bap-logo
International

အမေရိကန်က လမ်းမှားဆက်လျှောက်နေပါက "ပဋိပက္ခ" ဖြစ်လာနိုင်ကြောင်း တရုတ် သတိပေး

mOxRr8de2k6Lq3rlY2rib-image

လွန်ခဲ့သော ၂ နှစ် က

ပေကျင်း - မတ် ၇


 
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ပေကျင်းနှင့်ဝါရှင်တန်ကြား တင်းမာမှုမြင့် တက်လာခြင်း မှာ အမေရိကန်ကြောင့်ဖြစ်ပြီး လမ်းကြောင်းမပြောင်းပါက ဟန့်တားရေးအစီအမံ မည်မျှပင် ချမှတ်စေကာမူ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲနိုင်မည်ဟုတ်ဟု  သတိပေးလိုက်သည်။


 
အမေရိကန်သည် မျှမျှတတယှဉ်ပြိုင်မည့်အစား တရုတ်ကိုဖိနှိပ်ရန်သာ ကြိုးစားနေပြီး ယင်းကဲ့သို့ ရန်စမှုများကို တစ်သက်လုံးသည်းခံနိုင်မည်မဟုတ်ဟု အင်္ဂါနေ့က ဘေဂျင်းတွင်ကျင်းပသည့် ပါလီမန်နှစ်ပတ်လည် အစည်းအဝေးပြင်ပတွင် Qinက သတင်းထောက်များအား ပြောကြားခဲ့သည်။


 
"အမေရိကန်အစိုးရရဲ့ တရုတ်နိုင်အပေါ် သိမြင်မှုဟာ ဆိုးဆိုးရွားရွား လွဲမှားနေတယ်။ ဝါရှင်တန်ဟာ တရုတ်ကို သူတို့ရဲ့ အဓိကပြိုင်ဘက်၊ အရေးအကြီးဆုံး ပထထဝီနိုင်ငံရေး စိန်ခေါ်မှုတစ်ခုအဖြစ် ရှုမြင်နေတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။


 
၎င်းက - "အမေရိကန်ဟာ စည်းမျဉ်းလိုက်နာတဲ့ ကမ္ဘာ့နိုင်ငံရေးစနစ်အကြောင်း တဖွဖွပြောနေ ပေမယ့် ကိုယ်တိုင် ကျတော့ စည်းမျဉ်းတွေကို မလိုက်နာဘူး။ ဘာနဲ့တူသလဲဆိုရင် ပြိုင်ပွဲတစ်ခုမှ တစ်ယောက်က အကောင်းဆုံး ကြိုးစားနေပေမဲ့ နောက်တစ်ယောက်က တမင်သက်သက် ခြေလိုက် ထိုးနေသလိုပဲ" ဟု ဆိုသည်။


 
"ဒါဟာ မျှတတဲ့ယှဉ်ပြိုင်မှုတစ်ခု မဟုတ်တော့ဘူး၊ မသမာတဲ့ လုပ်ရပ်၊ ဖောင်းဖြစ်သွားပြီ။"


 
ထို့အပြင် အမေရိကန်အစိုးရသည် တရုတ်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားရန်အတွက် ဟန့်တား ရေး အစီအမံများ ချမှတ်နေကြောင်း ပြောဆိုနေသည့်တိုင် လက်တွေ့တွင် ပေကျင်း အနေဖြင့် သပုပ် လေလွင့် တိုက်ခိုက်ခံရတိုင်း ပေကျင်းဘက်က အပြော သို့မဟုတ် လုပ်ရပ်များနှင့် မတုန့်ပြန်သင့် ဘူးဆိုသည့် သဘောသာဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက် ပေးထားသည်။


 
"ဒီလိုလုပ်ဖို့က တကယ်မဖြစ်နိုင်ပါဘူး။ အမေရိကန်ဘက်က ဘရိတ်အုပ်ဘဲ လမ်းမှားကြီးအတိုင်း ဆက်သွားနေရင် လမ်းမချော်အောင် လက်ရန်းဘယ်လောက်ပင် ကာရံထားပါစေ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာမှာပဲ၊ ဆိုးရွားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်သူခေါင်းခံမှာလဲ။"


 
Qin Gang ၏ မှတ်ချက်မှာ တနင်္လာနေ့က တရုတ်နှစ်ပတ်လည် ပါလီမန်အစည်းအဝေးအတွင်း သမ္မတရှီကျင်းပင်က "အမေရိကန်ဦးဆောင်သည့် တရုတ်ဖိနှိပ်မှု" ကို ရှုတ်ချကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။


 
တရုတ်သမ္မတက - "အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေဟာ တရုတ်ကို ဘက်စုံက ဝိုင်းအုံဖိနှိပ်ဖို့ ကြိုးစားနေတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ကျွန်တော်တို့နိုင်ငံဟာ မကြုံစဖူး တိုးတက်မှုအဟန့်အတားတွေ နဲ့ရင်ဆိုင် နေရတယ်"ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။


 
မကြသေးမီနှစ်ပိုင်းအတွင်း ကုန်သွယ်ရေး၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေးတို့နှင့်ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းအစိုးရကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။


 
 
Source – The Straits Times/Al Jazeera


 
ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang

တရုတ်
အမေရိကန်

Share With
bap-logo