Politics
ပြည်သူ့လုံခြုံရေးဖွဲ့ဖို့ စစ်ကောင်စီပြောလာပြီးနောက် ရန်ကုန်မှာ လူဦးရေစာရင်း ထပ်ကောက်
လွန်ခဲ့သော ၅ လ က
သြဂုတ် ၃၀။
စစ်ကောင်စီက ပြည်သူ့လုံခြုံရေးဖွဲ့မယ်လို့ ပြောလာပြီးနောက် ရန်ကုန်မြို့၊ မြို့နယ်အချို့မှာ နေထိုင်သူတွေကို လမ်းအလိုက် အထပ်မြင့်တွေထိ ဆယ်အိမ်မှူးတွေက လူဦးရေစာရင်း လာကောက်နေကြတယ်လို့ သိရပါတယ်။
ဘာကြောင့်ကောက်တယ်ဆိုတာကို အသိမပေးတာကြောင့် ရပ်ကွက်နေသူအချို့ စိုးရိမ်နေကြတယ်လို့ သာကေတမြို့နယ်နေသူတဦးက ပြောပါတယ်။
"စာရင်းလာကောက်တယ်၊ ဘာအတွက်မပြောဘူး၊ အိမ်မှာက ကျောင်းသားနှစ်ဦးနဲ့ လူကြီးနှစ်ဦးပဲ ရှိတာ၊ အမျိုးသားက ၃၇ နှစ်ရှိနေပြီ၊ သူ့လုပ်စာပဲရှိနေတော့ တခုခုဆိုဘာလုပ်ရမလဲ မသိတော့ဘူး၊ စစ်မူထမ်း အတွက်လား၊ လုံခြုံရေးအတွက်လား၊ ဘာအတွက်လဲမသိဘူး"လို့ သာကေတမြို့နေသူ အသက် ၃၀ ကျော်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။
ရန်ကုန်တိုင်း အတွင်းကမြို့နယ်တွေမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
"စစ်မှုထမ်းဖို့ မြို့အလိုက်ရပ်ကွက်ထဲကလူငယ်တွေ တနှစ်စာရွေးချယ်ပြီးသွားပြီ၊ ခုထပ်ပြီး စာရင်း ကောက်နေတော့ လူငယ်အချို့လည်း ဘယ်ပြေးလို့ပြေးရမယ် မသိကြတော့ဘူး၊ ဘာအတွက် ကောက်တယ် ဆိုတာ ဆယ်အိမ်မှူးတွေက မပြာကြဘူး၊ သူတို့လည်း မသိဘူးလို့ပဲပြောတယ်" မြောက်ဥက္ကလာပမြို့နယ် နေသူတဦးက ပြောပါတယ်။
စစ်ကောင်စီက မြန်မာနိုင်ငံတဝန်းလုံးက ရပ်ကွက်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းဖို့ အသက် ၃၅ နှစ်ကနေ ၆၅ နစ်အထိ အမျိုးသားတွေကို ခေါ်ယူနေတာပါ။
စစ်ကောင်စီဖွဲ့မယ့် အဖွဲ့တွေမှာပါဝင်မယ့် သက်ကြီးပိုင်း အမျိုးသားတွေ စစ်သင်တန်း ၁ လ တက်ရမယ် ဆိုတာကြောင့် အသက် ၃၅ နှစ်အထက် အမျိုးသားတွေလည်း စိုးရိမ်နေကြတယ်လို့ ရန်ကုန်မြို့နေသူအချို့က ပြောပါတယ်။
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော ၄ ရက် က