bap-logo
Politics

အရှေ့တောင်အာရှနိုင်ငံများအချင်းချင်း ဓာတ်အားမျှဝေရောင်းဝယ်ရေး စတင်

LGFB-lYjyrfps3KOpcq9o-image

လွန်ခဲ့သော တစ်နှစ် က

အရှေ့တောင်အာရှနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ရင်ဆိုင်ဖြေရှင်းရန် သန့်စင်သည့်စွမ်းအင်သို့ အလျင်အမြန် ပြောင်းလဲသုံးစွဲရမည့် အခြေအနေကြောင့် ၎င်းတို့၏ ဓာတ်အားမျှဝေသုံးစွဲမည့် နှစ် ၂၀ စီမံကိန်းမှာ ပြန်လည် နိုးထရှင်သန်လာခဲ့သည်။

 

ပြီးခဲ့သည့်လက မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ရေး ဖြစ်နိုင်ချေရှိသည့် နေရာ ၁၈ ခုကို လေ့လာရန် အင်ဒိုနီရှားနိုင်ငံ ဘာလီတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

 

၎င်းချိတ်ဆက်သွယ်တန်းမှုများသည် အကြမ်းအားဖြင့် နျူကလီးယား ဓာတ်အားပေးစက်ရုံ ၃၃ ခုမှ တစ်နှစ်အတွင်း ထုတ်လုပ်သည့် ဓာတ်အားနှင့် ညီမျှသော ဓာတ်အားများ ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ ၎င်းတို့ သည် စီးပွားရေးအရသော်လည်းကောင်း၊ နည်းပညာအရသော်လည်းကောင်း ဖြစ်နိုင်ချေရှိပြီး ယခုအခါ ဒေသ တွင်း အစိုးရများမှ ထောက်ခံအားပေးမှုရရှိထားကြသည်ဟု အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ အာဆီယံ စွမ်းအင် ရေးရာ ဗဟိုဌာနမှ လျှပ်စစ်ဓာတ်အား ကျွမ်းကျင်သူ Beni Suryadi က ပြောကြားသည်။

 

သေးငယ်သည့် ဘရူနိုင်းနှင့် စင်ကာပူ၊ စစ်တပ်ထိန်းချုပ်ထားသော မြန်မာနှင့် စီးပွားရေးစွမ်းအား လျင်မြန်စွာ မြင့်တက်လာသော ဗီယက်နမ်တို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း သို့မဟုတ် အာဆီယံသည် ကျယ်ပြန့်သော ဒေသတွင်းမှ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာစုစည်းမှုအဖြစ် အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

"လမ်းကြောင်းရှာ” စီမံချက်တစ်ခုအနေဖြင့် လာအိုနိုင်ငံမှ ရေအားလျှပ်စစ်ကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တဆင့် စင်ကာပူနိုင်ငံသို့ တင်ပို့ခြင်းသည် ဒေသတွင်း နိုင်ငံလေးနိုင်ငံမှ လျှပ်စစ်ကုန်သွယ်ရန် ပထမဆုံး သဘော တူညီမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု ကျွမ်းကျင်သူများက ရှင်းလင်းပြောကြားသည်။

နိုင်ငံအများအပြားက ၎င်းတို့၏ စီးပွားရေးတွင် ကျောက်မီးသွေးနှင့် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုဖြတ်တောက် လျော့ချရန် ဓာတ်အားမျှဝေမှုကို နည်းလမ်းတစ်ခုအဖြစ် ရှာဖွေလာကြသည်။

 

၂၀၁၇ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော် စွမ်းအင်ဝယ်ယူမှုမှာ ဒေသတွင်း သိုလှောင်မှု၏ ၂.% သာ ရှိခဲ့သည်ဟု Global Interconnection Journal မှတ်တမ်းအရ သိရသည်။ ၎င်းဝယ်ယူမှုမှာ ထိုင်းနှင့် လာအို နှစ်နိုင်ငံ အကြား ဝယ်ယူမှုသာဖြစ်သည်။ ယခုအခါ နိုင်ငံအများအပြားက ၎င်းတို့၏ စီးပွားရေးတွင် ကျောက်မီးသွေးနှင့် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုဖြတ်တောက်လျော့ချရန် ဓာတ်အားမျှဝေမှုကို နည်းလမ်းတစ်ခုအဖြစ် ရှာဖွေလာကြ သည်။ ဗီယက်နမ်သည် ကမ်းလွန်လေအားကဲ့သို့သော သန့်စင်သည့် စွမ်းအင်ကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချ နိုင်ရန် ဒေသတွင်း ကွန်ရက်တစ်ခု တည်ဆောက်လိုပြီး မလေးရှားသည် Sarawak ပြည်နယ်မှ ရေအားလျှပ်စစ်ကို အိမ်နီးချင်း အင်ဒိုနီးရှားသို့ ရောင်းချနိုင်ရန် ရှာဖွေစဉ်းစားနေကြသည်။

 

အာဆီယံ ၁၀ နိုင်ငံ၏ ဒေသတွင်းကွန်ရက်တစ်ခု စီမံကိန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအကြာက အစပြု ခဲ့ခြင်းဖြစ်ပြီး နည်းပညာအခက်အခဲများနှင့် နိုင်ငံရေးမယုံကြည်မှုများ အပါအဝင် ပြဿနာအများအပြားကြောင့် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

 

ယခုအခါ လျှင်မြန်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိလာကြပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် သည် ရာစုနှစ် အလယ်ပိုင်းသို့ ရောက်ရှိလျှင် ဒေသစီးပွားရေး၏ သုံးပုံတစ်ပုံကျော်အထိ ထိခိုက်လျော့ပါးစေနိုင် မည်ဟု စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ၂၀၂၁ ခုနှစ်က ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတုညီလာခံတွင် တင်ပြခဲ့သောအစီရင်ခံစာတစ်ခုအရ သိရသည်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာပြီး ရုပ်ကြွင်း လောင်စာကို အစားထိုး ပြောင်းလဲသုံးစွဲရန် အပြန်အလှန် ချိတ်ဆက်ထားသည့် ကွန်ရက်တစ်ခု လိုအပ်ကြောင်း အစိုးရများက သိရှိလာကြသည်ဟု Suryad က ပြောကြားသည်။

 

ဒါက နိုင်ငံတိုင်းအတွက် အရေးတကြီး လိုအပ်ချက် ဖြစ်လာပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

ယခင်အတိတ်တွင်မူ ဒေသတွင်းနိုင်ငံများသည် စွမ်းအင်လုံခြုံရေး၊ ရုပ်ကြွင်းလောင်စာအပေါ် အကြီးအကျယ် မှီခိုခြင်း၊ လိုအပ်သည်ထက် ပို၍ သိုလှောင်ရေးတည်ဆောက်မှုတို့အပေါ်တွင် ပိုမို အာရုံစိုက်ထားခဲ့ကြသည်။ သို့သော် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ကုန်ကျစားရိတ်များ လျော့ကျလာပြီး ရေအားလျှပ်စစ်၊ နေရောင် ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတို့မှာ ပိုမိုလက်လှမ်းမီလာနိုင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမှ လွဲ၍ အာဆီယံနိုင်ငံများ အားလုံးက ၂၀၅၀ ခုနှစ်တွင် လေထုအတွင်း ကာဗွန်ထုတ်လွှတ်မှု ရပ်တန့်ရန် ကတိပြု ခဲ့ကြသည်။

 

အပြန်အလှန်ချိတ်ဆက်ထားသည့် ကွန်ရက်တစ်ခု ပေါ်ပေါက်လာရေး အရေးဆိုမှုက အလေးသာနေပုံရသည်။

 

လူဦးရေး ၇ သန်းသာရှိသည် သေးငယ်သော ကုန်းတွင်းပိတ်နိုင်ငံ လာအိုသည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ရေကာတာ ၅၀ ကျော် တည်ဆောက်ခဲ့ပြီး ဓာတ်အားများကို ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်သို့ ရောင်းချခြင်းဖြင့် "အရှေ့တောင်အာရှ၏ ဘက်ထရီ” ဟူသည့် ရပ်တည်မှုပေါ်တွင် တည်မှီနေခဲ့သည်။

 

ဒေသတွင်း အခြားနိုင်ငံများသို့ရောင်းချရန် လိုအပ်သော ဓာတ်အားများ ၎င်းတွင် ပိုလျှံနေပါသေးသည်။

 

သဘာဝ အရင်းအမြစ် မရှိသလောက်ဖြစ်သည့် လူဦးရေ ၆ သန်းရှိသော သေးငယ်သည့် မြို့တော်နိုင်ငံ စင်ကာပူနိုင်ငံသည် ၎င်း၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ရည်မှန်းချက်ကို ပြည့်မှီစေရန်အတွက် သန့်စင်သော စွမ်းအင် တင်ပို့ရမည်ဖြစ်သည်။

 

ဒေသတွင်း ကွန်ရက်များသည် ဓာတ်အားလိုအပ်သူနှင့် ထုတ်လုပ်သူအကြား ပေါင်းကူးကူညီပေးနိုင်မည်ဖြစ်ကာ ရေနံဈေးနှုန်း အဆမတန် ခုန်တက်ခြင်းကဲ့သို့သော ပြင်ပမှ ရုတ်တရက် ရိုက်ခတ်မှုများကို ထိန်းညှိရန် ကူညီပေးနိုင်မည်လည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ဥရောပတာဝန်ရှိသူများ ခန့်မှန်းခဲ့သည့် ၎င်းတို့ဒေသတွင် ဒေါ်လာ ၃၆ ဘီလီယံ ခြိုးခြံနိုင်သကဲ့သို့ပင် ဒေသတွင်း ကွန်ရက်များက ကုန်ကျစားရိတ်များ လျော့ချရာတွင် ကူညီပေးနိုင်မည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံမှ လွဲ၍ အာဆီယံနိုင်ငံများ အားလုံးက ၂၀၅၀ ခုနှစ်တွင် လေထုအတွင်း ကာဗွန်ထုတ်လွှတ်မှု ရပ်တန့်ရန် ကတိပြုခဲ့ကြသည်။

 

အပြန်အလှန်ချိတ်ဆက်ထားသည့် ကွန်ရက်များသည် ဘော်နီယိုကျွန်းမှ ကလီမန်တန်အနောက်ပိုင်းကဲ့သို့ ဝေးလံသည့်ဒေသများမှ လူထုအတွက် စိတ်ချမှီခိုနိုင်သည့် ဓာတ်အားများ ပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အိမ်နီးချင်း မလေးရှားနိုင်ငံ Sarawak ပြည်နယ်မှ ၁၇၀ ကီလိုမီတာ (၁၀၅ မိုင်) ရှည်လျားသည့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း ဝင်ရောက်မလာမီအထိ ပုံမှန်မီးပျက်မှုကြောင့် ဆိုင်များပိတ်ကာ လူအများမှာ ဒီဇယ်မီးစက်များ သုံးစွဲကြရခြင်းသည် ပုံမှန်ဖြစ်စဉ်ဖြစ်ခဲ့သည်။

 

ဒါလုပ်ရမယ်ဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ တခြားမှာလည်း လုပ်နေကြပြီး အကျိုးကျေးဇူးကလည်း သိသာနေတာပဲ။” ဟု ပဲရစ် အခြေစိုက် နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှ စွမ်းအင် လေ့လာဆန်းစစ်သူ Rena Kuwahata က ပြောကြားသည်။

 

သို့သော် အရေးကိစ္စများ ရှိနေပါသေးသည်။

 

အာဆီယံ၏ ပင်မမူဝါဒမှာ ဝင်ရောက် မစွက်ဖက်ရေးဟူသည့် အဖွဲ့ဝင်များမှ ပူးတွဲ စီမံချက်များတွင် မပါဝင်ဘဲ နေလေ့ရှိခြင်း ဖြစ်သည်။ ပြည်တွင်းစွမ်းအင် ဦးစားပေးချက်များသည် အပြန်အလှန်ချိတ်ဆက်ထားသော ကွန်ရက်တစ်ခု၏ အလားအလာရှိသော အကျိုးကျေးဇူးများနှင့် တစ်ခါတစ်ရံ ကွဲလွဲနေပါသည်။ နိုင်ငံများအနေဖြင့် သန့်စင်သည့် စွမ်းအင်ကို အိမ်နီးချင်းများသို့ ရောင်းချ၍ ဒေသတွင်း ရုပ်ကြွင်းလောင်စာ သုံးစွဲမှု ဖြတ်တောက်လျော့ချမည်လော သို့မဟုတ် နိုင်ငံတွင်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ရည်မှန်းချက် ပြည့်မီအောင် ၎င်းအရင်းအမြစ်များကို သုံးစွဲမည်လောဆိုသည့် "ဝိဝါဒကွဲပြားဖွယ်” တစ်ခု ဖန်တီးပေးသည်ဟု အာဆီယံ စွမ်းအင်ရေးရာဗဟိုဌာနမှ အခြားသော ကျွမ်းကျင်သူ Nadhilah Shani က ပြောကြားသည်။

 

မလေးရှားနိုင်ငံသည် သန့်ရှင်းသောစွမ်းအင်ရင်းမြစ်များမှ တစ်နှစ်လျှင် ၁ % သာ လျှပ်စစ်ဓာတ်အားရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ပြည်တွင်း သန့်စင်သော စွမ်းအင်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေရန်ကြိုးပမ်းသည့်အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။ ၎င်းပိတ်ပင်မှုကို ယခုနှစ်တွင် ပြန်လည်ခွင့်ပြု ခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ မနှစ်က ချမှတ်ခဲ့သည့် သန့်စင်သောစွမ်းအင်တင်ပို့မှု ပိတ်ပင်ခြင်းမှာ ကျန်ရှိနေဆဲဖြစ်သည်။

 

ရေအောက် ဓာတ်အားကြိုးများ သွယ်တန်းတပ်ဆင်ခြင်းအတွက် ဒေသတွင်း စည်းမျဉ်းမူဘောင်များ အားနည်းခြင်းသည်လည်း နောက်ထပ် အတားအဆီးတစ်ခုဖြစ်သည်။

ခင်ဗျား လျှပ်စစ်ပမာဏ အမြောက်အများလိုအပ်တယ်။ ပြီးတော့ သန့်စင်စိမ်းလန်းဖို့လည်း လိုအပ်တယ်။ အဲဒါတွေ ဘယ်က ရမလဲ။ တချို့နိုင်ငံတွေအတွက်တော့ သန့်စင်စိမ်းလန်းအောင် လုပ်ဖို့ ပိုပြီး ခက်ခဲပါတယ်။

 

နည်းပညာပြဿနာများအားလုံးသည်လည်း ပြေလည်သွားသည်မဟုတ်သေးပါ။ နိုင်ငံတစ်ခုချင်းစီ၏ ဗို့အား အသုံးပြုမှုသည် မတူညီသကဲ့သို့ ၎င်းတို့၏ ကွန်ရက်သိုလှောင်စွမ်းများမှာလည်း မတူညီကြပါ။ နယ်စပ်များအထိ ကွန်ရက် သွယ်တန်းထားသော ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံများပင် ၎င်းသွယ်တန်းမှုများကို အဆင့်မြှင့်တင်ရန် လိုအပ်နေသေးသည်ဟု ထိုင်းနိုင်ငံ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ်သူများ အသင်း၏ အကြီးအကဲနှင့် B.Grimm Power ပိုင်ဆိုင်သူ Harald Link က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားထားသည်။

 

ဥပမာ ဓာတ်အားလိုအပ်ချက်မြင့်မားသည့် အချက်အလက်ဗဟိုဌာနများကဲ့သို့ ဓာတ်အားလိုအပ်သည့် နေရာသို့ ဦးတည်ရည်ရွယ်ခြင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

 

ခင်ဗျား လျှပ်စစ်ပမာဏ အမြောက်အများလိုအပ်တယ်။ ပြီးတော့ သန့်စင်စိမ်းလန်းဖို့လည်း လိုအပ်တယ်။ အဲဒါတွေ ဘယ်က ရမလဲ။ တချို့နိုင်ငံတွေအတွက်တော့ သန့်စင်စိမ်းလန်းအောင် လုပ်ဖို့ ပိုပြီး ခက်ခဲပါတယ်။” ဟု Link က ပြောသည်။

 

အာဆီယံ စွမ်းအင်ရေးရာဗဟိုဌာန၏ အဆိုအရ ကုန်ကျစားရိတ်မှာ မြင့်မားပြီး စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အနည်းဆုံး ဒေါ်လာ ၂၈၀ ဘီလီယံ လိုအပ်သည်ဟု ဆိုသည်။

 

တရုတ်နိုင်ငံ၏ ခါးပတ်နှင့် လမ်းစီမံကိန်းမှတဆင့် ဒေသတွင်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ အမြောက်အများ တည်ဆောက်ခြင်းသည်လည်း စိုးရိမ်ဖွယ်ဖြစ်သည်။ အကြွေးနွံနစ်နေသည့် လာအိုနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ၎င်း၏ ဓာတ်အားကွန်ရက်ကို တရုတ်အဓိက ပိုင်ဆိုင်သည့် ကုမ္ပဏီသို့ ၂၅ နှစ်ကြာ လုပ်ငန်းလုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ရသည်။

 

သို့သော် နယ်မြေအငြင်းပွားမှုနှင့် အခြားအရေးကိစ္စများကြောင့် ရံဖန်ရံခါဖြစ်ပွားလေ့ရှိသည့် တရုတ်နှင့် ၎င်း၏ အိမ်နီးချင်းများအကြား တင်းမာမှုများ ရှိနေသည့်ကြားမှပင် တရုတ်အစိုးရနှင့် အာဆီယံတို့သည် "အပြန်အလှန် အကျိုးစီးပွားနှင့် အကျိုးအမြတ်” ကို အခြေခံကာ လုပ်ဆောင်နေကြသည်ဟု အာဆီယံ စွမ်းအင်ရေးရာ ဗဟိုဌာနမှ အခြားသော ကျွမ်းကျင်သူ Nadhilah Shani က ပြောကြားသည်။

 

ဓာတ်အားကွန်ရက်များ တည်ဆောက်ရန် ကုန်ကျမှုမြင့်မားသည့်အတွက် စီမံကိန်းများ မည်သည့်နေရာတွင် မည်သို့ ဆောက်လုပ်မည်ဆိုသည်ကို ပုဂ္ဂလိက ဘဏ္ဍာရေးလုပ်ငန်းများက ဝင်ရောက်လွှမ်းမိုးမှုများ ရှိနိုင်သည်ဟု Shani က ပြောကြားသည်။ လျှပ်စစ်ပို့လွှတ်ပုံနှင့် ပတ်သတ်၍ အမျိုးသားအဆင့် ဦးစားပေးသတ်မှတ်ချက် များက တရုတ်ရင်းနှီးမြှပ်နှံမှုထက် ပိုမိုကြီးမားသည့် အခန်းကဏ္ဍတွင် ရှိသည်ဟု သူမက ဆက်လက် ပြောကြားသည်။

 

ကုန်သွယ်ရေးနဲ့ ပတ်သတ်လို့ ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုး လုပ်ဆောင်ဖို့ အာဆီယံက ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်။။ ဘုံနားလည်မှုလည်း ရပြီးပါပြီ။” ဟု သူမက ပြောသည်။

 

ကိုးကား - AP

ပုံစာ - ဒီဇင်ဘာ ၁၉ ရက် ၂၀၂၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ Kalimantan အရှေ့ပိုင်း Samarinda မြို့ Mahakam မြစ်တွင်း ကျောက်ချထားသည့် ကျောက်မီးသွေးတင် ရေယာဉ်များ။ (Photo: AP Photo/Dita Alangkara, File)

 

Burma Associated Press

ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်
အရှေ့တောင်အာရှ

Share With
bap-logo