Politics
ဆီဆိုင်မှာ အတင်းအကြပ် စစ်မှုထမ်းစေတာနဲ့ စစ်မှုထမ်းစားရိတ် တောင်းယူမှုတွေကြောင့် နေရပ်ပြန်မယ့်သူတွေ အခက်ကြုံ
လွန်ခဲ့သော ၅ လ က
ဇွန် ၇။
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နေရပ်ပြန်သူတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတင်းအကြပ်ခေါ်ယူတာ၊ စစ်မှုထမ်းစားရိတ် အဓမ္မတောင်းယူနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နေရပ်ပြန်နေဖို့ အခက်ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေက စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ နေအိမ်ပြန်မလာရင် အိမ်တွေကို မီးရှို့မယ်၊ နေအိမ်ပြန်လာရင် တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမယ်၊ စစ်လှုပ်ရှားစရိတ် တစ်လ ၂ သိန်းထည့်ရမယ်ဆိုပြီး ခြိမ်းခြောက်တောင်းယူနေကြတယ်" လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်က စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက စစ်ဘေးရှောင်နေတဲ့ နောင်ကျောကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ အစည်းအဝေးပြုလုပ်ပြီး ဒေသခံကျေးရွာတွေကို ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။
"ရွာဘက်တွေပြီးရင် မြို့ပေါ်ဘက်ကို လူစုတာတွေ၊ အတင်းအကြပ် ငွေထည့်ရမှာစိုးရိမ်လို့ လူငယ်တွေ နေအိမ်ပြန်မလာကြဘူး။ ယိုးဒယားသွားတာ အခြားနေရာမှာ အလုပ်လုပ်ပြီး အခြေနေစောင့်ကြည့်တာတွေ လုပ်နေရတယ်" လို့ ဆီဆိုင်မြို့ခံတစ်ဦးကပြောပါတယ်။
ဆီဆိုင်မှာ ၄ လကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ပျက်စီးမှုများပြားခဲ့ပြီး လက်ရှိမှာ တိုက်ပွဲ ငြိမ်သက်နေတာကြောင့် နေအိမ်ပြန်ပြီး နေထိုင်တာ၊ ပစ္စည်းသိမ်းဆည်းတာ၊ အိမ်ပြန်လည်ပြုပြင်ဖို့ သွားရောက်တာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် လက်ရှိဆီဆိုင်မြို့ရဲ့ ၈၀ ရာနူန်းကျော် မီးလောင်ခံရတာ၊ လက်နက်ကြီးထိပြီး ပျက်စီးခဲ့တာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနနဲ့ လျှပ်စစ်ဌာနရုံးတွေပဲ ပြန်လည်ဖွင့်လှစ်ထားပြီး ဌာနဆိုင်ရာအများစုက ပြန်လည်ဖွင့်လှစ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။
"အိမ်ပြန်ပြင်ဖို့ ပြန်လာကြမှာက အမျိုးသားတွေလေ၊ စစ်မှုထမ်းဖို့ ဖမ်းမှာစိုးလို့ မပြန်ရဲတာနဲ့ ဒုက္ခရောက်နေရတယ်၊ ဆုံးရှုံးတာတွေ များနေရတဲ့ကြားထဲ စစ်စားရိတ်ပါထပ်ကောက်ရင် သေဖို့ပဲရှိတော့တယ်၊ သူတို့က တကယ်ဖမ်းမှာလို့ ပြည်သူ့စစ်က ပြောနေတယ်" လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီ ၂၂ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက တဖက်၊ ပအိုဝ်းလွတ်မြောက်ရေး တပ်မတော်(PNLA)နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက တဖက် တိုက်ပွဲတွေကြောင့် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်ဟာ စစ်မှုထမ်းကိစ္စအတွက် ဆီဆိုင်မြို့နယ်က ရွာအချို့မှာ အစည်းအဝေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့နယ်က ကျေးရွာ ဒေသခံအများစုဟာ တောတောင်ထဲ စစ်ဘေးတိမ်းရှောင်နေရတာကြောင့် မတက်ရောက်နိုင်ကြဘဲ ရွာမှာ ရွာစောင့်အဖြစ် ကျန်ရှိနေတဲ့ ပြည်သူတွေကို စစ်မှုထမ်းဖို့၊ စစ်စားရိတ်ပေးဖို့ ခြိမ်းခြောက်နေတာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ပုံစာ- မီးလောင်ခဲ့တဲ့ ဆီဆိုင်မြို့ဈေး (ဓါတ်ပုံ- လူမှုကွန်ရက်)
Related Articles
- တောင်ကြီးက ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းစာရင်း အကျုံးဝင်သူတစ်ဦးကို နှစ်သောင်းကျပ် ပေးရ
- လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ၅ ဦးကို IEC က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
- ကော့ကရိတ်မြို့နယ်၊ ဖူ့ချိမူစစ်ကောင်စီစခန်းမှ သုံ့ပန်း ၄၀ ကျော်ရပြီး ထွက်ပြေးသူ ၂၀ ကျော်ရှိ
- KIO အုပ်ချုပ်နယ်မြေမှာ ယခုပညာသင်နှစ်တွင် စာသင်ကျောင်းပေါင်း ၄၀၀ ကျော်အထိရှိလာ