bap-logo
Urban Life

လူငယ်တွေ တကယ် ပျောက်နေတယ်

YvJqOMo_feqc3A1ZtaIUO-image

လွန်ခဲ့သော ၅ နာရီ က

BAP၊ ဇွန် ၁၅။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ ဇက် ခရက်ပ်ဂါ (Zach Cregger) ရိုက်ကူးတဲ့ ကမ္ဘာကျော် Horror ရုပ်ရှင် Weapons ကို ကြည့်ဖူးသူတွေအဖို့ မှတ်မိကြဦးမှာပါ။

 

ညတညမှာ အတန်းတခုထဲက ကလေးတွေ တချိန်ထဲ တပြိုင်ထဲ အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ် သွားကြတယ်။ အချိန်အတော်ကြာတဲ့အထိ သူတို့ ဘယ်ကို ထွက်သွားလဲ၊ ဘယ်ရောက်သွားလဲဆိုတာကို မသိနိုင်ခဲ့ကြဘူး။

 

ဒီရုပ်ရှင်ထဲကလို တချိန်ထဲ တပြိုင်ထဲမဟုတ်တောင် ခေတ်တခေတ်ထဲမှာ ရှေ့ဆင့်နောက်ဆင့် ပျောက်ကွယ်သွားကြတဲ့ လူငယ်တွေ မြန်မာပြည်မှာ ရှိလာနေပါပြီ။

 

ဒါက ရုပ်ရှင်တခုမဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေပါ။

 

-----

 

လမ်းထိပ်မုန့်သွားဝယ်မယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတဲ့ သားဖြစ်သူရဲ့ သတင်းကို ဒေါ်မေသူ ဒီ‌နေ့ထိ ထပ်မကြားရ‌သေးပါဘူး။

 

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ‌နေတဲ့ အသက် ၁၈ နှစ်အရွယ်သားဖြစ်သူဟာ လွန်ခဲ့တဲ့ မတ်လအတွင်းက နေအိမ်ကထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။

 

ညထိပြန်မလာတော့ သူငယ်ချင်းအိမ်များအိပ်‌နေပြီလားဆိုပြီး နေတာခဲ့တာ၊ ခုချိန်ထိ သားလေးအသံကို မကြားရသေးလို့ နေ့တိုင်းမျော်‌နေမိတုန်း”လို့ ဒေါ်မေသူက သားပျောက်ဆုံးခဲ့တဲ့‌နေ့ကအကြောင်း ပြန်ပြောပြပါတယ်။

 

ဆိုင်ကယ်‌ရော လူပါ‌ပျောက်ဆုံးခဲ့လို့ သားဖြစ်သူ သွားလာတတ်တဲ့နေရာ‌တွေကို လိုက်လံ‌မေးမြန်းခဲ့ပေမဲ့ ဘယ်သူကိုမှ တိတိကျကျ‌ မေးမရခဲ့ပါဘူး။

 

ဟိုရပ်ကွက်ဘက်မှာတွေ့မိတယ်ပြောလိုက်၊ ဒီဖက်မှာတွေ့တယ်ပြောလို့ လိုက်ရှာရင်း သူ့အဖေဆို ခုထိအရူးလိုပဲ၊ အလုပ်ထဲလည်း အာရုံမစိုက်နိုင်ဘဲ ဖြစ်နေတယ်”လို့ ပြောပြရင်း သားဖြစ်သူ ထွက်သွားရာလမ်းဖက်ကို ဒေါ်မေသူ ကြည့်‌နေပါတယ်။

 

ဒေါ်မေသူဟာ သားဖြစ်သူ ရပ်ကွက်ရုံး၊ ရဲစခန်းတွေမှာ ရှိနေမလားဆိုတဲ့စိတ်နဲ့ စုံစမ်းခဲ့ပေမဲ့ ထူးခြား မလာခဲ့ပါဘူး။

 

မေလကုန်ခါနီးရက်ပိုင်းက ဒေါ်မေသူရဲ့ အစ်မတယောက်ဆီကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ဖုန်းတခု ဝင်လာပါတယ်။

 

ဖုန်းဆက်တဲ့သူက လူငယ်တဦးရဲ့အသံဖြစ်ပြီး သားဖြစ်သူက ဖုန်းဆက်ခိုင်းတာကြာင့် ဖုန်းဆက်လာ တာလို့ပြောဆိုပြီး ပြည်သူ့စစ်အဖွဲ့ထဲရောက်‌နေတာလို့ အကြောင်းကြားလာပါတယ်။

 

ပြည်သူ့စစ်က စစ်သားအ‌နေနဲ့စုဆောင်းခံရတယ်၊ မိဘ‌တွေက သိန်းနှစ်ဆယ်နဲ့ ညှိနိူင်းရင်ရတယ်၊ သူလည်း ကြားထဲက‌နေ အသိပေးပြောပေးတာပါတဲ့၊ နေပြည်တော်ဖက်လို့ပဲပြောတယ်၊ ဖုန်းခိုးဆက် ရတာမို့ ကျန်တာပြောလို့မရဘူးဆိုပြီးဖုန်းချသွားတယ်၊ ဒီနေ့အထိ ထပ်မဆက်လာတော့ဘူး” လို့ ဒေါ်မေသူက အခြေအနေကို ပြောပြပါတယ်။

 

ဒေါ်မေသူကလည်း ဖုန်းဆက်လာသူဟာ လူလိမ်တွေဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဲဒီအကြောင်းကို ထပ်မဆက်တော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဆက်လက်စုံစမ်းနေတယ်လို့ လက်ရှိအခြေအနေကို ပြောပြပါတယ်။

 

ပြီးခဲ့တဲ့လတွေအတွင်း တောင်ကြီးမြို့ရဲ့ အခြေခံလူတန်းစားတွေ အများစု‌နေထိုင်တဲ့ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ရတနာသီရိရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်နဲ့ အေးသာယာမြို့သစ်ဘက်မှာ နေထိုင်တဲ့ လူငယ်‌တွေ ပျောက်ဆုံးမူတွ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြို့ခံအများစုက ပြောပါတယ်။

 

ပြည်သူ့စစ်က စစ်သားအ‌နေနဲ့စုဆောင်းခံရတယ်၊ မိဘ‌တွေက သိန်းနှစ်ဆယ်နဲ့ ညှိနိူင်းရင်ရတယ်၊ သူလည်း ကြားထဲက‌နေ အသိပေးပြောပေးတာပါတဲ့၊ နေပြည်တော်ဖက်လို့ပဲပြောတယ်၊ ဖုန်းခိုးဆက် ရတာမို့ ကျန်တာပြောလို့မရဘူးဆိုပြီးဖုန်းချသွားတယ်၊ ဒီနေ့အထိ ထပ်မဆက်လာတော့ဘူး

 

ဒီလို လူပျောက် ဖြစ်နေတာကို ရဲစခန်းမှာ တိုင်ကြားထားတာမျိုးရှိပေမဲ့ အများစုဟာ အဆက် အသွယ်မရဘဲ ပျောက်ဆုံး‌နေတယ်လို့ ဒေသခံပြည်သူ‌တွေက ပြောပါတယ်။

 

သားပျောက်ရှာပုံတော်နဲ့ ကြုံနေရာတာ ဒေါ်မေသူ တဦးထဲ မဟုတ်ပါဘူး။

 

အသက် ၄၀ ကျော်အရွယ် မုဆိုးမဖြစ်သူ‌ ဒေါ်စန်းမှာလည်း သားနှစ်ဦးရှိပါတယ်။

 

ပြီးခဲ့တဲ့နှစ်က သားနှစ်ဦးဟာ အလုပ်သွားမယ်ဆိုပြီး နေအိမ်က‌နေ ပျောက်ဆုံးသွားခဲ့ပါတယ်။

 

ကိုယ်တိုင်ကလည်း ပညာကလည်းမတတ်၊ ဘယ်မှလည်း သွားရောက်ရှာဖွေလို့ အဆင်မပြေတာတွေ ကြောင့်သားဖြစ်သူ‌တွေပြန်လာမယ့်‌နေ့ကို ဒီအတိုင်းသာ စောင့်ဆိုင်းခဲ့တယ်လို့ သူကပြောပါတယ်။

 

အသက်ရှင်နေထိုင်ဖို့တောင် မနည်းရုန်းကန်နေရတာ၊ စစ်မှုထမ်းပါသွားတယ်ဆိုလည်း ရွေးဖို့က မတတ် နိုင်တော့ ပါချင်လဲပါပါစေတော့လို့ပဲတွေးထားတယ်၊ အသက်ကတော့ရှင်ပါစေလို့သာ နေ့တိုင်း ဆုတောင်း နေရတာ” လို့ သူက ခပ်အေးအေးပြောပါတယ်။

 

မိုးရွာပြီးနောက် လမ်းအထက်က အုတ်တံတိုင်းမြေပြိုခဲ့တဲ့အတွက် သူ့ရဲ့ အိမ်တခြမ်းဟာ အုတ်ကျိုး အုတ်ပဲ့‌တွေနဲ့ ဖုံးအုပ်နေတာ တနှစ်နီးပါးကြာနေပါပြီ။

 

ဒေါ်စန်းက အဝတ်အငှားလိုက်လျော်တဲ့အလုပ်လုပ်ပြီး ပန်းရန်လုပ်သားဖြစ်တဲ့သားနှစ်ဦးရဲ့ဝင်ငွေနဲ့ အခြား အရွယ်မရောက်သေးတဲ့သားရယ် သမီးနှစ်ယောက်ရယ်နဲ့ သူတို့မိသားစုက စားနိုင်တဲ့အခြေအနေ မျိုးရှိခဲ့ပါတယ်။

 

အခုတော့သူ့သားနှစ်ယောက်လုံး ပျောက်ဆုံးသွားတာကြောင့် အငယ်ကလေးတွေလည်း ကျောင်း မထားနိုင်၊ အုတ်တံတိုင်းပြိုကျနေတဲ့အိမ်ကိုလည်းမရှင်း လင်းနိုင်ဘဲ ဒီအတိုင်း နေ‌နေရတယ်လို့ သူက ပြောပြပါတယ်။

 

သားကြီးပြန်လာရင် အိမ်လေးပြင်နိုင်ပြီလို့တွေးထားပေမဲ့ တကယ်တမ်းက အိမ်ပြင်ဖို့ထက် သား‌တွေ မျက်နှာမြင်ရဖို့က သူ့အတွက်ပိုအရေးကြီးတယ်လို့ ဒေါ်စန်းက ပျက်စီး‌နေတဲ့ နေအိမ်ရှိရာဖက်ကို လှမ်း ကြည့်ရင်း ပြောပါတယ်။

 

ဒီလို စောင့်ဆိုင်းရင်းနဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ သားတယောက်နဲ့အဆက်သွယ်ရခဲ့ပါတယ်။

 

စစ်မှုထမ်းလူစားထိုးအနေနဲ့ ပါသွားတယ် ဆိုပြီး အကြောင်းကြားလာတယ်” လို့ သူက ပြောပြပါတယ်။

 

လူစားထိုးပေးလို့သိန်းနှစ်ဆယ်ရတယ်၊ ဖုန်းဝယ်ကိုင်လိုက်တယ်လို့ ဆက်သွယ်လာတယ်၊ ကျမလည်း ငွေတပြားမှ မရလိုက်ဘူး။ ရပ်ကွက်ကလည်း အ ကြောင်းမကြားဘူး။ ဘာမှသိခွင့်မရလိုက်ဘူး။ ခုတော့ ကရင်ဖက်မှာလို့သာပြောတယ်။ ကျန်တာအဆက်သွယ်မရတာ့ဘူး။ ကံကောင်းပါစေလို့သာ ဆုတောင်း‌ နေလို့ရတာ” ဆိုပြီး ဒေါ်စန်းက ဆက်ပြောပါတယ်။

 

တောင်ကြီးအပါအဝင် မြန်မာပြည်အနှံ့က ပျောက်ဆုံးနေတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေဟာ သူတို့ရဲ့ သားသမီးများ လုံခြုံမှုရှိမရှိ၊ ဘယ်နေရာမှာ ရှိနေတယ် ဘယ်သူတွေက ခေါ်ဆောင်သွားတယ်ဆိုတာမျိုးကို တိတိကျကျ မသိရသေးဘဲ ရှိ‌နေပါတယ်။

 

တောင်ကြီးမြို့က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်‌တွေကို မေးမြန်းချက်အရ သူတို့ဟာ စစ်မှုထမ်းကြေး လစဉ်ကောက်ခံတာကြောင့် မိသားစုဝင်‌တွေ မသိရဘဲ ဖမ်းဆီးထားတာမျိုးမရှိဘူးလို့ ငြင်းဆိုပါတယ်။

 

ကျနော်တို့ရပ်ကွက်က လစဉ်ကြေးကောက်တဲ့ငွေဟာ စစ်မှုထမ်းပေးရတဲ့အလည့်ကျရင် ရပ်ကွက် ကိုယ်စား လူစားဝင်ပေးမဲ့သူကိုပေးရတယ်၊ အရင်လိုမဲနိုက်စနစ်မဟုတ်ပါဘူး၊ ဖမ်းပြီး လူစားထည့်ပေး တာမျိုး မလုပ်ဘူးလို့” တောင်ကြီးမြို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

 

တောင်ကြီးမြို့ကရပ်ကွက်အများစုမှာ စစ်မှုထမ်းကြေးအဖြစ် လူငယ်‌တွေရှိတဲ့အိမ်ဆို တယောက် နှစ်သောင်းနူန်းနဲ့ ‌‌‌‌‌‌‌‌ယောက်ကျားလေးမရှိတဲ့နေအိမ်တွေက တလကို တစ်သောင်းကနေ ၃ သောင်းအထိ ထည့်ဝင်ကြတယ်လို့ ဆိုပါတယ်။

 

တချို့မိဘတွေဆို အဆက်သွယ်မရတာ ၂ နှစ်ကျော်ရှိပြီမို့ သေလူလို့ သတ် မှတ်ထားကြတာ၊ ကျမက တော့ ပြန်လာမယ်လို့ မျော်လင့်နေတုန်း” လို့ သားရှင်ဖြစ်တဲ့ ဒေါ်စန်းက သူ့မျော်လင့်ချက်ကို ပြောပါ တယ်။

 

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)က ဇွန်လထုတ်ပြန်ထားချက်တွေ အရ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လစဉ် ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄၇၀၀နဲ့ အခြေခံ တပ်သားသစ် ၄၀၀ ဝန်းကျင် စုဆောင်းရရှိထားတယ်လို့ ဆိုပါတယ်

 

တောင်ကြီးမြို့ အခြေခံလူတန်စားတွေ‌ အများအပြားနေထိုင်တဲ့ ရပ်ကွက်တခုမှာနေထိုင်တဲ့ ဦးမြင့်မှာ လည်း အရွယ်ရောက်ပြီးဖြစ်တဲ့ သားသုံးဦး ရှိပါတယ်။

 

စစ်မှုထမ်းကြေးလစဉ်ဆောင်နေတဲ့ကြားကပဲ သားဖြစ်သူတွေထဲက တဦးဟာ စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်စာ ရောက်ရှိလာပါတယ်။

 

ကျနော်တို့က ဆင်းရဲတယ်၊ မိသားစုမှာ ကျန်းမာရေးမကောင်းသူတွေရှိ‌နေတာကို ရပ်ကွက်က သိတယ်၊ သူတို့လည်းအထက်က တိုက်ရိုက်လာတဲ့ဆင့်ခေါ်စာမို့ ဘာမှလုပ်ပေးလို့မရဘူးပြောတယ်၊ လူစားထိုး‌ ပေးမဲ့သူကိုရှာခိုင်းပြီး ရပ် ကွက်ရုံးမှာညှိရင်း သိန်း ၃၀ ကုန်ခဲ့ဖူးတယ်” လို့ ဦးမြင့်က သူကြုံခဲ့ဖူးတာကို ပြန်ပြောပါတယ်။

 

ဒီလိုစစ်မှုထမ်းဆင့်ခေါ်စာတွေလာရင် ကိုယ်တိုင်မသွားချင်တဲ့အခါ လူစားထိုးပေးမယ့်သူနဲ့ ညှိနိုင်းပေးတာ မျိုးတွေလုပ်ပါက သိန်း ၁၀၀ ကျပ်အထိ ကုန်ကျမူရှိ‌နေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ခေါ်ခံရသူ‌တွေရဲ့ မိဘ‌တွေက ပြောပါတယ်။

 

တောင်ကြီးမြို့ အခြေခံလူတန်းစား‌တွေအများစု‌နေထိုင်တဲ့ ရပ်ကွက်‌တွေမှာ စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ခေါ်ဆောင်တာကိုခံရသူအများစုဟာ ငွေကြေးမတတ်နိုင်တာကြောင့် စစ်မှုထမ်းထဲ ပါသွားကြသူ‌တွေ လည်း အများကြီးရှိနေတယ်လို့ လက်ရှိအခြေအနေတွေကို ရှင်းပြကြပါတယ်။

 

ကျမတို့ရပ်ကွက်က ဒီရက်ပိုင်းဆင့်ခေါ်စာနဲ့တဦးခေါ်ထားတာ လူစားထိုးဖို့ သိန်း ၆၀ နဲ့ ရပ်ကွက်ရုံးမှာ ညှိတာ ရသွားတယ်၊ အများစုက ငွေမတတ်နိုင်ဘူးလေ ဒီအတိုင်း လူမသိသူမသိ ပါသွားတာထက် ဆင့်ခေါ်စာနဲ့ဆိုတော့ ဘာပဲဖြစ်ဖြစ်တော်သေးတယ်ပြောရမယ်” လို့ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက် နေသူ တဦးက သူ့အမြင်ကိုပြောပါတယ်။

---

 

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်း အမှတ်စဉ် ၂၅ ကို ဖွင့်လှစ်ထားပြီး အပတ်စဉ် ၂၃ အထိ သင်တန်းဆင်းထားပါတယ်။

 

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)က ဇွန်လထုတ်ပြန်ထားချက်တွေ အရ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လစဉ် ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄၇၀၀နဲ့ အခြေခံ တပ်သားသစ် ၄၀၀ ဝန်းကျင် စုဆောင်းရရှိထားတယ်လို့ ဆိုပါတယ်။

 

လက်ရှိခြေလျင်တိုက်ခိုက်ရေးတပ်တွေရဲ့ စစ်ထွက်အင်အား ၈၅ ရာခိုင်နှုန်းဟာ ပြည်သူ့စစ်မှုထမ်း တပ်သားတွေ ဖြစ်နေတယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။

 

အာဏာသိမ်းစစ်တပ်ဟာ စစ်သားအဖြစ် စုဆောင်းအင်အားဟာ ၂၀၂၀ ခုနှစ် စစ်အာဏာမသိမ်းမီကာလ စုဆောင်း အင်အားထက် ၆ ဆ များပြားလာတယ်လို့ MDSI ရဲ့ ဇွန်လထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

 

မြန်မာပြည်ကမြို့အများစုမှာ အလုပ်လုပ်‌နေသူ‌တွေဟာလည်း ည အိမ်ပြန်မရောက်တော့ဘဲ ပျောက်ဆုံး နေကြောင်း လူမှုကွန်ယက်တွေကနမျှဝေထားတာ‌တွေ အခုလပိုင်းတွေ ခပ်စိပ်စိပ် မြင်လာရ ပါတယ်။

 

ညဆိုရင် ဘယ်သူက၊ ဘယ်အဖွဲ့က ဘယ်ကို ဆွဲသွားမှန်းမသိတော့ ကလေးတွေခမျာ အိမ်ပြန်ချိန်တိုင်း နောက်ကျောမလုံဘူး။ ကျနော်တို့အလုပ်ဆိုက်ဆို ဖယ်ရီစီစဉ်ပေးရတယ်၊ လူငယ်‌တွေပျောက်နေတာ များတော့ စိုးရိမ်ရတယ်” လို့ရန်ကုန်မြို့မှာနေတဲ့ ဆောက်လုပ်ရေး တာဝန်ခံတဦးက ပြောပါတယ်။

 

အခုလို မတရားဖမ်းဆီးစုဆောင်းမှုတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြုံနေရပေမဲ့စစ်တပ်ဘက်တော့ သူတို့ဟာ ဥပဒေနဲ့အညီသာ စုဆောင်းတာဖြစ်တယ်လို့ ပြောင်ကျကျ ငြင်းချက်ထုတ်နေဆဲဖြစ်ပါတယ်။

 

တောင်ကြီးမြို့က အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်မှာ ဆေးသုံးစွဲသူ လူငယ်တွေနဲ့ရပ်ကွက်က ဆိုးသွမ်းသူလို့ သတ်မှတ်ခံထားရသူ‌တွေဟာလည်း စစ်မှုထမ်းလူစားထိုးတဲ့‌နေရာမှာ အသုံးချခံ နေရတယ် လို့ မိဘ‌တွေက ကိုယ်တိုင်ကြုံရတာကို ပြန်လည်းပြောပြကြပါတယ်။

 

ဒီလူငယ်တွေကို ရပ်ကွက်ရုံးမှာ ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်မှုထမ်းလူစားထိုးဖို့လိူသူတွေဆီ ပြန် ရောင်းစားတာမျိုးရှိနေတယ်လို့ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်နေသူတွေက ပြောပါတယ်။

 

ရိုးရိုးအဖမ်းခံရပြီး ထောင်ကျမယ့် အတူတူ စစ်ထဲထည့်ရင် ငွေလည်းရမယ် လူလိမ္မာလည်း ဖြစ်သွား မယ်လို့ သူတို့ကပြောတာ၊ ဆိုးဆိုးကောင်းကောင်း ကိုယ့်သွေးသားကို ဘယ်မိခင်ကမှ သေလမ်းမသွား စေချင်ဘူးလေ၊ ဒါပေမဲ့ ရွေးချယ်စရာမရှိတော့ သူတို့ပြောတဲ့အတိုင်း လုပ်ခဲ့ရတယ်” လို့ စစ်မှုထမ်း အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့‌တွေရဲ့ ဖမ်းဆီးခံခဲ့ရဖူးသူ လူငယ်တဦးရဲ့ မိခင်က ပြောပါတယ်။

 

ညအချိန် အလုပ်ကိစ္စ ပေါ်လာရင်တောင် မခိုင်းရဲဘဲ ကိုယ်တိုင်ကိုယ်ကျ လုပ်နေရတယ်လို့ သားရှင် မိခင်‌တွေက လက်ရှိ ကြုံနေရတဲ့ အခြေအနေကိုပြောပြကြပါတယ်။

 

အငယ်မလေး စာကျက်ဝိုင်းက ည ၈ နာရီမှပြီးတယ်၊ သားကို မကြိုခိုင်းရဲဘူး၊ ပါသွားမှာစိုးလို့လေ၊ ရပ်ကွက်ထဲမှာလည်း သားအရွယ်ကလေးတွေ ပျောက်‌နေတာများနေတော့ စိုးရိမ်တယ်” လို့ သူက ပြောပါတယ်။

 

တောင်ကြီးမြို့ရဲ့ ညပိုင်းအချိန်‌တွေဟာ အရင်ကထက် ပိုပြီးတိတ်ဆိတ်လို့နေပါတယ်။

 

သား‌ပျောက်သွားတဲ့မိခင်တွေက ပျောက်သွားတဲ့သားတွေ အိမ်ပြန်လာမယ့်အချိန်ကို မျှော်လင့်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အချိန်တိုင်း စောင့်ဆိုင်း‌နေရပါတယ်။

 

ပျောက်သွားတုန်းကအတိုင်း အသက်မသေဘဲ ပြန်လာနိုင်ပါစေလို့သာ ဆုတောင်း‌နေရတာ ပြန်လမ်း မရှိတဲ့‌နေရာဆိုတော့ မမျော်လင့်ရဲပါဘူး”လို့ပြောရင်း မမေသူတယောက် ဝမ်းနည်းပက်လက် ငိုချလိုက် ပါတယ်။

 

---

 

Weapons ရုပ်ရှင်ဟာ ဖယ်ကျဉ်ခံရတဲ့၊ ဂရုစိုက်သင့်သလောက် ဂရုစိုက်မခံရတဲ့ ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ဖော်ညွန်းတာ ဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာတော့ ကလေးတွေဟာ စုန်းမကြီး ဂလက်ဒစ် ( Aunt Gladys ) ကို အကောင်းဆုံး လက်စားချေရင်း တရားမျှတမှုကို သူတို့ကိုယ်တိုင် ပြန်ယူနိုင်ခဲ့ပါတယ်။

 

ဒီတိုင်းပြည်ထဲက ရုပ်ရှင်မဟုတ်တဲ့ လက်တွေ့ဘဝမှာ လူငယ်တွေဟာ စစ်အာဏာရှင်တွေရဲ့ အဓမ္မ ဖျားယောင်းမှုတွေအောက်ကနေ ရုန်းထွက်ဖို့ ခက်ခဲနေပါသေးတယ်။

 

(မှတ်ချက်- လုံခြုံရေးအရ နာမည်တွေကို လွှဲပြောင်းထားပါတယ်။)

Burma Associated Press

 

 

မြန်မာ
စစ်မှုထမ်းဥပဒေ
အာဏာသိမ်းစစ်အုပ်စု
လူငယ်
Weapons

Share With
bap-logo