bap-logo
Politics

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ အမေရိကန်နိုင်ငံသို့ သွားမည်

X9Q99qVQzV0Y5CbXLyWQL-image

လွန်ခဲ့သော တစ်နှစ် က

 

နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေစဉ်အတွင်း အဆင့်မြင့်အရာရှိများ ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်ရန်အတွက် တရုတ်ထိပ်တန်းသံတမန် ဝမ်ယီသည် အမေရိကန်နိုင်ငံသို့ သုံးရက်ကြာခရီးစဉ် သွားရောက်မည်ဖြစ်သည်။

 

တရုတ်နိုင်ငံခြားရေး ဝမ်ယီသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan တို့နှင့် အစ္စရေး-ဟားမက်စ်ပဋိပက္ခ၊ ယူကရိန်းစစ်ပွဲနှင့် မကြာသေးခင်က ဖြစ်ပွားခဲ့သော တောင်တရုတ်ပင်လယ်တွင်း ရေယာဉ်ချင်း တိုက်မှုဖြစ်ပွားခဲ့မှုတို့အပါအဝင် အရေးကိစ္စအတော် များများ ကိုတွေ့ဆုံဆွေးနွေးရန်အတွက် အမေရိကန်နိုင်ငံသို့ လာရောက်မည်ဟု အကြီးတန်းစီမံအုပ်ချုပ်ရေး အရာရှိများက အမည်မဖော်ပဲ ပြောကြားခဲ့သည်။

 

၎င်း၏ ခရီးစဉ်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးမတိုင်မီ သုံးပတ်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းအစည်းအဝေးတွင် သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံဖွယ်ရှိသည်။ အရာရှိများက ဝမ်ယီ၏ ခရီးစဉ်သည် ၎င်းသမ္မတနှစ်ဦးတွေ့ဆုံရန် ကြိုတင်ပြင်ဆင်မှု ဟုတ်၊ မဟုတ် ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော် ဝမ်ယီ၏ လာရောက်မှုသည် ဂျွန်လတွင်းက ဘေဂျင်းသို့ ဘလင်ကန် လာရောက်ခဲ့သည့် အစီအစဉ်၏ အပြန်အလှန်အားဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ရှီအနေဖြင့် ဆန်ဖရန်စစ္စကိုသို့ နှစ်ပတ်လည် APEC ထိပ်သီးအစည်းအဝေး တက်ရောက်ရန် သွားရောက်မည့် အစီအစဉ် ရှိ မရှိ တရုတ်အစိုးရက အတည်ပြုခြင်း မရှိသေးပါ။

 

ဝမ်၏ အစီအစဉ်သည် "အမေရိကန်နိုင်ငံနှင့် ဆက်ဆံရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှုနှင့် အခြေခံစည်းမျဉ်းများ၊ အခြားသော တရားဝင် အလေးထားစရာများ” နှင့် ပတ်သတ်၍ ရှင်းလင်းစေရန် ဖြစ်သည်ဟု တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က အင်္ဂါနေ့ နေ့စဉ်ရှင်းလင်းပွဲတွင် ပြောကြားသည်။

 

နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ တိုးတက်ဖြစ်ပေါ်စေရေး လမ်းကြောင်းပေါ် သို့ ပြန်လည်ရောက်ရှိရေး ပူးတွဲတွန်းအားပေးရန်

 

တရုတ်က "နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ တိုးတက်ဖြစ်ပေါ်စေရေး လမ်းကြောင်းပေါ် သို့ ပြန်လည်ရောက်ရှိရေး ပူးတွဲတွန်းအားပေးရန်” မျှော်လင့်ကြောင်း Mao က ပြောကြားသည်။

 

ကုန်သွယ်ရေး မညီမျှမှု၊ ရှင်ကျန်းအနောက်မြောက်ဘက်ဒေသမှ လူ့အခွင့်အရေး၊ တောင်တရုတ်ပင်လယ်မှ စစ်ရေးပြင်ဆင်မှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် ဖိအားပေးမှု မြင့်တက်လာခြင်းနှင့် ကပ်ရောဂါဆိုးတို့ အရေးနှင့် ပတ်သတ်ကာ အမေရိကန်-တရုတ် ဆက်ဆံရေးသည် ၂၀၁၈ ခုနှစ်မှ စတင် ယိုယွင်းလာခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ချမ်းသာပြီး ဖွံ့ဖြိုးသည့် နိုင်ငံ ၂၀ တို့၏ အစည်းအဝေးမှ နှစ်ဘက် သီးသန့်အနေဖြင့် ဘိုင်ဒန်နှင့် ရှီတို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် တွေ့ဆုံခဲ့သည်။ နှစ်ဘက်လုံးက ပြောဆိုဆွေးနွေးရေး ဆက်လက် လုပ်ဆောင်ရန်၊ အရေးကိစ္စများအတွက် သီးခြား အလုပ်အဖွဲ့များ တည်ထောင်ရန်၊ လူတစ်ဦးချင်း အပြန်အလှန် ဖလှယ်တွေ့ဆုံရေး တိုးချဲ့ရန် သဘောတူညီခဲ့ကြသည်။

 

ဖေဖော်ဝါရီလက အမေရိကန်နိုင်ငံ နယ်မြေအတွင်း သူလျှိုဘောလုံး ပျံသန်းမှုအတွက် ဝါရှင်တန်က ဘေဂျင်း အပေါ် စွပ်စွဲခဲ့ပြီးနောက် ဆက်ဆံရေးမှာ နွေးထွေးမှု ယဲ့ယဲ့သာ ရှိတော့သည်။

 

ဝမ်ယီ ဝါရှင်တန်သို့ ရောက်ရှိလာလျှင် အမေရိကန်အရာရှိများက တရုတ်ကို အရှေ့အလယ်ပိုင်းအရေး အပြုသဘောဆောင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း အကြီးတန်း စီမံအုပ်ချုပ်ရေးအရာရှိများက ပြောကြား သည်။ ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းထားရန် အရေးကြီးပုံ၊ အခြားသူများ ပဋိပက္ခအတွင်း ဝင်မလာစေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ဘလင်ကန်က ဝမ်ယီနှင့် ယခုလ အစောပိုင်းက ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

 

တောင်တရုတ်ပင်လယ်တွင် သတင်းရက်သတ္တပတ်ကုန်က ဝင်ရောက်တိုက်မိခဲ့သည့် ဖိလစ်ပိုင်နှင့် တရုတ် ရေယာဉ်များအရေးကိုလည်း ဝမ်ယီနှင့် တွေ့ဆုံရာတွင် ဆွေးနွေးမည်ဟု အမေရိကန်အရာရှိများက ပြောကြား သည်။ ဝါရှင်တန်က မနီလာကို ထောက်ပံ့မည်ဟု အတည်ပြုခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ဘေဂျင်းကို "အန္တရာယ်ရှိပြီး ဥပဒေနှင့် မညီသည့်လုပ်ရပ်များ” ဟု ဝေဖန်ခဲ့သည်။

 

သို့ရာတွင် တရုတ်က ၎င်းရေတိမ်ဒေသသည် ၎င်း၏ နယ်မြေဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် "တရုတ်၏ နယ်နိမိတ် အချုပ်အခြာပိုင်ဆိုင်မှုကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း” စွပ်စွဲ၍ ရေတပ်သင်္ဘောတစ်စီးကို ၎င်းနေရာတွင် ရပ်နားထားစေခဲ့သည်။ ၎င်းက တရုတ်၏ အချုပ်အခြာအာဏာနှင့် ရေကြောင်း အကျိုးစီးပွားကို ကာကွယ်ရန် "လိုအပ်သော အရေးယူမှုများ” ပြုလုပ်သွားရန် ကတိပြုခဲ့သည်။

 

ဝမ်ယီ၏ သွားရောက်မှုက ကွဲပြားခြားနားများကို တစ်ခုမျှ ဖြေရှင်းနိုင်မည်မဟုတ်သော်လည်း ၎င်းမှာ အန္တရာယ် ကျရောက်နိုင်ချေများ အနိမ့်ဆုံးသို့လျော့ချနိုင်ရေး ဖွင့်လှစ်ထားသည့် အဆက်အသွယ်ပြုမှုများအတွက် အမေရိကန်တို့၏ သံတမန်ရေးရာ အားထုတ်မှု အစိတ်အပိုင်းဖြစ်သည်ဟု အမေရိကန်အရာရှိများက ပြောကြား သည်။

 

ကိုးကား - AP

ပုံစာ - အောက်တိုဘာလ ၁၈ ရက် ၂၀၂၃ ခုနှစ် ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ။ (Photo: AP Photo/Andy Wong, File)

 

တရုတ် နိုင်ငံခြားရေးဝန်ကြီး
ဝမ်ယီ
အမေရိကန်ပြည်ထောင်စု

Share With
bap-logo