bap-logo
Politics

တရုတ်ဂျက်တိုက်လေယာဉ်က အမေရိကန် B-52 ဗုံးကြဲလေယာဉ်နှင့် ၁၀ ပေအထိ ကပ်လာခဲ့

Ppvvk9F6rC4O_czlmUpu--image

လွန်ခဲ့သော တစ်နှစ် က

တရုတ်ဂျက်တိုက်လေယာဉ်တစ်စီးက တောင်တရုတ်ပင်လယ်တွင် အမေရိကန် ဗုံးကြဲလေယာဉ် B-52 တစ်စီးနှင့် မတော်တဆ ထိခိုက်မှုဖြစ်စေလောက်သည့် ၁၀ ပေခန့်ထိ ကပ်လာကြောင်း အမေရိကန်စစ်တပ်က ပြောကြားသည်။

 

ညဘက်တွင် ဖြစ်ပွားခဲ့သော ကြားဖြတ်မှုတွင် Shenyang J-11 အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်သည် အမေရိကန်လေတပ်၏ "B-52 အနီး ၁၀ ပေ အတွင်း ထိန်းချုပ်မှုမရှိသော လွန်ကဲသည့် အမြန်နှုန်းဖြင့် အောက်မှ ပျံသန်းခြင်း၊ အရှေ့မှ ပျံသန်းခြင်းကြောင့် လေယာဉ်နှစ်စီးလုံး တိုက်မိနိုင်မှုအန္တရာယ် ဖြစ်စေခဲ့ကြောင်း” အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်တစ်စောင်၌ ဖော်ပြထားသည်။

 

၎င်းလေယာဉ်မှူးသည် တိုက်မိမှုဖြစ်ပွားရန် မည်မျှနီးကပ်လာသည်ကို မသိခဲ့သည့်အတွက် စိုးရိမ်ကြောင်းစစ်တပ်က ပြောကြားသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ချက်ချင်း မတုံ့ပြန်ခဲ့သော်လည်း မေလအတွင်းက ဖြစ်ပွားခဲ့သော အလားတူဖြစ်ရပ်မျိုးတွင် တရုတ်အစိုးရက အမေရိကန် စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် တောင်တရုတ်ပင်လယ်တွင် လေယာဉ်ပျံသန်းမှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

 

တရုတ်က တောင်တရုတ်ပင်လယ် ရေပိုင်နက်အားလုံးကို ၎င်းပိုင်ဆိုင်မှုအဖြစ် အခိုင်အမာတောင်းဆိုမှု မြင့်တက်လာနေပြီး အမေရိကန်နှင့် အခြားသော ၎င်းကျယ်ပြန့်သည့် ရေပြင်ကို သင်္ဘောများ ကူးသန်း သွားလာနေသည့် နိုင်ငံများက ငြင်းပယ်ခဲ့သည်။

 

တရုတ်၏ တောင်းဆိုမှုသည် ကမ္ဘာ့အသုံးအများဆုံး ကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်သည့် တောင်တရုတ် ပင်လယ်တွင် အခြားနိုင်ငံများနှင့် ကာလကြာရှည်ဖြစ်ပွားနေသော အငြင်းပွားဆီသို့ ဦးတည်စေခဲ့သည်။ ရေယာဉ် တစီးနှင့် ၎င်းနှင့်တွဲဖက်သွားလာနေသည့် တရုတ် ကမ်းခြေစောင့်သင်္ဘောတစ်စီးတို့က ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောတစ်စီးကို ဝင်တိုက်မှု ပြီးခဲ့သည့်အပတ်တွင် ဖြစ်ပွားခဲ့ပြီး အငြင်းပွားနေသော ‌ရေလမ်းကြောင်းမှ ရေတိမ်ဒေသတွင် စစ်တပ်ထောက်ပို့သင်္ဘောတစ်စီး ထွက်ခွာခဲ့သည်။

 

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ရေကြောင်းနှင့် လေပိုင်နက်သည် နိုင်ငံတကာ ပိုင်နက်ဖြစ်ကြောင်း အလေးထားပြသသည့်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် ရေကြောင်းလှည့်လည်သွားလာမှုများသာမက ပုံမှန် လေယာဉ်ပျံသန်းမှုများ ပြုလုပ်လေ့ရှိသည်။

 

B-52 သည် အင်္ဂါနေ့က J-11 ကြားဖြတ်မှုကြုံတွေ့ရချိန်တွင် "တောင်တရုတ်ပင်လယ်ရှိ နိုင်ငံတကာ လေပိုင်နက်အတွင်း ဥပဒေနှင့် အညီ ပုံမှန်လှုပ်ရှားမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း” အမေရိကန် စစ်တပ်က ပြောကြားသည်။

 

ကြားဖြတ်တွေ့ဆုံမှုများသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဆောင်းဦးရာသီမှစတင်၍ အကြိမ် ၁၈၀ ကျော် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်က ပြောဆိုသည်။

 

၎င်းဖြစ်ပွားမှုများသည် အင်္ဂါနေ့ဖြစ်စဉ်ကဲ့သို့ နီးကပ်စွာ ဖြစ်ပေါ်လေ့ မရှိဘဲ တရုတ်နှင့် အမေရိကန် တင်းမာမှု မြင့်မားနေစဉ်တွင် တိုက်မိမှုမှ တင်းမာမှုကို ပိုမိုမြင့်မားစေနိုင်သည်။

 

အမေရိကန်စစ်တပ်က ၎င်း၏ ထုတ်ပြန်ချက်တွင် ထိုဖြစ်ရပ်က ၎င်းတို့၏ ချဉ်းကပ်မှုကို ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြထားသည်။

 

အမေရိကန်က နိုင်ငံတကာဥပဒေများက ခွင့်ပြုသရွေ့ ဘေးကင်းစွာ၊ တာဝန်ရှိစွာ ဆက်လက် ပျံသန်း၊ ရွက်လွှင့်၊ လုပ်ဆောင်နေမှာ ဖြစ်ပါတယ်” ဟု စစ်တပ်က ဖော်ပြထားသည်။

 

ကိုးကား - AP

ပုံစာ - အောက်တိုဘာ ၁၇ ရက် ၂၀၂၃ ခုနှစ် တောင်ကိုရီးယားနိုင်ငံ Seongnam ရှိ ဆိုးလ်လေတပ် အခြေစိုက်စခန်းတွင် ပြုလုပ်သော ဆိုးလ်နိုင်ငံတကာလေကြောင်းနှင့် ကာကွယ်ရေး ပြပွဲ ၂၀၂၃ အတွင်း ပျံသန်းနေသော အမေရိကန် လေတပ် B-52 ဗုံးကြဲလေယာဉ်။ (Photo: Kim In-chul/Yonhap via AP, File)

 

 Burma Associated Press

တရုတ်
ဂျက်ဖိုက်တာလေယာဉ်
အမေရိကန်
ဗုံးကြဲလေယာဉ်

Share With
bap-logo