Politics
လွိုင်ကော်မှာ စစ်တပ်က အမေးအမြန်းမရှိ ပစ်ခတ်မှုများရှိနေပြီး အလောင်းပင် မကောက်ရဲတဲ့ အခြေအနေ ရှိနေ
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၃၀။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာကျန်ရှိနေတဲ့ပြည်သူတွေကို အာဏာသိမ်း စစ်တပ်က နေ့စဥ်ပစ်သတ်နေပြီး၊ သေဆုံးသူတွေရဲ့ အလောင်းတောင် မကောက်ရဲကြဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့သူတွေက ပြောပါတယ်။
"စားစရာမရှိလို့အမှိုက်ကောက်လာသူတဦးကိုအကြောင်းကိုပစ်သတ်တယ်၊ သူ့ဟာသူရှာစားနေတာကို ပစ်သတ် တာ အထက (၃) ကျောင်းနားမှာ ပစ်သတ် ခံရတဲ့အလောင်းရော၊ ကားထဲမှာပစ်သတ်ခံရတဲ့ အလောင်းရော သွား မကောက်ရဲ ကြဘူး၊ ဟိုလမ်းနား ဒီလမ်းနားပစ်သတ်ခံရတဲ့ အလောင်းတွေ အများကြီးကျန်ခဲ့တယ် "လို့ စစ်ဘေးရှောင်လာသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆီဆိုင်မြို့ကို ပြေးလာ တဲ့သူတွေ ပြောကြားချက်အရ စစ်တပ်က ပြည်သူတွေရဲ့ နေအိမ်တိုက်အမြင့်တွေမှာ စနိုက်ပါနဲ့ချိန်ထားပြီး လူရိပ်မြင်ပါက ပစ်သတ်နေတာလို့ စစ်ဘေးရှာင်လာသူတွေက သူတို့ကြုံတွေ့နေရတာကို ပြောပါတယ်။
လက်ရှိလွိုင်ကော်မြို့မှာ အိမ်စောင့်အဖြစ်ကျန်နေတဲ့သူ တစ်ရပ်ကွက်မှာ ၅ ဦးလောက်သာရှိနေပြီး၊ အရင်က ဝယ်စုထားတဲ့စားနပ်ရိက္ခာတွေကို ချွေတာစားပြီး နေနေရတယ်လို့ စစ်ဘေးရှောင်တွေရဲ့ ပြောကြားချက် အရသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေသော့ပိတ်ပြီးထားခဲ့တဲ့ အိမ်တွေကိုလဲ ဖောက်ထွင်းခိုးယူနေပြီး၊ လမ်းပေါ်မှာသွားလာနေတဲ့ ကျန်းမာရေး ချွတ်ယွင်းသူတွေကိုလဲ သူခိုးလို့စွပ်စွဲကာ ပစ်သတ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
"ကျမယောက်ျားက ကျန်းမာရေးမကောင်းဘူး၊ ပြေးလာတဲ့ချိန် သူမရှိတော့ ပါမလာခဲ့ဘူး၊ ခုတော့ သူခိုးဆိုပြီး အသတ်ခံရတယ်၊ ကျမတို့စစ်ရှောင်စခန်းကို ရောက်လာတဲ့သူတွေပြောလို့သိရတယ်၊ အလောင်းလည်း မကောက်နိုင်ဘူး"လို့ ပစ်သတ်ခံရသူရဲ့အမျိုးသမီးက ပြောပါတယ်။
လက်ရှိလွိုင်ကော်မြို့တွင်းမှာ ကျန်နေခဲ့သူတွေဟာ စစ်တပ်ကိုရှောင်တိမ်းကာ တောလမ်းကနေ ဆီဆိုင်မြို့ကို ဆိုင်ကယ်တွေ၊ ပရဟိတအသင်းက စီစဥ်ပေးနေတဲ့ကားတွေနဲ့ နေ့စဥ်ရှမ်းပြည်တောင်ပိုင်းကမြို့ကို ရှောင်ပြေး လာနေကြရပါတယ်။
လွိုင်ကော်မြို့နဲ့ အနီးဆုံးဆီဆိုင်မြို့ကို အများဆုံးစစ်ဘေးရှောင်လာကြလို့ ဆီဆိုင်မြို့မှာစစ်ဘေးရှောင်ဦးရေ များနေပါတယ်။ နောက်ထပ်လူလက်မခံနိုင်တော့တဲ့ထိ ပြည့်နေတာကြောင့် ထပ်ပြီးလက်ခံဖို့ခက်ခဲနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတွေဆီက သိရပါတယ်။
ပုံစာ - လွိုင်ကော်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ စစ်ဘေးရှောင်လာသူအချို့
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က