊ ကိုယ်မွေးထားတဲ့ရင်သွေးလေးက ကိုယ့်ရှေ့မှာ မီးလောင်ပြီး သေဆုံးတာလားဆိုတဲ့ ခံစားချက်မျိုး ခံစားခဲ့ရတာ"လို့ မအိကသူ့ခံစားချက်ကို ပြောပြရင်း ရင်ဘတ်ကို လက်နဲ့ဖိထားပါတယ်။
မအိရဲ့အိမ်ဟာ စစ်ပွဲကာလတုန်းက ပအိုဝ်းပြည်သူ့စစ်တွေ စခန်းချသွားတဲ့ နေရာတခုပါ။ စစ်ပွဲရောက် လာတဲ့အချိန်မှာ ဘာပစ္စည်းမှမသယ်နိုင်ဘဲ ဝတ်ထားတဲ့အဝတ်အစားနဲ့သာ သူတို့မိသားစု အသက်လု ပြေးခဲ့ရတယ်လို့ မဝေးလှတဲ့ အတိတ်က ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။
"ချွေးနည်းစာလေးနဲ့စုဆောင်းပြီး ဆောက်ခဲ့ရတဲ့ အိမ်ကလေး ခဏပဲဆိုပြီးစစ်ရှောင်လိုက်တာ ဘာပစ္စည်း မှ မယူသွားလိုက်ရဘူး။ ပြန်လာကြည်တဲ့အချိန် ပြာပုံပဲကျန်တယ်။ ဒီမြင်ကွင်းကို ခုထိမမေ့နိုင် သေးဘူး"လို့ မအိက အိမ်ကို သတိရဟန်နဲ့ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲပြီးလို့ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ ဆီဆိုင်မြို့က မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ရာပေါင်းများစွာဟာ ဒီနေ့ထိတိုင် ပြန်မတည်ဆောက်နိုင်သေးဘဲ ဒေသခံအများစုက စစ်ဒဏ် အကျိုးဆက်တွေနဲ့ ရုန်းကန်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်ကနေ မတ်လကုန်အထိ ဆီဆိုင်မြို့မှာ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက တစ်ဖက်၊ ပအိုဝ်းလွတ်မြောက်ရေး တပ်မတော် (PNLA)နဲ့ မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့တွေက တဖက် တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်မှာတော့ PNLA နဲ့ မဟာမိတ်တပ်တွေ မြို့တစ်ခု လုံးကို ထိန်းချုပ် ထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်းစစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့ဟာလေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့လို့ ဆီဆိုင်မြို့ တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရပြီး နှစ်လကျော်အကြာမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ပြည်သူတွေ မြို့ပျက်ကြီးထဲပြန်လည်ဝင်ရောက်နေထိုင်တာဟာ အခု ၂၀၂၆ ခုနှစ် ဇွန်လဆိုရင် နှစ်နှစ် ကျော် ကြာခဲ့ပါပြီ။
စစ်ပြီးစအချိန် ၂၀၂၄ ခုနှစ် မတ်လအတွင်း ပြည်သူတွေ မြို့ထဲ စတင်ဝင်ရောက်နေထိုင်ချိန်တုန်းက လမ်းပေါ်တွေနဲ့ နေအိမ်မြေကွက်လွတ်တွေမှာ ဖျာနဲ့ပတ်ထားတဲ့ ရုပ်အလောင်းတွေ၊ ရေမြောင်းတွေ အတွင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။
ပျက်စီး ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေကို ရှင်းလင်းရေး လုပ်ဆောင်ချိန်မှာလည်း မြေကြီးထဲမှာ ရုပ်အလောင်း ၃ လောင်း ၄ လောင်းထပ်ပြီး မြှုပ်နှံထားတာကို မြင်တွေ့ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ မအိက ပြောပြပါ တယ်။
"တချို့ဆို လူငယ်လေးတွေပဲရှိသေးတာ၊ ဝတ်ထားတဲ့ အဝတ်အစားကိုမှတ်မိလို့သာ ဘယ်သူဆိုတာ သိရတယ်၊ အများစုကတော့ ဘယ်သူတွေမှန်းမသိကြဘူး"လို့ မအိက သူမြင်တွေ့ခဲ့ရတဲ့ အတိတ်က မြင်ကွင်းကို ပြန်ပြောရင်း အသံတိုးဝင်သွားပါတယ်။
လက်ရှိအချိန် ဆီဆိုင်မြို့ထဲစဝင်လိုက်တာနဲ့ မီးလောင်ပျက်စီးခဲ့လို့ နေအိမ်မဆောက်နိုင်သေးတဲ့ မြေကွက်လွတ်တွေ၊ လက်နက်ကြီးကျည်ထိလို့ ပျက်စီးခဲ့ရတဲ့ ကျည်ဆံရာအပေါက်တွေကို ဖြစ်သလို ဖာထေးထားကြတဲ့နေအိမ်တွေ မရေမတွက်နိုင်အောင်ရှိနေတာကို မြင်ရပါတယ်။
မီးလောင်ပြီး တဈေးတခုလုံးဆုံးရှုံးခဲ့ရတဲ့ ဆီဆိုင်မြို့မဈေးကြီးဟာလည်း ယာယီဆိုင်ခန်းတွေ အဖြစ်နဲ့ ပြန်လည် လည်ပတ်နေကြပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆီဆိုင်မြို့ဈေးကို ၃ ထပ် ဆောက်ပေးမယ်လို့ ပြည်သူတွေနဲ့ တွေ့ဆုံချိန် ကတိပေးထားပေမဲ့ လက်ရှိအချိန်ထိ ယာယီဆိုင်ခန်းအနေနဲ့သာ ရှိနေပါတယ်။
လက်ရှိယာယီဈေးထဲမှာ ဝယ်သူထက် ဈေးရောင်းချသူသာများနေတဲ့ အနေထားမျိုးဖြစ်ပြီး အနီးအနား ကရွာတွေက လာရောက်ဝယ်ယူတာ နည်းနေပါတယ်။
"ဆိုင်မဖွင့်ရင် အသိမ်းခံရမှာစိုးလို့သာ ဖွင့်နေရတာ၊ စစ်မဖြစ်ခင်က ရောင်းခဲ့ရတာထက် ဆယ်ပုံတပုံ တောင် မရောင်းရဘူး။ ရွာဖက်ကသူတွေ ဆီဆိုင်မြို့ထဲလာမဝယ်တော့ဘဲ ဆိုက်ခေါင် မြို့ဖက်သွားဝယ် ကြတော့ အရင်လိုပြန်ဖြစ်ဖို့ ကြာဦးမဲ့သဘောရှိနေတယ်"လို့ ဈေးဆိုင်ဖွင့်ထားတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။
ဈေးအနီးဝန်းကျင်က မြေနေရာအများစုဟာ ပြန်လည်မတည်ဆောက်နိုင်သေးသလို ဒီမြို့ရဲ့ အကြီးဆုံးနဲ့ အမြင့်ဆုံးဖြစ်တဲ့ ၅ ထပ်တိုက် အဆောက်အဦအသစ်ဟာလည်း စစ်ဖြစ်ပွားရာကာလအတွင်းက အခြေအနေ အတိုင်း လက်နက်ကြီးထိတဲ့ အပေါက်ရာတွေ၊ ကျည်ဆံရာအပြည့်နဲ့ရှိနေဆဲပါ။

စီးပွားရေးလုပ်ဖို့ ငွေကြေးတတ်နိုင်သူအနည်းငယ်လောက်သာ အဆောက်အဦအသစ်ဆောက်ပြီး ဆိုင်ပြန်ဖွင့်ကြပေမဲ့ အများစုကတော့ အိမ်တွေအသိမ်းမခံရအောင်သာပြန်လည်နေထိုင်နေကြတယ်လို့ ပြောကြပါတယ်။
"စိတ်ဒဏ်ရာက လူမပြောနဲ့ ခွေးတွေပါခုချိန်ထိ မပျောက်သေးဘူး။ မိုးခြိမ်းသံကြားရင် တိုက်ပွဲ ကာလတုန်းက ကျန်ခဲ့တဲ့ခွေးတွေက ဝင်ပြေးပုန်းရတဲ့ထိ ကြောက်စိတ်ကဖြစ်နေတုန်း" လို့ မြို့ခံတဦးက ပြောပါတယ်။
မြို့အတွင်းက စာသင်ကျာင်းတွေရဲ့ အုတ်တံတိုင်း နံရံတွေဟာလည်း လက်နက် ကြီးထိလို့ ပေါက်ထား တဲ့နေရာတွေမှာ အင်္ဂတေတွေနဲ့ ပြန်လည်ဖာထေးထားတာကို မြင်တွေ့ခဲ့ရပါတယ်။
ရှမ်းတောင်ဒေသနှစ်ဖက်တိုက်ပွဲကာလအတွင်း ပြည်သူနေအိမ် ၆၀၁ လုံး၊ ဘာသာရေး အဆောက်အဦ ၂၆ ခု၊ စာသင်ကျောင်း ၁၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၄ ခုနဲ့ ဈေး ၁ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်း အရုံး(PYO) က ၂၀၂၄ ခုနှစ် မေလတုန်းက ထုတ်ပြန် အသိပေးထားခဲ့ပါတယ်။
မိုးရွာရင် ရေယိုတဲ့ မှန်တွေအက်ကွဲနေတဲ့ ပြူတင်းပေါက်ရယ်၊ မှန်တွေမရှိတော့တာကြောင့် မိုးရေတွေဝင်နေတဲ့ ပြူတင်းပေါက်ဖက်ကို မဖြူတယောက် ကြည့်ရင်း ငေးမောနေပါတယ်။
မဖြူတို့အိမ်ဟာ အခြားသူတွေလို အိမ်တခုလုံး ပျက်ဆီးဆုံးရှုံးမှုတွေမရှိခဲ့ပေမဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ မျက်နှာကျက်တွေပြိုကျတာ၊ နေအိမ်ခေါင်းမိုးတခုလုံးနီးပါး ကျည်ပေါက်ရာတွေ အပြည့်ဖြစ်လို့ ခေါင်မိုးလဲထားရပါတယ်။
နေအိမ်တွင်းက ပရိဘောဂအပါအဝင် အိမ်သုံးပစ္စည်းတွေဟာလည်း သူခိုးခိုးခံခဲ့ရတာကြောင့် လူအိပ်ဖို့ အိပ်ယာကလွဲပြီး ဘာအသုံးအဆောင်မှ မရှိသေးတဲ့ အခြေအနေ ဖြစ်နေပါတယ်။
"လူမသေတာပဲဟုတ်နေပြီလို့တွေးပြီး အားးတင်းနေပေမဲ့ စိတ်က သေဆုံးနေတာကြာပြီ၊ ဘယ်လိုမှ နလန်မထူနိုင်သေးဘူး"လို့ မဖြူက ခပ်အေးအေးနဲ့ ပြောပါတယ်။
အက်ကွဲနေတဲ့ မှန်တွေရဲ့နေရာမှာ မှန်အသစ်အစားမထိုးနိုင်သေးလို့ ပလပ်စတစ်စတွေနဲ့ ဖာထေး ထားတာကြောင့် လေက တလဟောဝင်နေပါသေးတယ်။
အိမ်ဆုံးရှုံးခဲ့သူတွေအချို့ကလည်း အိမ်ငှားဘဝနဲ့ နေနေကြသလို အချို့ကလည်းသူတို့ပိုင်တဲ့ မြေနေရာမှာ တဲထိုးပြီး ယာယီအမိုးအကာနဲ့ နေထိုင်းရင်း အရင်လိုမြို့ပြန်လည်စည်ကားမဲ့ နေ့ကို မျော်လင့်နေ ကြပါတယ်။
အချို့သူတွေကြတော့ စစ်ပြီးကတည်းကနေရပ်မပြန်တော့ဘဲ အခြားနေရာမှာ အခြေချနေထိုင်နေ ကြသူတွေလည်း အများအပြားရှိနေပါသေးတယ်။
နေအိမ်တွေမှာ ပြန်လည်နေထိုင်သူတွေထဲမှာ အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေ အမျိုးသမီးအကြီး ပိုင်းသာ အများအပြားရှိနေပြီး လူငယ်အများစုက ထိုင်းနိုင်ငံဖက်ကို ကျပန်းအလုပ်လုပ်ရင်း မိသားစုတွေကို ထောက်ပံ့နေကြရပါတယ်။
စစ်မှုထမ်းကြေးကို မြို့ပြန်လည်ထူထောင်နေတဲ့အချိန်မှာ ကောက်ဖို့မသင့်သေးဘူး၊ ဒီလောက်ခက်ခဲနေ တဲ့ကာလမှာ ခတ္တရပ်ထားပေးရမှာလေ၊ အခုက ဓားပြတိုက်သလိုကောက်နေတာ
ကိုနောင်မှာ သား ၃ ဦးရှိပြီး၊သားတယောက်က စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်၊နောက်ထပ်သားတဦးက ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေပြီး ကျန်သားတဦးက အခြား မြို့တမြို့မှာ ကျောင်းတက်နေပါတယ်။
အိမ်ထောင်စုစာရင်းထဲမှာ အရွယ်ရောက်ပြီး သားတွေပါလို့ စစ်မှုထမ်းကြေးကို မဖြစ်မနေ ထည့်ဝင်နေရပါတယ်။
တိုက်ပွဲအတွင်း နေအိမ်တွေပျက်စီးခဲ့လို့ ပြန်လည်ပြုပြင်ဖို့ ငွေကြေးမတတ်နိုင်သေးချိန်မှာ စစ်မှုထမ်း ကြေးထည့်ဝင်နေရတာကလည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ သူက လက်ရှိအခြေနေကို ညည်းတွား ပြောဆိုပါတယ်။
"စစ်မှုထမ်းကြေးကို မြို့ပြန်လည်ထူထောင်နေတဲ့အချိန်မှာ ကောက်ဖို့မသင့်သေးဘူး၊ ဒီလောက်ခက်ခဲနေ တဲ့ကာလမှာ ခတ္တရပ်ထားပေးရမှာလေ၊ အခုက ဓားပြတိုက်သလိုကောက်နေတာ"လို့ သူက မကျေမနပ် သံနဲ့ပြောပါတယ်။
အချို့ရပ်ကွက်တွေကစစ်မှုထမ်းကြေးကို တစ်နှစ်စာ ငွေကျပ် ၆ သိန်းပေးရသလို အချို့ရပ်ကွက်တွေက သူတို့ရပ်ကွက်အတွက် လူစားထိုးဖို့ စစ်မှုထမ်းတကြိမ်အတွက် ၆ သောင်းထိပေးနေရတယ်လို့ မြို့ခံ အချို့က ပြောပါတယ်။
ဆင်းရဲလွန်းတဲ့ မြို့ခံအချို့ဟာ စစ်မှုထမ်းလူစားဝင်ပေးဖို့ ငွေကျပ်သိန်း ၃၀ နဲ့ သူတို့သားတွေကို စစ်ထဲလိုက်ဖို့ သဘောတူတာတွေရှိနေတယ်လို့ အကြောင်း သိရှိသူတွေက ပြောပါတယ်။
"အချို့ကလည်းအကြွေးတွေများလို့ လူစားထိုးဝင်ချင်တယ်ဆိုတာမျိုး၊ အချို့ကတော့ သားတွေ ထိန်းမနိုင်မဲ့အတူတူ လူစားထိုးထည့်တာမျိုး၊ အချို့ကတော့ စလော့ဂိမ်းရှုံးလို့ ငွေလိုလို့ ကိုယ်တိုင် လူစားထိုးမယ်ဆိုပြီး ကမ်းလှမ်းကြတာရှိပါတယ်"လို့ ဆီဆိုင်မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲကာလအတွင်း PNLA ဖက်ကနေကူပီး တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွဟာလည်း စစ်ကောင်စီတပ်နဲ့ပအိုဝ်းပြည်သူ့စစ်တွေရဲ့ စောင့်ကြည့်မှု ခံနေရဆဲဖြစ်ပါတယ်။
"သားတွေနဲ့အဆက်သွယ်ရှိလား၊ ဘယ်မှာလဲဆိုပြီးမကြာခဏ စစ်ဆေးခံနေရလို့ အဆက်အသွယ် မလုပ်ဘူး၊ ကလေးတွေကလည်းမဆက်လာဘူး၊ တော် လှန်ရေးတပ်သားတွေရဲ့ မိသားစုဝင်တွေ ဆိုပြီးကျွန်မတို့မှာ စိတ်ရောလူရော ပင်ပန်းကြီးစွာနေနေရတယ်" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ မိခင်ကပြောပါတယ်။
ဆီဆိုင်မြို့ကို စစ်တပ်က ပြန်လည်သိမ်းယူထားတယ်ဆိုပေမဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကသာ အာဏာ အရှိဆုံးဖြစ်နေပါသေးတယ်။
ဆီဆိုင်မြို့နယ်ထဲက ရွာတွေဟာ ပအိုဝ်းပြည်သူ့စစ်ကို စစ်မှုထမ်းတကြိမ်အတွက် စစ်သား စုဆောင်း ပေးရသလို အချို့ရွာဆို စစ်မှုထမ်းကြေးအဖြစ် တလကို ကျပ်တသိန်းတစ်ရာကနေ သိန်း ၃၀၀ ထိ ပေးနေရတယ်လို့ ဆီဆိုင်မြို့နယ်ကျေးရွာက ပြည်သူတွေက ပြောပါတယ်။
အချို့ကျေးရွာတွေဆိုပစ္စည်းတင်ဖို့ ကားတွေပါ ထောက်ပံ့နေရပြီး ငြင်းဆန်လို့မရအောင် ပအိုဝ်းပြည်သူ့ စစ်က အာဏာရှိနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ်၊တောင်ရှေ့အုပ်စု ကျေးရွာတွေက ပအိုဝ်းပြည်သူ့စစ်အတွက် အလှည့်ကျ နေ့စဉ် ထမင်း၊ ဟင်းချက်ပြုတ်ပေးရတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရွာတွေဖက်မှာလဲ စိုက်ပျိုးရေးက ဈေးကောင်းမရ စစ်မှုထမ်းကြေးကတမျိုး ဘောလုံးပွဲအတွက် ထည့်ရတာကတမျိုးနဲ့ တောင်သူတွေ စိတ်ဆင်းရဲနေကြပြီ"လို့ ဆီဆိုင်မြို့ ကျေးရွာတခုက ပြည်သူတဦးက ပြောပါတယ်။
ဒီအခြေအနေတွေကို PNO ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ဆီဆိုင်မြို့ အဝင်လမ်းတလျောက်စစ်ဆေးရေးဂိတ်တွေမှာလည်း လက်နက် ကိုင်ထားတဲ့ ပအိုဝ်း ပြည်သူ့စစ်တွေမြင်နေရပြီး မြို့ထဲကုန်ပစ္စည်းတင်ဆောင်လာတဲ့ကားတွေကို အခွန်ကောက်ခံတာတွေ လုပ်နေတယ်လို့ ယာဉ်မောင်းအချို့က ပြောပါတယ်။
"တရားမဝင်ပစ္စည်းသယ်လာတာလည်းမဟုတ်ဘူး၊ ဒါကိုငွေကောက်တော့ ကုန်သည်တွေက တန်ဆာခပိုပေးရတော့ လိုအပ်တာထက်ဈေးပိုရာင်းမှ သူတို့အတွက်ကိုက်တာ"လို့ ကုန်တင်ယာဉ်မောင်း တဦးက ပြောပါတယ်။
သေနတ်ကိုင်ဆောင်ထားတဲ့ ပအိုဝ်းပြည်သူ့စစ်သားတွေကို ဆီဆိုင်မြို့နေရာအနှံ့မှာ တွေ့မြင်ခဲ့ရပြီး၊ ဈေးအတွင်းဈေူဝယ်ရာမှာလည်း သေနတ်ကိုင်ထားတာကြောင့် အကြောင်းမသိသူအချို့အတွက် ထိတ်လန့်စရာဖြစ်နေပါတယ်။
အချို့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေမှာ အသက်မပြည့်းသးတဲ့အရွယ်တွေပါဝင်နေပြီး ဆိုင်ကယ်စီးရင်း သေနတ်လွယ်ထားတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်ပွားတာမျိုးရှိပေမဲ့ ဆီဆိုင်မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ မဝင်ရောက်နိုင်ဖို့ အဆင့်ဆင့်တားဆီးထားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
"သူတို့ လေးလုံးအဖွဲ့ (PNLA) က အင်အားနည်းသွားတဲ့သဘောမျိုးဖြစ်နေပြီး ဒီဖက် သုံးလုံးအဖွဲ့ (PNO) ကတော့ စစ်ကောင်စီနဲ့ပေါင်းတော့ သာနေတဲ့ အခြေနေမျိုးလို့ပြောရမှာပဲ၊ဝန်ထမ်းတွေလည်း စစ်မှုထမ်း ကြေးထည့်ရတာပဲ၊ ပြည်သူတွေကတော့ နောက်တကြိမ် ထပ်ဖြစ်မှာ စိုးရိမ်စိတ်နဲ့ နေနေရတုန်း"လို့ ဆီဆိုင်မြို့ခံ အစိုးရဝန်ထမ်းတဦးက ပြောပါတယ်။
ဆီဆိုင်မြို့မှာ လျှပ်စစ်မီး၊ ရေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဆောင်နေပေမဲ့ ပြည်သူအများစုက နေအိမ်ပြန်ဆောက်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ပြည်သူတွေကသာ နေအိမ်ပြန်လည်တည်ဆောက်ဖို့ သေမတတ်ကြိုးစားရုန်းကန်နေရပေမဲ့ ပြည်သူ တွေရဲ့ အိမ်တွေကို ဖျက်စီးခဲ့တဲ့ စစ်တပ်နဲ့ရဲစခန်းတွေရဲ့ အဆောက်အဦတွေဟာ အခိုင်အမာ တည်ဆောက်ထားတဲ့ သစ်လွင်လှပတဲ့ အဆောက်အဦတွေအဖြစ်လက်ရှိအချိန်မှာ မြင်တွေ့နေရပါတယ်။
စစ်ဒဏ်ကြောင့် ဆီဆိုင်မြို့ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းကြီးတခုလုံး ပြိုကျပျက်စီးခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကြီးမားခိုင်ခန့်တဲ့ အဆောက်အဦအဖြစ် ပုံဖော်နေပါတယ်။
ဒီရုံးရဲ့နောက်ကျောဖက်အနီးက အရပ်သားပိုင်တဲ့ အိမ်တလုံးကတော့ မီးလောင်ထားတဲ့အတိုင်း မဖြိူဖျက်ရသေးတဲ့ အဆောက်အဦအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
" သူတို့စစ်တပ်အတွက်ကျတော့ နှစ်လအတွင်း RCတိုက်တွေ အုတ်တံတိုင်းအခိုင်အမာတွေနဲ့ ဆောက်လို့ မြန်လိုက်တာ၊ ကျွန်မတို့ပြည်သူတွမှာသာ အိမ်အသစ်ဆောက်ဖို့မပြောနဲ့ ယာယီအဆောက်အဦလေးနဲ့ မိုးမယိုအောင် ဖာထေးဖို့မနည်းရုန်းကန်နေနေရတာ"လို့ ဆီဆိုင်မြို့ခံအမျို့သမီးက မကျေနပ်တဲ့ အမှုအယာနဲ့ ဆောက်လက်စအဆောက်အဦကို ကြည့်နေရင်းပြောပါတယ်။
ပြည်သူတွေ ပြန်လည်နေထိုင်နေတာ ၂ နှစ်ကျော်ကြာသွားပြီဖြစ်ပေမဲ့ မအိရဲ့ အိမ်ဟောင်းနေရာမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ အုတ်ကျိုးအုတ်ပဲ့အချို့တိုင်းသာ ကျန်ရှိနေဆဲဖြစ်ပါတယ်။
ဆီဆိုင်မြို့လေး ပြန်လည်အသက်ဝင်လာဖို့ ကြိုးစားနေပေမဲ့ စစ်ဒဏ်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ မြို့ခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေက ဒီနေ့အချိန်ထိ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။
Burma Associated Press
Top News
လွန်ခဲ့သော ၅ နာရီ က