bap-logo
Article

နိုင်ငံရေး မိုးသက်မုန်တိုင်းများအောက်က ဒေါ်အောင်ဆန်းစုကြည်

0KTeaS_lCd8LR_-1Pgmxo-image

လွန်ခဲ့သော ၂ နှစ် က

(ပြီးခဲ့သည့်နှစ် ဇွန်လ ၁၉ ရက်က BAP တွင်ဖော်ပြပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၆ နှစ်ပြည့် မွေးနေ့ အမှတ်တရ ဆောင်းပါးကို မကြာခင်ကျရောက်တော့မဲ့ သူရဲ့ ၇၇ နှစ်ပြည့်မွေးနေ့အတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။)

 

ဇွန်လ ၁၉ ရက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၆ နှစ် ( ယခုနှစ်တွင် ၇၇ နှစ် ) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

 

ပြည်သူလူထုက ချစ်ခင်မြတ်နိုးစိတ်နဲ့  ‘အန်တီစု’  ‘အမေစု’ စသည်ဖြင့် ခေါ်ဝေါ်နေကြတဲ့ လူထုခေါင်းဆောင်ဟာ သူရဲ့ အရွယ်ကောင်း အခါကောင်းတွေကို ကာလရှည် နေအိမ်အကျယ်ချုပ် သက်တမ်းအတွင်းမှာ နေထိုင်ခဲ့ရတာပါ။

 

သည်လို နေထိုင်ခဲ့ရမှုတွေအတွက်လည်း သူက နောင်တရမိတာ မရှိသလို သူရဲ့ အနစ်နာခံမှုတွေကိုလည်း လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

 

ရှားရှားပါးပါးအနေနဲ့ ၂၀၁၂ ခုနှစ်အတွင်းက အင်္ဂလန်ကို ရောက်ခဲ့တဲ့အချိန်မှာတော့ လန်ဒန်အခြေစိုက် ITV ရုပ်သံ အမေးအဖြေမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ စိတ်မချမ်းသာပါဘူး။ ခဏခဏလည်း ပြောဖူးပါတယ်။ ကျွန်မ အနစ်နာခံ စွန့်လွှတ်ခဲ့တာကို ပုံကြီးမချဲ့ချင်ဘူး။ ဒါ ကျွန်မကိုယ်တိုင် ရွေးချယ်ခဲ့တာပါ” ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။

 

အခု လက်ရှိ ထိန်းသိမ်းခံသက်တမ်းမပါဘဲတောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်မှာနေထိုင်တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်ကာလရဲ့ တစ်ဝက်လောက်ကို အထီးကျန်စွာဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

 

နိုင်ငံရေးဇာတ်ခုံပေါ်က ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရင် ကြည်နူးစရာ၊ ဝမ်းနည်းစရာ အနိမ့်အမြင့် အတက်ကျတွေနဲ့ ရောပြွန်းလို့နေပါတယ်။

 

image

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ မှာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာ နိုင်ငံကို ပြန်လာခဲ့ပါတယ်။

 

အဲဒီ ကာလဟာ မြန်မာပြည်မှာ ဦးနေဝင်းဦးဆောင်တဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ပြည်သူတွေ တွန်းလှန် တိုက်ပွဲဝင်နေချိန်ဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ကိုရောက်တဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လမှာပဲ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာ ပထဆုံးအကြိမ်အနေနဲ့ လူထုကို မိန့်ခွန်းပြောခဲ့ပါတယ်။

 

ကျွန်မ နိုင်ငံခြားမှာနေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါလေးအတွက်ကြောင့်နဲ့ ကျွန်မတိုင်းပြည်ပေါ်မှာ ထားတဲ့ မေတ္တာဟာ ဘယ်လိုနည်းနဲ့မှ မကုန်ခမ်းသွားနိုင်ပါဘူး” ဆိုပြီးတော့ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲကနေတဆင့် တိုင်းပြည်အပေါ်ထားတဲ့ သံယောဇဉ်ကို ဖွင့်ပြောခဲ့ပါတယ်။

 

အချို့ကပြောကြတယ်။ ကျွန်မကို မြန်မာပြည်နိုင်ငံရေးအကြောင်း ဘာမှ နားမလည်ဘူးတဲ့။ တကယ်တော့ နားလည်လွန်းလို့ ခက်နေတာပဲ။ မြန်မာနိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ဖေဖေ ဘယ်လောက်အထိ ခံခဲ့ရသလဲ ဆိုတာကို ကျွန်မတို့ မိသားစု အသိဆုံးပါပဲ” လို့ ဒေါ်ဆောင်ဆန်းစုကြည်က လူထုကို ပြောခဲ့ပါတယ်။

 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးပါက အာဏာလု နိုင်ငံရေးကို ဆက်မလုပ်ဖို့ သူရဲ့ဖခင်က ပြောဆိုခဲ့တဲ့အတွက် သူကိုယ်တိုင်လည်း နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်းသာ နေချင်ခဲ့ကြောင်းကိုလည်း မိန့်ခွန်းတွင် ပြောဆိုခဲ့ပါသေးတယ်။

 
အဲဒီလို ဝေးဝေးကင်းကင်းနေခဲ့ရဲ့သားနဲ့ အခုမှ ဘာလို့ သည်အရေးအခင်းမှာ ဝင်ပါနေသလဲလို့ မေးစရာလည်း ရှိပါတယ်။ သည်အရေးအခင်းဟာ တိုင်းပြည်ရဲ့ အရေးအခင်းဖြစ်ပါတယ်။ ဖေဖေ့သမီး လုပ်ပြီး တိုင်းပြည် အရေးကို ခေါင်းရှောင်နေလို့ မဖြစ်ပါဘူး။ သည်အရေးအခင်းဟာ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကြီးဆိုလည်း ဟုတ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

 

အဲဒီ အချိန်ကနေစပြီး သူဟာ ရှုပ်ထွေးပွေလီလှတဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတော့ တယ်။

 

၁၉၈၈ စက်တင်ဘာမှာပဲ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ သူရ ဦးတင်ဦးနဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ခဲ့ပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတော့တယ်။

 

နိုင်ငံရေးပါတီတည်ထောင်ပြီး ၁၉၈၈  ဒီဇင်ဘာ အတွင်းမှာပဲ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့ပါတယ်။

 

မိခင် ဒေါ်ခင်ကြည်ကွယ်လွန်ပြီးနောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ နဝတ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချခဲ့ပါတော့တယ်။

 

image

၁၉၈၉ ကနေ ၁၉၉၅ အထိ ချမှတ်ခံခဲ့ရတာဖြစ်လို့ ၁၉၉၀ မှာ ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ သူမရဲ့ အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင် ရရှိခဲ့ပေမဲ့လည်း နဝတ ကတော့ အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

၁၉၉၁ ခုနှစ်မှာတော့ သူရဲ့ ဒီမိုကရေစီအရေး အကြမ်းမဖက်တိုက်ပွဲဝင်မှုအတွက် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ နေအိမ်အကျယ်ချုပ်ကာလ ဖြစ်တာကြောင့် ဆုချီးမြှင့်တဲ့အခမ်းအနားကို သူ့ကိုယ်စား ခင်ပွန်းဖြစ်သူနဲ့ သားနှစ်ယောက်သာ တက်ရောက်ခဲ့ရပါတယ်။

 

နိုဗယ်လ်ဆုကနေ ရရှိတဲ့ဆုငွေတွေအားလုံးကိုတော့ မြန်မာ့အရေးနဲ့သက်ဆိုင်တဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ရံပုံငွေတစ်ရပ်ထူထောင်ပေးခဲ့ပါတယ်။

 

ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတဲ့အချိန်မှာလဲ သူ့အတွက် ဝမ်းနည်းစရာ ဘ၀ အချိုးအကွေ့ တစ်ခုက ရောက်လာခဲ့ပြန်ပါတယ်။

 

ဆီးကြိတ်ကင်ဆာ နောက်ဆုံးအဆင့်သို့ရောက်နေတဲ့ ခင်ပွန်းသည် မိုက်ကယ်အဲရစ်က ၁၉၉၇ မှာ ဇနီးသည်ရှိရာ မြန်မာပြည်ကိုလာဖို့ ပြည်ဝင်ခွင့်တောင်းခဲ့ပါတယ်။ သို့သော်လည်း လုံလောက်တဲ့ ဆေးကုသမှု မြန်မာနိုင်င်ငံက မထောက်ပံ့ပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နဝတ က ငြင်းပယ်ခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံ အပါအဝင်၊ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူး ကိုဖီအာနန် ၊  ပုပ်ရဟန်းမင်းကြီးတို့လို နိုင်ငံတကာ အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက မိုက်ကယ်အဲရစ်ကို ပြည်ဝင်ခွင့် ဗီဇာချပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့ကြပေမဲ့ နဝတက လစ်လျူပြုခဲ့တာပါ။

 

သူရဲ့ သားနှစ်ဦးဖြစ်တဲ့ မြင့်ဆန်းအောင်(ခ) အလက်ဇန်းဒါးနဲ့ ထိန်လင်း(ခ) ကင်မ်အဲရစ် တို့ကိုလည်း ၁၉၈၉ ခုနှစ်ကထဲက နဝတက မြန်မာနိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။

 

အဲသည်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခင်ပွန်းရှိရာ အင်္ဂလန်ကို သွားရောက်တွေ့ဆုံနိုင်ပေမဲ့ စစ်အစိုးရ က  သူ့ကို မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် မပြုမှာကို စိုးရိမ်တာကြောင့် ထွက်မသွားဖြစ်ခဲ့ပါဘူး။


အဲသည်အချိန်စလို့ ခင်ပွန်းဖြစ်သူကို သူ နောက်ထပ် တွေ့ဆုံခွင့်မရတော့ပါဘူး။

 

image

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ဟာ သူရဲ့  ၅၃နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ၁၉၉၉ ခုနှစ် မတ်လ ၂၇ရက်မှာ ကွယ်လွန်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

 

၁၉၈၉ ခုနှစ် ပထမအကြိမ်နေအိမ် အကျယ်ချုပ်ကျကာလကနေ မိုက်ကယ်အဲရစ် မကွယ်လွန်ခင်အထိ ခင်ပွန်း ဖြစ်သူနဲ့ ငါးကြိမ်သာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ နောက်ဆုံးတွေ့ခွင့်ရခဲ့တာကတော့ ၁၉၉၅ ခုနှစ် ခရစ္စမတ်ပွဲတော် ကာလမှာ ဖြစ်ပါတယ်။

 

ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရတဲ့ နိုင်ငံတကာဆုအချို့ကို တက်ယူပေးခဲ့တဲ့ သားကြီးဖြစ်သူနဲ့ ဆက်ဆံရေးဟာ သိသိသာ ကျဲသွားခဲ့ပြီး သားငယ်နဲ့တော့ အဆက်အသွယ်မပြတ် ရှိခဲ့ကြပါတယ်။

 

အချို့သော သတင်းစကားတွေအရ သားကြီးဖြစ်တဲ့ မြင့်ဆန်းအောင်ဟာ ဖခင်ရဲ့ နောက်ဆုံးအချိန်တွေမှာ အတူရှိမနေပေးတဲ့အတွက် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အနည်းငယ် စိတ်ကွက်ခဲ့တယ်လို့လည်း ကြားသိခဲ့ရပါတယ်။

 

ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်လာချိန်မှာလည်း လူထုတွေ့ဆုံပွဲတွေကို စစ်အစိုးရက အမျိုးမျိုး နှောက်ယှက်ခဲ့ပါတယ်။ အဲသည်နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၀ ခုနှစ် ကနေ ၂၀၀၂ အထိ ဒုတိယအကြိမ် ထပ်မံပြီး နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့ပါတော့တယ်။

 

ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့ ၂၀၀၃ ခုနှစ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမရဲ့ ယာဉ်တန်းဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို စည်းရုံးရေးဆင်းတဲ့အချိန် ကျီရွာအနီးအရောက်မှာ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ အဖွဲ့ဖြစ်တဲ့ စွမ်းအားရှင်အဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပါတယ်။

 


အောင်ဆန်းစုကြည်ဟာ သူမရဲ့ ကားမောင်းသူ အကူအညီနဲ့ ထိုဖြစ်စဉ်နေရာကနေ လွတ်မြောက်ခဲ့ပေမဲ့ သူမကို ထောက်ခံတဲ့ အဖွဲ့ဝင် ၈၀ ခန့် ကတော့ သေကြေပျောက်ဆုံးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

 

အဲသည်အဖြစ်အပျက်အပြီးမှာပဲ သူ့ကို  ၂၀၀၃ ကနေ ၂၀၁၀ အထိ တတိယအကြိမ် နေအိမ်အကျယ်ချုပ် ပြန်လည်ချတာကို ခံခဲ့ရပါတယ်။

 

တတိယအကြိမ် နေအိမ်ကျယ်ချုပ်သက်တမ်းဟာ တစ်ဆက်စပ်ထဲ မဟုတ်ဘဲ ကြားထဲမှာ အကြောင်း အမျိုးမျိုးပြကာ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

 

အဲသည်ထဲမှာတော့ ၂၀၀၉ ခုနှစ်က မဖိတ်ခေါ်ပဲ ရေကူးရောက်လာတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထောကြောင့်လည်း ပါပါတယ်။

 

ဂျွန်ယက်ထောကို နေအိမ်ထဲ ဝင်ခွင့်ပြုတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်းစိန်ထောင်အတွင်းမှာ တရားရင်ဆိုင်ခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခြင်းခံရပါတယ်။ တရားရုံးက အမိန့်ချအပြီးမှာပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်တယ်ဆိုပြီး နေအိမ်အကျယ်ချုပ်နဲ့ ဆက်ထားခဲ့တာပါ။

 

ဂျွန်ယက်ထောကြောင့် အင်းစိန်ထောင်ထဲရောက်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ကို အင်းစိန်ထောင်မှာ ဖြတ်သန်းခဲ့ရပါတယ်။

 

image

ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်နဲ့ရှိစဉ်ကာလမှာပဲ စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုစေခဲ့ပြီး အန်အယ်လ်ဒီမပါတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။

 

စစ်အစိုးရ ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပါတယ်။

 

ကျွန်မအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမြဲကြိုးပမ်းမှာဖြစ်သလို တွေ့ဆုံဆွေးနွေးဖို့လည်း ဆန္ဒရှိပါတယ်။ လူ့အခွင့်အရေးနဲ့တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ အဲသည်နှစ်ခုအတွက် ကျွန်မ အမြဲတိုက်ပွဲဝင်သွားမှာပါ” အကျယ်ချုပ်ကလွတ်တဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

 

သူ့မှာ သြဇာအာဏာ ရှိတယ်ဆိုရင် ဒီ သြဇာအာဏာကို ဒီအရေး နှစ်ရပ်အတွက် အဆုံးစွန်အထိ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

 

တစ်နာရီနီးပါး ကြာတဲ့ ဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အားလုံး အလုပ်တွဲလုပ်ဖို့ လိုကြောင်း၊ ကွဲပြားနေတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း၊ သူ့အနေနဲ့ အစိုးရ အပေါ်မှာလည်း အာဃာတ အငြိုးအတေး မထားရှိကြောင်း၊ လုံခြုံရေး အရာရှိတွေဟာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြောင်းလည်း မှတ်မှတ်ရရ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။  လစ်လပ်နေတဲ့ လွှတ်တော်အမတ် နေရာ အသီးသီးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၄၃ ဦးစလုံး အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

 

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းဆုကြည်ဟာ ပြည်သူ့လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

 

သူ့ရဲ့ လွတ်တော်ကိုယ်စားလှယ်ဘဝမှာလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေရှိနေတဲ့ လက်ပတောင်းတောင် ကြေးနီစီမံကိန်းကိစ္စမှာပါဝင် ဆောင်ရွက်ခဲ့ရပါတယ်။ လက်ပတောင်း ကြေးနီ စီမံကိန်းစုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဦးဆောင်ခဲ့ရပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

 

နှစ်ပေါင်း ၁၅ နှစ်အကြာမှ ပြင်ပကမ္ဘာနဲ့ထိတွေ့ခွင့်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပငါးနိုင်ငံ ခရီးကို ၂၀၁၂ အတွင်းမှာ စတင်ခဲ့ပါတယ်။ သူရဲ့ ခရီးစဉ်အတွင်းမှာတော့ လွန်ခဲ့တဲ့ ၂၁ နှစ်အကြာက ရခဲ့တဲ့ နိုဗယ်လ်ဆုရဲ့ လက်မှတ်ကို ကိုယ်တိုင်တက်ယူခွင့်ရခဲ့ပါတယ်။

 

ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေသာ မိန့်ခွန်းပြောကြားခွင့်ရှိတဲ့ ဗြိတိန်ရဲ့ Westminster ပါလီမန် ခန်းမကြီးထဲမှာလည်း မိန့်ခွန်းပြောခွင့်ရခဲ့ပါတယ်။

 

သူရဲ့ နိုင်ငံတကာ ခရီးစဉ်အတွင်းမှာ သားကြီးဖြစ်တဲ့ မြင့်ဆန်းအောင်နဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ထုတ်ဖော်ပြောဆိုတာတော့မရှိခဲ့ပါဘူး။

 

သားကြီးဖြစ်တဲ့ မြင့်ဆန်းအောင် (ခ) အလက်ဇန်ဒါး အဲရစ်ဟာ အမေရိကန်နိုင်ငံမှာ တက္ကသိုလ်ဆရာတစ် ယောက် အဖြစ် အလုပ်လုပ်နေတာဖြစ်ပါတယ်။

 

သားငယ်ဖြစ်တဲ့ ကင်မ်အဲရစ်နဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ JamesJasmine ကိုတော့ ၂၀၁၆ ခုနှစ် ဗြိတိန်နိုင်ငံကိုရောက်တဲ့အချိန်မှာမှ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

 

အဲသည်လို တွေ့ဆုံတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကိုထိန်လင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခဲ့ပြီး မြတ်မြတ်နိုးနိုးနဲ့ “ဒါလင်”လို့ ခေါ်ဆိုခဲ့ပါတယ်။

 

သားအမိ မြေးအဖွားတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ကာယကံရှင်ကတဆင့် မြန်မာလူထုဆီပါ အပျော်တွေကူးစက်ပြီး ကြည်နူးခဲ့ကြပါတယ်။

 

တကယ် အနစ်နာခံရတာက ကျွန်မ ခင်ပွန်းနဲ့ သားတွေပါ။ အထူးသဖြင့် ကျွန်မ သားတွေပါ။ ခင်ပွန်းဖြစ်သူက အသက်အရွယ်အရ ရင့်ကျက်နေပြီ။ ကျွန်မသားတွေ ငယ်သေးတယ်။ မိဘနှစ်ပါး စလုံးနားမှာမရှိတော့ သူတို့ဘဝအတွက် အင်မတန်ခက်ခဲမယ်။ ကျွန်မရင်ထဲမကောင်းဘူး။ နောက်ဆုံး တော့ …. သြော် တစ်ခုလိုချင်ရင် တစ်ခုတော့ စွန့်လွှတ်ရမှာပဲလို့ ဖြေသိမ့်မိတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

 

မြန်မာနိုင်ငံကသာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါဆုံးအရာ ဖြစ်ခဲ့ကြောင်း၊ သူ့မိခင်၏ မျှော်မြင်တွေးတောမှုများကို လေးစားကြောင်း၊ မလွယ်ကူခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းသို့ဆုံးဖြတ်ချက်ချခဲ့သည်ကို ဂုဏ်ယူကြောင်း ကိုထိန်လင်းက ၂၀၀၄ ခုနှစ်မှာ Australian Women’s Weekly အတွက် ဂျာနယ်လစ် William Langley ကို ဖြေဆိုခဲ့ဖူးပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့တာဝန်ထမ်းဆောင်အပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမဲဆန္ဒနယ်မှာပဲ ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။

 

သူရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာလည်း ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ မဖြစ်နိုင်တာကြောင့် ဦးထင်ကျော်ကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခဲ့ရပါတော့တယ်။

 

အဲသည်နောက်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံတာဝန်ထမ်းဆောင်နေစဉ်မှာတော့ ရခိုင်ပြည်နယ်က ရခိုင်တပ်မတော် ကိစ္စ အပါအဝင် စစ်တပ်ကို ခုခံကာကွယ်ပေးလို့ အကြိမ်ကြိမ်ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ အသတ်ခံရမှု၊ အစုလိုက်အပြုံလိုက် ထွက်ပြေးစေမှုတွေနဲ့ နိုင်ငံတကာ ခုံရုံးအထိရောက်ခဲ့ပြီး သူကိုယ်တိုင် တရား ရင်ဆိုင်ခဲ့ရပါတယ်။

 

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေ တည်ထောင်ခဲ့တယ်ဆိုတဲ့ သံယောဇဉ်နဲ့ စစ်တပ်ကို လူသိရှင်ကြားဝေဖန်တာမျိုး မလုပ်ခဲ့ပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ဝေဖန် သူတစ်သက်လုံး ကိုင်စွဲထားတဲ့ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးတည်လုပ်ဆောင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့ဘဲ အာဏာသိမ်းခဲ့ပါတယ်။

 

ယနေ့အချိန်ထိလည်း သူဟာ တစ်စုံတစ်ဦး အဖွဲ့အစည်း တစ်ခုကို အပြစ်တင်တာထက် ပြည်သူသာလျှင် အဓိကဆိုတဲ့ ယုံကြည်ချက်ကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်ပါတယ်။ စကားပြောဖို့ အခွင့်အရေးရတဲ့ အချိန် ကာလ အတွင်းမှာလည်း ပြည်သူတွေ ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။

 

ကာလကြာရှည်နေအိမ်အကျယ်ချုပ်ကနေ ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ အထောက်အပံ့ မှန်သမျှကို ငြင်းပယ်နေဆဲဖြစ်ပါတယ်။

 

ကမ္ဘာပေါ်မှာသြဇာအရှိဆုံးစာရင်းမှာပါဝင်ခဲ့ပြီး လူလတ်ပိုင်းအရွယ်ကစလို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မိုးသက် မုန်တိုင်း အောက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုကျရောက်တဲ့ သူရဲ့ ၇၆ နှစ်မြောက် ( ယခု ၇၇ နှစ်ပြည့် ) မွေးနေ့ကိုလည်း အစောင့်အကြပ် အနည်းငယ်နဲ့ အထီးကျန်စွာ ဖြတ်သန်းရဦးမှာဖြစ်ပါတော့တယ်။


သူမကို ချစ်တဲ့ ပြည်သူတွေကတော့ ‘ဗေဒါပျံအံကိုခဲ’ ဆိုပြီး သူ့ကို ရည်ရွယ်တဲ့ ပန်းသပိတ်ကိုဆင်နွဲရင်း ယခုနှစ်မှာ ကျရောက်တဲ့ မွေးနေ့ကို ငြိမ်းချမ်းစွာဆုတောင်းပေးနေကြပါတယ်။ ( ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တွင် ကျရောက်သည့် ၇၆ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများက ပြုလုပ်ခဲ့တဲ့ သပိတ်တစ်ခုဖြစ်ပါတယ်။

 

ထပ်မံဖြည့်စွက်ချက် -

မကြာခင် အသက် ၇၇ နှစ်ပြည့်တော့မဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် ထောင် ၉၀ နီးပါး ချမှတ်ခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အဂတိမှုအပါအဝင် အမှု ၆ အမှု အတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး စစ်ကောင်စီစွဲဆိုထားတဲ့ နောက်ထပ် အမှု ၁၃ မှုကို ရင်ဆိုင်နေရပါတယ်။

 

အဲဒီလိုရင်ဆိုင်နေရတဲ့ တရားခွင်ထဲကနေမှပြည်သူတွေရှိနေသရွေ့ပါတီရှိနေမယ်’၊ 'All absurd (အဓိပ္ပါယ်မရှိ မဟုတ်တမ်းတရားတွေ)’ ဆိုတဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုတွေက  အထင်ကရစကားတွေ ဖြစ်ခဲ့ပါတယ်။

 

ပုံစာ-  စစ်ကောင်စီ၏ ထိန်းသိမ်းခြင်းမခံရမီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များ

 

Burma Associated Press

အောင်ဆန်းစုကြည်

Share With
bap-logo