bap-logo
Article

တိုကျိုမြို့ က CDMပါဝင်ခဲ့သူ မြန်မာသံတမန် တစ်ဦး၏ ဖွင့်ဟဝန်ခံချက်များ

_Ps03WDqTXWj4c5yxz5UI-image

လွန်ခဲ့သော ၃ နှစ် က

ချိန်းဆိုထားရာ တိုကျိုမြို့၊ အိုဆုကာဘူတာကို ရောက်တော့ ဂျပန်နိုင်ငံ၏ ဒီဇင်ဘာလ ဆောင်းတွင်း အအေးဒဏ် ကို ကာကွယ်ရန် နက်ကတိုင်နှင့် အနောက်တိုင်းဝတ်စုံအပေါ် ထပ်ရုံဝတ်ဆင်ထားသော ကုတ်အင်္ကျီအရှည်နှင့် အသက်ငါးဆယ်ကျော်ခန့်ရှိပြီထင်ရသော အမျိုးသားတစ်ဦးသည် ဘူတာအနီးတွင် ရှိနေသည်။ သူသည်အခြားသူ တော့မဟုတ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်နှင့် ယခင်အစိုးရ လက်ထက် အဆက်ဆက်တွင် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊ တိုကျိုမြို့၊ မြန်မာသံရုံးတွင် ပထမ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သံတမန်တစ်ဦးဖြစ်သူ၊ အလားတူ အမှန်တရားဘက်မှ ရဲဝံ့စွာ ရပ်တည်ခဲ့ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ ဦးအောင်စိုးမိုးပင် ဖြစ်သည်။

 

သူသည် ၁၉၉၃ ခုနှစ်မှအစပြု၍ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ရုံးအကူဘဝဖြင့် စတင်ဝင်ရောက်ခဲ့ပြီး သံတမန် အဖြစ် ဘရာဇီးလ်၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် ဂျပန်စသည့် နိုင်ငံများရှိ မြန်မာသံရုံးများတွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။

 

ဦးအောင်စိုးမိုးသည် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီး တစ်လခန့်အကြာ မတ်လ (၆) ရက်တွင် အာဏာသိမ်း စစ်ကောင်စီကို အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာခဲ့ပြီး၊ မတ်လ (၁၁) ရက်တွင် သူတာဝန်ထမ်းဆောင်ရာ တိုကျိုမြို့ရှိ မြန်မာသံရုံးကို စွန့်ခွာ၍ ထွက်ခွာလာခဲ့သူဖြစ်သည်။ မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးအောင်စိုးမိုးအား ရာထူး မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သော်လည်း ဂျပန်အစိုးရက ဦးအောင်စိုးမိုးအား သံတမန်ဗီဇာဖြင့် သက်တမ်းတိုး‌ ပေးပြီး ဆက်လက်နေထိုင်ခွင့် ပြုခဲ့လေသည်။

 

ဇန်နဝါရီနေ့ရက်များ

 

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံး ရက်သတ္တပတ်များတွင် ဦးအောင်စိုးမိုး တာဝန်ထမ်းဆောင်ရာ တိုကျိုမြို့၊ မြန်မာသံရုံးအတွင်း မြန်မာနိုင်ငံ၌ အာဏာသိမ်းမည့် အရိပ် အမြွက်များနှင့် စကားသံအချို့ ရိပ်ဖမ်းသံဖမ်း ကြားသိနေခဲ့ရသည်။

 

သို့သော် ဤမျှအထိ အဖြစ်ဆိုးကြီး ဖြစ်ပွားလာလိမ့်မည်ဟု မျှော်လင့်မထားသည့် ဦးအောင်စိုးမိုးသည် ဇန်နဝါရီလ ၃၁ ရက် ညတွင် သာမန်အတိုင်း ကောင်းမွန်စွာ အိပ်စက်သွားခဲ့လေသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့၊ နံနက်မိုးလင်း အိပ်ရာနိုးသည့်အခါတွင်တော့ လူမှုကွန်ယက်များ၌ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် သတင်းများ ပလူပျံအောင် ပျံ့လွင့်နေသည့်အခါ သူ့အနေဖြင့် “ မြန်မာနိုင်ငံရဲ့ အနာဂတ်ကြီး ဆုံးရှုံးရပြီ”ဟု ခံစားခဲ့ရကြောင်း၊ ယင်းနေ့နံနက်ပိုင်းက အဖြစ်ပျက်များကို ဦးအောင်စိုးမိုးက ပြန်ပြောင်း သတိရကာ ပြန်လည် ပြောပြနေသည်။ ထိုအချိန်တွင် သူ၏မျက်နှာတွင် တစ်စုံတရာ ဆုံးရှုံးမှုကို ဝမ်းပန်းတနည်း ခံစားနေရသည့် အသွင်မှာ သိသာထင်ရှားလှပေသည်။

 

ဖေဖေါ်ဝါရီ ၁ရက်နေ့ တိုကျိုမြို့၊ မြန်မာသံရုံး

ယင်းနေ့တွင် တိုကျိုမြို့၊ မြန်မာသံရုံးအတွင်းရှိ ဝန်ထမ်းများ တီးတိုးတီးတိုးစကား ပြောဆိုနေကြပေသည်။ ပြောသည့် အကြောင်းအရာမှာ မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှုနှင့် စပ်လျဉ်း၍ ဖြစ်သော်လည်း အစိုးရဝန်ထမ်းများ၏ ခေါက်ရိုးကျိုး ထုံးစံအတိုင်း မကျေနပ်ချက်ကိုမူ ကျယ်ကျယ်လောင်လောင် ပြောဝံ့သည် တော့ မဟုတ်ချေ။ အစိုးရဝန်ထမ်းများအဖို့ တီးတိုးဝေဖန် ပြောဆိုရာ၌ ရင်ဘတ်တူသူချင်းသာ စစ်အာဏာသိမ်းမှု အခြေအနေအပေါ် ဝေဖန်ပြောဆိုခဲ့ကြပြီး အတွေးအခေါ်၊ အယူအဆမတူသူ၊ ရပ်တည်မှုမတူသူများနှင့် ၎င်းတို့၏ အထက်အရာရှိများ ရှေ့တွင်မူ အခြားအထွေအထူးတော့ မပြောဆိုခဲ့ကြပေ။

 

ကျွန်တော် CDM မထွက်ခင် အချိန်အထိ ရင်ဘတ်ထဲမှာ ထုတ်ပြောလို့မရခဲ့တဲ့ အကြောင်းတရားတွေ အများကြီး ရှိခဲ့တယ်၊ မျိုသိပ်ခဲ့ရတယ်။ အထက်အရာရှိတွေရှေ့မှာလည်း ကိုယ့်ခံစားချက်၊ ယူဆချက်တွေကို အများကြီး ထုတ်ပြောတာတော့ မရှိခဲ့ဘူး” ဟု ဦးအောင်စိုးမိုးက ဝန်ခံသည်။ အထက်အရာရှိဟု ဦးအောင်စိုးမိုးက ပြောနေသည့်အချိန်တွင် သူ၏ မျက်ဝန်းတွင် တစ်စုံတစ်ယောက်ကို မြင်ယောင်နေပုံတော့ ရှိသည်။

 

သူနှင့် သံအမတ်အကြား ဆက်ဆံရေး

 

ဦးအောင်စိုးမိုး၏ ပင်ကိုယ်စရိုက်မှာ ခေါက်ရိုးကျိုးနေသည့် အစိုးရဝန်ထမ်းများအကြား တစ်မူ ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမူ အစိုးရဝန်ထမ်းတို့ ထုံးစံအတိုင်း အထက်အရာရှိအပေါ် ရိုသေလေးစားမှုကို ပြသတတ်သော်လည်း မတော်တာကို မြင်သည့်အခါ စိတ်ထဲရှိသည့်အတိုင်း မကျေနပ်ချက်ကို ရွှတ်နောက်သည့် အသွင်ဖြင့် ရယ်သွေးနှောကာ ပြောတတ်သည့် စရိုက်တော့ ရှိပုံပေါ်လေသည်။ ထိုအကျင့်စရိုက်ကိုမူ သူနှင့် တွဲ၍ အလုပ်လုပ်ခဲ့ဖူးသော အထက်အရာရှိများကမူ နှစ်မြို့သည်တော့မဟုတ်ပေ။

 

သံရုံး၏ ရက်သတ္တပတ် အစပြုသည့် နေ့ရက်များ၌  ပြုလုပ်နေကျဖြစ်သည့် အစည်းအဝေးများတွင် အခြားသော သံအရာရှိများက မြန်မာ့အလင်း သတင်းစာမှ ထုတ်ပြန်ချက်များကို ကိုးကား၍ စစ်အာဏာသိမ်းမှု သတင်း များကို ဖတ်ရှုတင်ပြလေ့ရှိသော်လည်း ပထမအတွင်းဝန် ဦးအောင်စိုးမိုးကမူ ယင်းသတင်းများကို ရှောင်လွှဲ၍ အခြားသော နိုင်ငံရေးသတင်းများကိုသာ လေ့လာတင်ပြလေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ ဆိုလိုသည်မှာ မြန်မာ့ အလင်းသတင်းစာမှ ထုတ်ပြန်သော သတင်းများသည် သတင်းမှန်မဟုတ်ဟု ၎င်းက ယူဆလိုခြင်းဖြစ်လေသည်။

 

သူ၏ ပွင့်လင်းမြင်သာသော စရိုက်ကို အကြောင်းပြု၍ “CDM လှုပ်ရှားမှုတွင် ပါဝင်မယ့် အကြံကို အထက် အရာရှိတွေ ကြိုတင်ရိပ်စားမိတာ ရှိလား” ဟု ကျွန်တော်က မေးသည့်အခါ သူက “ သူတို့လုံးဝ ထင်မထားဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အကိုက ကိုယ့်အလုပ်ကို တာဝန်ကျေကျေ ဆောင်ရွက်တတ်လို့” ဟု ဆိုလေသည်။

 

တစ်နေ့တည်း၊ တစ်ရက်တည်း CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ လုပ်ဖော်ကိုင်ဖက်

 

ပထမအတွင်းဝန် ဦးအောင်စိုးမိုးနှင့်အတူ ပြည်သူ့အာဏာဖီဆန်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးမှာ ဒုတိယ အတွင်းဝန် အမျိုးသမီး တစ်ဦးဖြစ်သည်။ သူတို့သည် မတ်လ ၆ရက်တွင် နာရီပိုင်းသာခြားပြီး CDMလှုပ်ရှားမှုတွင် ပါဝင် ကြောင်း အတိအလင်းကြေညာခဲ့သည်။ သို့ဖြစ်၍ လက်ရှိအချိန်တွင် တိုကျိုမြို့ မြန်မာသံရုံးတွင် CDM လှုပ်ရှားရာတွင် ပါဝင်ခဲ့သူများမှာ ပထမအတွင်းဝန်နှင့် ဒုတိယအတွင်းဝန် နှစ်ဦးသာဖြစ်သည်။

 

နာကျင်ဖွယ်ရာအမိန့်

 

စစ်အာဏာသိမ်းပြီးနောက် ဦးအောင်စိုးမိုး အနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း မကြေညာမီ ကာလ အတွင်း စစ်ကောင်စီလက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများနှင့် အစိုးရရုံးများသို့ ညွှန်ကြားချက်တစ်ခု ထုတ်ခဲ့လေသည်။ ယင်းမှာ အစိုးရဌာန အသီးသီးရှိ ရုံးခန်းများ၊ ဧည့်ခန်း များတွင် ချိတ်ဆွဲထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့၏ ဓာတ်ပုံများကို ဖယ်ရှားရန်ပင် ဖြစ်လေသည်။ အဆိုပါ ညွှန်ကြားချက်အတိုင်း ဓာတ်ပုံများကို ဖယ်ရှားရန် တိုကျိုမြို့၊ မြန်မာသံရုံးမှ အထက်အရာရှိဆိုသူက စေခိုင်းလာသည့်အခါ ဦးအောင်စိုးမိုးအနေဖြင့် ယင်းလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရန် လက်တွန့်ခဲ့သည်ဟု ဆိုလေသည်။

 

သို့သော်လည်း အဆုံးတွင်မူ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ခဲ့ရသည့်အခါ ဓာတ်ပုံပါ ပုဂ္ဂိုလ်ကြီးများကို ရည်စူး၍ လက်အုပ်ချီကန်တော့ခဲ့ပြီး ယင်းဓာတ်ပုံများကို ၎င်းတာဝန် ထမ်းဆောင်ခဲ့သည့် အခန်းအတွင်းရှိ မြင့်ရာနေရာတစ်ခုတွင် ရိုသေစွာ သိမ်းဆည်းခဲ့သည်ဟု ၎င်းက ပြောပြသည်။ ယင်းအဖြစ်အပျက်များကို ပြန်ပြောင်း ပြောပြနေချိန်တွင် သူ၏ မျက်ဝန်းတွင် ဝမ်းနည်းရိပ်များကို မြင်တွေ့နေရသည်။

 

ရင်ဘတ်ထဲမှာ တော်တော်ခံစားရတယ်၊ ကိုယ်တကယ် မြတ်နိုးတဲ့ ခေါင်း‌ဆောင်တွေရဲ့ ဓာတ်ပုံတွေကို ခုလို လုပ်လိုက်ရတာတော့ ဘယ်လိုမှ ဖြေသိမ့်လို့မရဘူး၊ မျက်ရည်တောင် ကျခဲ့ရတယ်” ဟု နာကျင်စွာ ပြန်ပြောင်း ပြောပြနေလေသည်။ ထိုအချိန်တွင်တော့ သူနှင့် သူ့အထက်အရာရှိကြားမှာ ကြီးမားသည့် ဆန့်ကျင်ဘက်ကြီး တစ်ခုကို ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်ဟု သူက ဆိုပါသည်။

 

အရင်းအနှီးကြီးသည့် ဆုံးဖြတ်ချက်

 

တိုကျိုမြို့၊ မြန်မာသံရုံးရှိ ဝန်ထမ်းအချို့သည် အမှန်တရားကို မြတ်နိုးကောင်း မြတ်နိုးပေလိမ့်မည်ဟု ဦးအောင်စိုးမိုးက ဆိုသည်။ သို့တိုင် လူတစ်ဦးနှင့် တစ်ဦးသည် စဉ်းစားတွေးခေါ်ပုံ၊ စွန့်လွှတ်စွန့်စားပုံ၊ ရဲဝံ့စိတ် ရှိခြင်းနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုများမှာမူ ကွာခြားပေလိမ့်မည်။ “ရဲဝံ့တဲ့စိတ်၊ စွန့်လွှတ် အနစ်နာခံတဲ့ စိတ်အပေါ်မှာ အခြေခံပြီး အမှန်တရားဘက်ကို ရဲရဲကြီး လျှောက်လှမ်းသလိုမျိုးက သူတို့တွေအတွက်တော့ ခက်ခဲကောင်း ခက်ခဲနေမှာပါ” ဟု သူက CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိသေးသည့် တိုကျိုမြို့၊ မြန်မာသံရုံးမှ ဝန်ထမ်းငယ်များအပေါ် ထားရှိသည့် သူ့အမြင်ကို ပြောကြား သည်။

 

သူတို့က အမှန်တရားကို မြတ်နိုးသည့်တိုင်၊ ခေါက်ရိုးကျိုးနေတဲ့ ဝန်ထမ်းတွေဖြစ်နေလို့ ဝန်ထမ်း လောက ထုံးစံ အတိုင်း အမှန်တရားကို အမှန်တရားဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ မပြောရဲတာက CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ခက်ခဲစေတဲ့ အကြောင်းတရား ဖြစ်လိမ့်မယ်” ဟု ဦးအောင်စိုးမိုးက သုံးသပ်သည်။

 

ဦးအောင်စိုးမိုးသည် မတ်လ (၆) ရက်တွင် CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာခဲ့သည့် နည်းတူ မတ်လ (၁၁) ရက်တွင် မြန်မာသံရုံးကို စွန့်ခွာခဲ့လေသည်။ CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာခဲ့သည့် နောက်ပိုင်း ရုံးသို့ သွားရောက်ခြင်း မပြုခဲ့သော်လည်း အထက်အရာရှိများမှ မကြာမကြာ ခေါ်ယူတွေ့ဆုံခြင်းများ ရှိနေသည့်အတွက် စစ်ကောင်စီ၏ အမိန့်ကို သွယ်ဝိုက်၍ နာခံနေသလို သဘောသက်ရောက်နေသဖြင့် သူနှင့် အတူ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် ဒုတိယအတွင်းဝန် အမျိုးသမီးနှင့် တိုင်ပင်ကာ သံရုံးကို စွန့်ခွာ၍ သံရုံးပြင်ပတွင် သီးခြားစီ နေထိုင်ခဲ့လေသည်။

 

၎င်းတို့နှစ်ဦး CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာပြီးသည့်နောက်ပိုင်း သံရုံးရှိ စစ်ကောင်စီ ထောက်ခံ သူများက ၎င်းတို့အပေါ် ဆက်ဆံပုံမှာ အေးစက်နေခဲ့သည်။ သို့သော်လည်း အရာရာကို ပြင်ဆင်ဆောင်ရွက်ခဲ့သူ ၎င်းတို့အဖို့မူ ယင်းဆက်ဆံရေးကို ဂရုစိုက်ဖွယ်ရာအခြေအနေတော့ မဟုတ်ခဲ့ပေ။ “ကျွန်တော် အားလုံးစဉ်းစား ပြီးမှ လုပ်ခဲ့တာ၊ ခံစားချက်ကြောင့် ရုတ်တရက်ထလုပ်တာ မဟုတ်ဘူးလေ၊ ဒီလိုမျိုးတွေတော့ ကြုံတွေ့ရမှာဘဲ၊ အမှန်တရားဘက်က မရပ်တည်တဲ့ လူတွေရဲ့ တုံ့ပြန်ချက်ကို ကျွန်တော် တုန်လှုပ်နေစရာအကြောင်း မရှိဘူး” ဟု သူက ပြတ်သားသည့်အသံဖြင့် ပြောသည်။

 

သံရုံးကို စွန့်ခွာခဲ့ပြီးနောက် သူ့ဘဝကို အရာအားလုံး အစ,က ပြန်စ,ရသည်။ ဂျပန်ရောက် မြန်မာ အသိုင်းအဝိုင်း တချို့၏ ကူညီဖေးမ,မှုဖြင့် တိုကျိုမြို့တွင် နေအိမ်ခန်းငှားရမ်းပြီး နေထိုင်နေသည်။ စစ်ကောင်စီက အလုပ်မှ ထုတ်ပယ်ကြောင်း ကြေညာထားသော်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံတောင်းဆိုချက်အရ သူ့အား သံတမန်ဗီဇာဖြင့် ဆက်လက်နေထိုင်ခွင့် ပြုထားကြောင်း သိရသည်။ ရှေ့ဆက်ပြီး ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်မည့် အနေအထားနှင့် ပတ်သက်၍ ကျွန်တော်က မေးမြန်းသည့်အခါ သူက “ ဂျပန်နိုင်ငံမှာ အခြေချမှာမဟုတ်လို့ နိုင်ငံရေး ခိုလှုံခွင့်တောင် မတောင်းခဲ့ပါဘူး” ဟု သူ့ခံယူချက်ကို အတိ အလင်းထုတ်ဖော်ပြောကြားခဲ့သည်။

 

အလိမ်အညာဆီကိုရေချိုး မုသားဆေးရိုးကို မီးလှုံသည့် စစ်ကောင်စီလက်အောက်က နိုင်ငံခြားရေး ဝန်ကြီးဌာန

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၊ နိုင်ငံတကာ သတင်းဌာနများနှင့် အရပ်ဘက် အဖွဲ့အစည်းများက စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာရာသူများ စာရင်းကို လက်လှမ်း မီသမျှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နေစဉ်မှာပင် အခြားတစ်ဖက်၌ စစ်ကောင်စီက ထိခိုက်ဒဏ်ရာ ရသူများ၊ အပြစ်မဲ့ပြည်သူများသေဆုံးသည့် စာရင်းများကို လိမ်ညာလျှော့ပေါ့ကာ ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများ၊ အဖွဲ့အစည်းများနှင့် ဂျပန်အစိုးရထံ တင်ပြစေခဲ့သည်။

 

ယင်းလမ်းညွှန်ချက်ကိုဆောင်ရွက်ရန် သူဝန်လေးနေခဲ့သည်။     လုပ်သက် ၂၈ နှစ်အတွင်း မည်သည့် တာဝန်ကို မဆို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်ဟု ဆိုသူက ယင်းခိုင်းစေချက်ကိုမူ တာဝန်ကျေ ‌ဆောင်ရွက်ခဲ့ခြင်း မရှိ ကြောင်း သူက ဝန်ခံသည်။ သို့သော်လည်း ဂျပန်နိုင်ငံရှိ စစ်သံရုံးကမူ ယင်းသတင်းများကို ပုံနှိပ်ထုတ်ဝေ၍ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိလှုပ်ရှားမှုများ

ဦးအောင်စိုးမိုးသည် လက်ရှိတွင် အခြားပြည်ပနိုင်ငံများမှ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် သံအရာရှိများနှင့် ဆက်သွယ်ပူးပေါင်းကာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေလျက် ရှိသည်ဟု သိရသည်။ အမျိုးသား ညီညွတ်ရေးအစိုးရမှ သံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ပါက မည်သို့ ဆုံးဖြတ်မည်နည်းဟု မေးသည့်အခါ သူက “ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေခံအကြောင်းတရားများအပေါ်  အခြေခံပြီး စဉ်းစား ဆောင်ရွက်လိုတယ်” ဟု ဆိုသည်။

 

၂၈ နှစ်တာ ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်းမှုကို စွန့်လွှတ်နိုင်ခဲ့သည့် တွန်းအား

 

သူမြတ်နိုးသည့် သံတမန်အလုပ်၊ ၂၈ နှစ်တာ ဇွဲရှိရှိ လုပ်ခဲ့တဲ့ အလုပ်အပေါ် စွန့်လွှတ်နိုင်ခဲ့တဲ့ တွန်းအား တစ်ရပ်က ဘာဖြစ်မလဲဆိုတာကို ကျွန်တော် အကြိမ်ကြိမ် စဉ်းစားခဲ့ဘူးသည်။ သူနဲ့ဆုံတွေ့ရသည့် အခိုက်အတန့်မှာ ကျွန်တော်မေးခွင့်ရလို့ မေးကြည့်တော့ သူက ခပ်ပါးပါး ပြုံးပြီး “ မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတာ တွေက စိတ်ချမ်းသာစရာ တစ်ခုမှမှ မရှိတာ၊ ကျဆုံးသွားတဲ့ လူငယ်လေးတွေအတွက် ကိုယ်ချင်းစာနာတဲ့ စိတ်က ၂၈ နှစ်တာ မြတ်မြတ်နိုးနိုး ထမ်းဆောင်ခဲ့ရတဲ့ အလုပ် တာဝန်တွေကို စွန့်လွှတ်စေတဲ့ တွန်းအားတစ်ရပ်ပါပဲ” ဟု ကြေကွဲ ဝမ်းနည်းစွာ ပြောပြလေသည်။

 

ဆက်လက်ပြီး သူက “ ၂၈ နှစ်တာကာလမှာ အစိုးရအဆက်ဆက်ကို တာဝန်ကျေကျေ အကောင်းဆုံး ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့်၊ ပြည်သူအတွက်‌တော့ ပြောပလောက်အောင် ဝန်ဆောင်မှု ပေးနိုင်တာ မရှိခဲ့သေးပါဘူး၊ အခု တော့ အမှန်တရားဘက်က ရပ်တည်ပြီး ပြည်သူ့ရင်ခွင်ထဲ ဝင်တာက ကျွန်တော် လုပ်ပေးနိုင်တဲ့ ပြည်သူတွေ အတွက် အကောင်းဆုံး ဝန်ဆောင်မှုတစ်ရပ်ပါပဲ” ဟု ဂုဏ်ယူသော အသံဖြင့် ဆိုသည်။

 

လူထု၏ လက်နက်ကိုင်တော်လှန်ရေး

လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်တော်လှန်ရေးနှင့် စပ်လျဉ်း၍ သူ့အမြင်နဲ့ သုံးသပ်ချက်ကို ပြောကြားပေးဖို့ ကျွန်တော်က တောင်းဆိုတော့သူက “ လူငယ်တွေက သူတို့အနာဂတ်ကို သူတို့ပြန်တိုက် ယူနေတာ၊ လက်ရှိ စစ်ကောင်စီက လူငယ်တွေရဲ့ အနာဂတ်ကို တောက်ပလာအောင် လုပ်ပေးနိုင်မယ်လို့ ထင်လို့လား၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကောင်းဆုံးအခြေအနေနဲ့ ကာကွယ်ပေးနိုင်မယ်ထင်လို့လား၊ အဲသည်လို ထင်လောက်စရာ အထောက်အထားအချက်အလက်တွေရှိရင် ကျွန်တော့်ကို ပြစမ်းပါ၊ အချက်အလက် ထင်ရှား ခိုင်လုံရင် လက်နက်ကိုင်တော်လှန်နေတဲ့ သူတွေအားလုံးကို ကျွန်တော်ကန့်ကွက်မှာပါ၊ စစ်ကောင်စီကသာ ပြည်သူတွေအပေါ် အမှန်တကယ် စေတနာထားတယ်၊ စောင့်ရှောက်တယ်ဆိုတာ သေချာရင် လက်နက်ကိုင် လမ်းစဉ်အားလုံးဟာ အမှားတွေ ဖြစ်နေမှာပါ” ဟု ပြောကြားလေသည်။

 

စင်စစ်တွင်မူ အစိုးရဝန်ထမ်းလောကတွင် အမှန်တရားကို မြတ်နိုးသူ၊ မှန်သည့်လမ်းပေါ် ရဲဝံ့စွာ လျှောက်လှမ်း လိုသူ အဓမ္မကို ဆန့်ကျင်လိုသူများ အများစုရှိမည်ဆိုပါက ဓမ္မဖြစ်ထွန်းမှုသည် ရေရှည် တည်တံ့နိုင်မည်သာ ဖြစ်ပေသည်ဟု ဦးအောင်စိုးမိုးက ခံယူထားသည်။ ဆယ်စုနှစ် ၃ ခုနီးပါး သံတမန် အလုပ်ကို လုပ်လာခဲသည့် ဦးအောင်စိုးမိုးအတွက်တော့ ထိုအလုပ်သည် သူ့ဘဝဖြစ်သည်။ ထိုအလုပ်သည် သူ့အသက်မွေးဝမ်းကြောင်း ဖြစ်သည်၊ ရုံးအကူဘဝမှ ,တင်ကာ တစ်ဆင့်ချင်းတက်လှမ်းလာခဲ့သူ ဦးအောင်စိုးမိုးအဖို့ ထိုအလုပ်သည် သူ့အသက်တာဖြစ်သည်။ အင်တာဗျူးဖြေနေစဉ်အတွင်း သံတမန် တစ်ဦးအနေဖြင့် ခံစားချက်များကို တတ်နိုင်သမျှမျိုသိပ်ကာ ပြောနေခဲ့‌သော်လည်း၊ လူသားတစ်ဦး ဖြစ်သည့် ဦး‌အောင်စိုးမိုး၏ မျက်ဝန်းများတွင် တော့ နာကျင်ဝမ်းနည်းမှုများ ပြည့်နှက်နေသည်မှာတော့ အသေအချာပင်ဖြစ်သည်။

 

ဆောင်းပါး၊ ဓါတ်ပုံ - နုမောင်


Burma Associated Press

 

ဂျပန်
အာဏာသိမ်း
မြန်မာ
သံရုံး
ဦးအောင်စိုးမိုး

Share With
bap-logo