bap-logo
Politics

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ ရာထူးမှ ဖယ်ရှားခံရ

vfd2Uyi10S3ujLt_g5tD7-image

လွန်ခဲ့သော တစ်နှစ် က

အများမြင်ကွင်းမှ နှစ်လအကြာ ပျောက်ကွယ်နေပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို အင်္ဂါနေ့က ထုတ်ပယ်လိုက်သည့်အတွက် တရားဝင်ဖြေရှင်းချက်မထုတ်ပြန်ဘဲ ဖယ်ရှားခံရသည့် ဒုတိယမြောက် အဆင့်မြင့် ဝန်ကြီးတစ်ဦးဖြစ်လာခဲ့သည်။

 

လီသည် ၎င်း၏ နိုင်ငံတော်ရာထူးဖြစ်သော ဗဟိုစစ်ဘက်ဆိုင်ရာကော်မရှင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ခံရ ခြင်းဖြစ်သည်။ ၎င်းကော်မရှင်မှာ တရုတ်ခေါင်းဆောင် ရှီကျင်းပင်ဦးဆောင်သော လက်နက်ကိုင် တပ်ဖွဲ့များ အမြင့်ဆုံး ညွှန်ကြားအမိန့်ပေးသည့် အာဏာမြင့်မားသော အဖွဲ့အစည်းဖြစ်သည်။ ပုံမှန်ဝန်ကြီးများထက် ရာထူးပိုမို မြင့်မားသည့် အစိုးရအတွင်း အဆင့်မြင့်ရာထူးဖြစ်သော တရုတ်၏ နိုင်ငံတော်အကြံပေး ငါးဦးအနက် တစ်ဦးအဖြစ်မှလည်း ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု နိုင်ငံပိုင် ရုပ်သံ CCTV က အင်္ဂါနေ့တွင် တင်ပြသွားခဲ့သည်။

 

ဆုံးဖြတ်ချက်ကို ခေါင်းဆောင်အမိန့်အတိုင်းသာ နာခံရသည့် တရုတ်နိုင်ငံ အမျိုးသားလူထု လွှတ်တော်၏ အမြဲတမ်းကော်မတီက အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု CCTV ဖော်ပြချက်အရ သိရသည်။ ကော်မတီက အစားထိုးခန့်အပ်သူကို ဖော်ပြခြင်းမရှိပေ။

 

မတ်လက ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် လီသည် ဩဂုတ်လနှောင်းပိုင်းမှ စတင်ကာ အများ မြင်ကွင်းတွင် တွေ့မြင်ရခြင်းမရှိတော့ဘဲ ၎င်း၏ ကံကြမ္မာအတွက် အလွန်အကျွံ ထင်ကြေး ပေးမှုများ ဖြစ်ပေါ် နေခဲ့သည်။

 

ဗိုလ်ချုပ်၏ ပျောက်ကွယ်နေမှုမှာ နိုင်ငံခြားရေးဝန်ကြီး Qin Gang ဂျူလိုင်လတွင် ဖြုတ်ချခံရမှု အပါအဝင် နိုင်ငံ ၏ အဆင့်မြင့်အရာရှိများအကြား ဖြေရှင်းချက်မရှိသည့် လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်မှု၏ နောက်ဆက် တွဲဖြစ်ရပ်တစ်ခုဖြစ်သည်။

 

Qin ကိုလည်း အင်္ဂါနေ့တွင် နိုင်ငံတော်အကြံပေးအဖြစ်မှ ဖယ်ရှားလိုက်ကြောင်း CCTV က တင်ပြသွားသည်။

 

အဆင့်မြင့်ဝန်ကြီးနှစ်ဦး အလားတူ နေ့ချင်းညချင်း ပျောက်ကွယ်မှုနှင့် ဖယ်ရှားခံရမှုသည် တရုတ်၏ နိုင်ငံရေး စနစ်ကို ပိုမို ပွင့်လင်းမြင်သာမှု နည်းပါးစေရန်လုပ်ဆောင်နေပြီး အာဏာနှင့် ပါတီစည်းကမ်း တင်းကျပ်ရေး အာရုံစိုက်လုပ်ဆောင်နေသည့် ရှီ၏ အုပ်ချုပ်မှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာစေခဲ့သည်။

 

အနောက်နိုင်ငံများနှင့် တင်းမာမှုများမြင့်တက်နေစဉ်အတွင်းမှာပင် ရှီသည် အမျိုးသားလုံခြုံရေး မြှင့်တင်ရန် စည်းရုံးလှုံ့ဆော်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အာဏာရ ကွန်မြူနစ်ပါတီကို ခြိမ်းခြောက်မှုများနှင့် ထိခိုက်နိုင်သည်များကို ဖယ်ရှားရန် လုပ်ဆောင်နေခဲ့သည်။

 

အနောက်နိုင်ငံများနှင့် တင်းမာမှုများမြင့်တက်နေစဉ်အတွင်းမှာပင် ရှီသည် အမျိုးသားလုံခြုံရေး မြှင့်တင်ရန် စည်းရုံးလှုံ့ဆော်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အာဏာရ ကွန်မြူနစ်ပါတီကို ခြိမ်းခြောက်မှုများနှင့် ထိခိုက်နိုင်သည်များကို ဖယ်ရှားရန် လုပ်ဆောင်နေခဲ့သည်

 

လီကို ဖယ်ရှားလိုက်ခြင်းသည် တရုတ်နှင့် အမေရိကန်အကြား အဆင့်မြင့်စစ်ရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရန် အဓိက အတားအဆီးကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

 

တရုတ်က ရုရှားလက်နက်များ ဝယ်ယူမှုကြောင့် လီကို အမေရိကန်က ၂၀၁၈ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ပြီး ပိတ်ဆို့အရေးယူမှုများ မဖယ်ရှားလျှင် အမေရိကန် ကာကွယ်ရေးဝန်ကြီးနှင့် လီတို့ တွေ့ဆုံဆွေးနွေးမှု လုပ်နိုင်မည်မဟုတ်ဟု တရုတ်အစိုးရက အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

 

တရုတ်နိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဆိုသည်မှာ အခြားနိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ သံတမန်ရေးတွင် မျက်နှာပြတာဝန်ယူရသည့် ပွဲတက်သူအဖြစ် အဓိက နေရာယူရသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အခြားနိုင်ငံတကာမှ တူညီသည့် ရာထူးအဆင့်အတန်းတူသူများနှင့် တူညီမှုမရှိသည်မှာ တရုတ်ကာကွယ်ရေး ဝန်ကြီးသည် ဗဟိုစစ်ဘက်ဆိုင်ရာကော်မရှင်တွင် အမိန့်ပေးနိုင်သည့် အာဏာမရှိပေ။

 

Li နှင့် Qin သည် ကွန်မြူနစ်ပါတီအတွင်း ၎င်းတို့၏ ရာထူးများ ဆက်လက်တည်မြဲနေသော်လည်း လေ့လာ ဆန်းစစ်သူများက ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် ပါတီအစည်းအဝေးတွင် ဖယ်ရှားခံရဖွယ် ရှိသည်ဟု ဆိုသည်။

 

ရှင်းလင်းဖော်ပြမှုမရှိသည့် ပျောက်ကွယ်မှု

 

လီ အများမြင်ကွင်းမှ မပျောက်ကွယ်မီ ရက်သတ္တများအတွင်း စစ်တပ် ထိပ်တန်းအရာရှိများကို ဘေဂျင်းတွင် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပြီး နိုင်ငံရေးသစ္စာရှိမှု၊ စည်းကမ်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များအပေါ်ပါတီ၏ "အကြွင်းမဲ့ ခေါင်းဆောင်မှု"တို့ကို အလေးပေးပြောကြားခဲ့သည်။

 

၎င်းအစည်းအဝေးအပြီး ရက်အတန်ငယ်အတွင်း ရှီက နိုင်ငံ၏ နူကလီးယားအမြောက်နှင့် ပဲ့ထိန်းဒုံးများ စီမံကွပ်ကဲရသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးကျည်တပ်ဖွဲ့မှ ထိပ်တန်း ဗိုလ်ချုပ်နှစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းကြောင့် စစ်တပ်အတွင်း ကျယ်ပြန့်သော ထုတ်ပယ်ရှင်းလင်းရေးအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

 

တရုတ်အစိုးရက လီမည်သည့်နေရာတွင် ရှိသည်၊ ၎င်းပျောက်ကွယ်ရမှုအကြောင်းရင်းစသည်တို့ကို မှတ်ချက် ပေးရန် အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

 

လီကို အာဏာပိုင်များက မေးမြန်းရန် စက်တင်ဘာလက ခေါ်ဆောင်သွားကြောင်း ဘေဂျင်းမှ ဆုံးဖြတ်ချက် ချနိုင်သူနှင့် နီးစပ်သူတစ်ဦးကို ကိုးကားကာ The Wall Street Journal က တင်ပြခဲ့သည်။

 

တရုတ်ကာကွယ်ရေးဝန်ကြီးကို စုံစမ်းစစ်ဆေးနေသည်ဟု အမေရိကန်အစိုးရက ယုံကြည်ရကြောင်း အမေရိကန် အရာရှိများကို ကိုးကား၍ The Financial Times ကလည်း တင်ပြခဲ့သည်။ ၎င်းတင်ပြချက် နှစ်ခုလုံးက စုံစမ်းစစ်ဆေးရခြင်းအကြောင်းရင်းကို မဖော်ပြခဲ့ပါ။

 

လီကို စုံစမ်းစစ်ဆေးနေပါသလားဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူကို ပြီးခဲ့သည့်လက မေးမြန်းသော အခါ ၎င်းက "၎င်းအခြေအနေကို မသိရှိရ” ဟု ဖြေကြားခဲ့သည်။

 

လီကို စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်လိမ့်မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပါ

 

လီကို စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်လိမ့်မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပါ။

 

အသက် ၆၅ နှစ် အရွယ်ရှိ လီသည် တရုတ်နိုင်ငံ၏ အဓိက ဂြိုဟ်တုလွှတ်တင်ရေး စခန်းများအနက် တစ်ခုဖြစ်သည့် စီချွမ်ပြည်နယ် အနောက်တောင်ဘက်ရှိ စခန်းတစ်ခုတွင် အတွေ့အကြုံ ရယူခဲ့ကာ ၎င်းစခန်း၏ ညွှန်ကြားရေးမှူးရာထူးသို့ ရောက်ရှိလာခဲ့သည်။

 

၎င်းလွှတ်တင်ရေးစခန်းတွင် ဆယ်စုနှစ် သုံးခုခန့်ကြာမြင့်ပြီးနောက် ရှီအာဏာမြင့်တက်ရရှိလာပြီး ၂၀၁၃ ခုနှစ် တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရုံးချုပ်၏ စစ်လက်နက်နှင့် ပစ္စည်းဌာနတွင် လုပ်ကိုင်ရန် ရာထူး တိုးဖြင့် ရောက်ရှိလာခဲသည်။

 

လီသည် ရှီ၏ ငယ်ဘဝသူငယ်ချင်းဖြစ်သူ စစ်တပ်တွင်လည်း အနီးကပ်ဆုံးမဟာမိတ်ဖြစ်သည့် ဗိုလ်ချုပ် Zhang Youxia လက်သပ်မွေးတပည့်ဖြစ်သည်ဟု ယုံကြည်ရသည်။ ၎င်း၏ ထင်ပေါ်ကျော်ကြားမှုလက္ခဏာအဖြစ် ပြီးခဲ့သည့် အောက်တိုဘာလ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွင် အငြိမ်းစားယူရမည့် အသက်ကို ကျော်လွန် နေသော်လည်း Zhang သည် ဗဟိုစစ်ဘက်ဆိုင်ရာကော်မရှင်၏ ပထမ ဒုဥက္ကဌအဖြစ် ရာထူးတိုးမြင့်လာခဲ့သည်။

 

ဂျူလိုင်လအတွင်း ဒုံးကျည်တပ်ဖွဲ့မှ ထိပ်တန်းဗိုလ်ချုပ်နှစ်ဦးကို ရုတ်တရက် ဖယ်ရှားခြင်းမပြုမီ ရက်ပိုင်း အလို တွင် ပစ္စည်းကိရိယာဖွံ့ဖြိုးထုတ်လုပ်ရေးဌာနက လီ ၎င်းဌာနကို တာဝန်ယူခဲ့သည့် အချိန်နှင့် တိုက်ဆိုင်စွာ ၂၀၁၇ ခုနှစ်အထိ နောက်ကြောင်းပြန် အကျင့်ပျက်ခြစားဝယ်ယူမှုများကို ဖြိုခွင်းမှုအသစ် ပြုလုပ်မည်ဟု ကြေငြာ ခဲ့သည်။

 

ဘေဂျင်းတွင် ကျင်းပသော တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်တွင် အဓိက မိန့်ခွန်း ပြောကြား ခဲ့သူအဖြစ် လီကို အများမြင်ကွင်းတွင် ဩဂုတ်လ ၂၉ ရက်နေ့က နောက်ဆုံးတွေ့မြင်ခဲ့ရသည်။ ၎င်းသည် ဩဂုတ်လအလယ်ပိုင်းတွင် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ တရုတ်နိုင်ငံပြင်ပ နောက်ဆုံး ခရီးသွားခြင်းအဖြစ် သွားရောက်ခဲ့သည်။

 

ကိုးကား - CNN

ပုံစာ - ဂျွန်လ ၄ ရက် ၂၀၂၃ ခုနှစ်တွင် ပရိသတ်များကို အလေးပြုနေသည့် တရုတ် အမျိုးသား ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖူ။ (Photo: Roslan Rahman | Afp | Getty Images)

 

တရုတ်
ကာကွယ်ရေးဝန်ကြီး
လီရှန်ဖူ
ဖယ်ရှားခံရ

Share With
bap-logo