bap-logo
International

ဖိလစ်ပိုင် ရေနံယိုဖိတ်မှုထိန်းချုပ်ရန် ဂျပန်နှင့်အမေရိကန်ကို အကူအညီတောင်းနေရ

QlfqgJTSWughdzY83aerJ-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၁

 

ဖိလစ်ပိုင်ပင်လယ်တွင် ရေနံတင်သင်္ဘောနစ်မြုပ်ပြီး ဆယ်ရက်ကြာသည်အထိ ယိုဖိတ်သွားသည့် ရေနံများကို ထိန်းချုပ်ရှင်းလင်းနိုင်ခြင်းမရှိသေးသည့်အတွက် ဂျပန်နှင့်အမေရိကန်ဆီမှ အကူအညီ တောင်းခံထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

လောင်စာဆီ လီတာ ၈၀၀,၀၀၀ တင်ဆောင်လာသည့် Princess Empress သင်္ဘောကြီးသည် မြို့တော် မနီလာတောင်ဘက် မင်ဒိုရိုကျွန်းအနီး လှိုင်းကြမ်းသည့်ပင်လယ်ပြင်တွင် နစ်မြုပ်သွားခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် အဆိုပါရေနံတင်သင်္ဘောမှာ ရေအောက် မီတာ ၄၀၀ အနက်တွင် ရှိနေသည်ဟု ယူဆရ သော်လည်း ဖိလစ်ပိုင်အနေဖြင့် သင်္ဘောအပျက်စီးသွားသည့်နေရာထိဆင်း၍ ရေနံများကို ဖယ်ရှားနိုင်စွမ်း မရှိကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောဆိုထားသည်။

 

လက်ရှိတွင် ဂျပန်က ရေနံယိုဖိတ်မှုစစ်ဆေး၍ ထိန်းချုပ်ဖယ်ရှားရေးလုပ်ဆောင်ရန် ကမ်းစောင့် တပ်ဖွဲ့ဝင်များကို မနီလာသို့ စေလွှတ်ထားပြီးဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းစောင့်တပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

 

နစ်မြုပ်သွားသည့် ရေနံတင်သင်္ဘောမှ ဒီဇယ်ဆီနှင့် သိပ်သည်းဆမြင့်ရေနံများကြောင့် အဏ္ဏဝါသဘာဝ အလှအပ များဖြင့် လူသိများသည့် မင်ဒိုရာပြည်နယ်ကမ်းရိုးတမ်းတလျှောက် မြို့နယ် ကိုးမြို့နယ်ရှိ ရေပြင်၊ ကမ်းခြေများ ညစ်ညမ်းခဲ့ရသည်။

 

ထို့အပြင် သန္တာကျောက်တန်း၊ လမုတောနှင့် ပင်လယ်ရေမှော်များပေါက်ရောက်ရာ ရေပြင်အကျယ် ဟက်တာ ၂,၅၀၀ ကျော် ထိခိုက်ဖွယ်ရှိနေကြောင်း ဖိလစ်ပိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြောဆို ထားသည်။

 

သို့သော် သင်္ဘောအပျက်မှ ဒီဇယ်နှင့်ရေနံ ပမာဏမည်မျှ ယိုဖိတ်သွားသည်ကို မသိရသေးသော်လည်း သင်္ဘောနစ်မြုပ်သည့်နေရာနှင့် ကီလိုမီတာ ၃၅၀ ခန့်အကွာ ကေရှန်ကျွန်းအနီးအထိ ရေနံများ ပျံ့နှံ့နေကြောင်း ဖိလစ်ပိုင်ကမ်းစောင့်တပ်က သောကြာနေ့က ပြောကြားခဲ့သည်။

 

ရေနံယိုဖိတ်မှုနောက်ဆက်တွဲအနေဖြင့် ကမ်းပါးလာသည့်ရေနံများကြောင့် မင်ဒိုရိုပြည်နယ်တွင် လူဒါဇင်ချီဖျားနာခဲ့ပြီး ဒေသခံများနှင့် ကမ်းစောင့်တပ်များက ထိခိုက်သွားသည့်ကမ်းခြေများရှိ ပင်လယ် ရေမှော်များနှင့် အမှိုက်သရိုက်များကို ဖယ်ရှားလျှက်ရှိကြောင်းသိရသည်။

 

Source – CNA/ပုံ - ရေနံများနှင့်ညစ်ညမ်းနေသည့်ကမ်းစပ်တစ်နေရာ။

 

Burma Associated Press

အမေရိကန်
ဖိလစ်ပိုင်
ဒီဇယ်
လောင်စာဆီ
ဂျပန်

Share With
bap-logo